CNI International News

၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၅

Facebook Inc ၏ လူမှုကွန်ရက်ဝက်ဘ်ဆိုက်၊ လူကြိုက်များသောဓါတ်ပုံမျှဝေသည့်ပလက်ဖောင်း Instagram နှင့် သတင်း စာသားပို့သည့် WhatsApp တို့ကို နိုင်ငံအသီးသီးမှ သန်းပေါင်းထောင်နှင့်ချီ၍ ဝင်ရောက်သုံး စွဲနေကြသူများသည် အောက်တိုဘာ ၄ ရက်၊ မြန်မာစံတော်ချိန် ည ၁၀ နာရီကျော်ကစတင်၍ လုံးဝသုံးစွဲမရတော့ဘဲ တကမ္ဘာလုံး အတိုင်းအတာ ဖြင့် ပြတ်တောက်သွားခဲ့ကြောင်း ပြတ်တောက်မှုခြေရာခံဝက်ဘ်ဆိုက် Downdetector.com ကို ကိုးကားလျက် ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။

ဝန်ဆောင်မှုများ ထိခိုက်စေသည့် အခြေအနေအပေါ် ရိုက်တာက ချက်ချင်းအတည်မပြုနိုင်သေးပါ။

သို့သော် Facebook ၏ error message တွင် Domain Name System(DNS) ယိုယွင်းနေကြောင်း ဖော်ပြခြင်းသာ တွေ့ရသည်။ DNS စနစ်၏ သဘောသဘာဝမှာ မိမိတို့ဦးတည်ကြည့်ရှုလိုရာ ဝက်ဘ်ဆိုက် အသီးသီး၏ ဆာဗာများဆီသို့ ဝင်ရောက် ကြည့်ရှုရန် ခွင့်ပြုပေးရခြင်း ဖြစ်သည်။

အလားတူ Cloud အင်တာနက်ဝန်ဆောင်မှုကို ပိုင်ဆိုင်သည့် Akamai Technologies Inc(AKAM.O) ကုမ္ပဏီသည်လည်း ပြီးခဲ့သည့် ဇူလိုင်လ ဝန်ဆောင်မှု ပြတ်တောက်သွားသဖြင့် ဝက်ဘ်ဆိုက်များစွာ ဝင်ရောက်ကြည့်ရှုခြင်း၊ အချက်အလက် လွှင့်တင်ခြင်းများ ပြုလုပ်၍ မရတော့သည့်ဖြစ်စဉ် ရှိခဲ့ဖူးသည်။

Facebook ၏ တရားဝင် တွစ်တာစာမျက်နှာတွင်“အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ အဆင်မပြေမှုတွေ ကြုံကြရလို့ တောင်းပန်ပါတယ်” ဟု အောက်တိုဘာ ၄ ရက်က ရေးသားဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် Instagram နှင့် Whatapps များ၏ တရားဝင် တွစ်တာစာမျက်နှာများတွင်လည်း အလားတူ ဝန်ဆောင်မှု ပြတ်တောက်ခဲ့ခြင်းအပေါ် တောင်းပန်ထားကြောင်း တွေ့ရသည်။

ဖရန့်စက်ဆ်ဟောင်ဂန်ဆိုသည့် Facebook ဝန်ထမ်းဟောင်းတစ်ဦးသည် Facebook ၏ ‘အမြတ်အစွန်း အဓိက ဆောင်ရွက် ချက်များ’ ကို မိနစ် ၆၀ စာဖွင့်ချခဲ့သည်။

ဖရန့်စက်ဆ်ဟောင်ဂန်က “ အမေရိကန်ပြည်ထောင်စု တရားဥပဒေစိုးမိုးရေးဌာနကိုလည်း သတင်းပို့ခဲ့ကြောင်း၊ ၎င်း၏ သုတေသန စစ်တမ်းထဲမှာ Facebook အနေဖြင့် မည်သို့မည်ပုံ အမုန်းတရားကို နှိုးဆွပြီး ကမ္ဘာ့နိုင်ငံအသီးသီး မတည်မငြိမ် ဖြစ်စေကြောင်း၊ Facebook ၏လက်ခွဲဖြစ်သည့် Instagram ကလည်း ဆယ်ကျော်သက်များအပေါ် အန္တရာယ်များစေသည်ဟု ဖွင့်ချခဲ့ကြောင်း”ဆိုခဲ့သည်။

၎င်းဖွင့်ချမှုနှင့် မရှေးမနှောင်းမှာပင် Facebook လုပ်ငန်း၏ အစုရှယ်ယာများ တမုဟုတ်ချင်း ထိုးကျသွားခဲ့ချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ အဆိုပါ ဝန်ထမ်းဟောင်းဖွင့်ချမှုဖြစ်စဉ်နှင့် အောက်တိုဘာ ၄ ရက် Facebook ရပ်တန့်သွားမှုတို့မှာ အထူးတိုက်ဆိုင်နေကြောင်း ကမ္ဘာ့မီဒီယာများက ရေးသားဖော်ပြကြသည်။

အောက်တိုဘာ ၄ ရက်၊ မွန်းလွဲပိုင်းက Facebook ၏ ရှယ်ယာသည် ၅ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး ယခုနှစ် တစ်နှစ်နီးပါး အချိန်ကာလအတွင်း အဆိုးဆုံးရက်အဖြစ်သို့ ဆိုက်ရောက်သွားခဲ့ကြောင်း ရိုက်တာက သတင်းဆက်လက် ရေးသားထားသည်။

ယခု Facebook ပြဿနာကို Downdetector က ခြေရာခံ စုံစမ်းကြည့်ရာ Facebook နှင့် Instagram သုံးမရ၍ ပြဿနာ ပေါင်းများစွာနှင့် ရင်ဆိုင်နေရသူ ၅ သိန်းကျော် ရှိနေကြောင်းဆိုသည်။ လတ်တလော ဆာဗာပြတ်တောက်မှုကြောင့် ၎င်း လူမှုကွန်ရက် သုံးစွဲသူ သန်းနှင့်ချီ၍ ထိခိုက်မှု ရှိစေနိုင်သည်ဟု ဆိုထားသည်။

တနွယ်ငင် တစင်ပါဆိုသလို Facebook ၏ လက်ခွဲအဖြစ် ဝန်ဆောင်မှုပေးနေသော instant messaging platform ဖြစ် သည့် WhatsApp သုံးစွဲသူ ၃၅,၀၀၀ လည်း ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရပြီး Messenger သုံးစွဲသူ ၉,၈၀၀ မှာ လုံးဝ log in ဝင်မရတော့ပေ။

Facebook ပိုင်ရှင် ဇူကားဘတ်က "Facebook, Instagram, WhatsApp နှင့် Messenger တို့ အခုဆိုရင် အွန်လိုင်းပေါ် သို့ ပြန်လည်ရောက်ရှိလာပါပြီ။ ဒီနေ့ အနှောင့် အယှက်အတွက်တောင်းပန်ပါတယ်။ မိတ်ဆွေတို့ အာရုံစိုက်တဲ့လူတွေနဲ့ အဆက်အသွယ် မပြတ်ဖို့နဲ့ ကျနော်တို့ရဲ့ ၀ န်ဆောင်မှုတွေကို မိတ်ဆွေတို့ ဘယ်လောက်အားကိုးတယ်ဆိုတာ သိရှိ နားလည်ပါတယ်"ဟု သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပို့စ်တင်၍ မေတ္တာရပ်ခံထားသည်။

Source: Reuters & other News Agencies