CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ် မြောက်ဦးဒေသအား ယူနက်စကိုဝင်နိုင်ရေးအတွက် ရေအသုံးချမှုစနစ်ကို အီတလီနိုင်ငံသား ပညာရှင်က ကွင်းဆင်းလေ့လာမှုပြုလုပ်ခဲ့ရာတွင် အမှိုက်ကိစ္စဖြေရှင်းရန် အကြံပြုခဲ့ကြောင်း သိရသည်။

ထို အီတလီနိုင်ငံသား ပညာရှင်မှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်နေမှုများကြောင့် ယူနက်စကိုဝင်နိုင်ရေးအတွက် အခက်အခဲရှိပြီး သဘာဝဘေးအန္တရာယ်အတွက်ပါ သက်ရောက်မှုရှိသည်ကို အကြံပြုခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက CNI သတင်းဌာနသို့ ပြောသည်။

မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “အမှိုက်ကတော့ ပစ်ထားတာတော့ အနှံ့ပေ့ါနော်။ မြောက်ဦးတစ်မြို့လုံးအနှံ့ပါပဲ။ စနစ်တကျ ပစ်ထားခြင်း၊ လုပ်ထားခြင်းတော့ မရှိဘူး။ အထူးသဖြင့်တော့ ချောင်းတွေမှာ အမှိုက်တွေနဲ့ပိတ်နေတဲ့ကိစ္စကတော့ ရေစီးရေလာကို အများကြီး အနှောင့်အယှက်ဖြစ်စေတယ်။ နောက်ထပ်တစ်ခုကကျတော့ ပညာရှင်က ဘာပြောလဲဆိုတော့ ဒီအမှိုက်တွေ ပိတ်ဆို့ပြီးတော့မှ ချောင်းမှာဖြစ်နေတာအပြင်ကို အဲ့ဒီအမှိုက်တွေကနေပြီးတော့မှ ထွက်တဲ့ အဆိပ်တွေကလည်းပဲ ချောင်းမှာပျံ့နှံ့နေတော့ လူတွေရဲ့ကျန်းမာရေးလည်း စိတ်ပူဖို့ကောင်းတယ်။ နောက်ထပ်တစ်ခုကကျတော့ ရေစီးရေလာကိုလည်းပဲ များစွာအနှောင့်အယှက်ဖြစ်စေတဲ့အတွက်ကြောင့်မို့လို့ ဒီအမှိုက်က မြောက်ဦးမြို့ရေကြီးဖို့ အနေအထားထိကလည်းဖြစ်စေတယ်ပေါ့။ ချောင်းတွေမြောင်းတွေပိတ်နေတဲ့အတွက်ကြောင့်မို့လို့” ဟု ပြောသည်။

မြောက်ဦးဒေသအား ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်(UNESCO) စာရင်း ဝင်ရောက်နိုင်ရေး အဆိုပြု လွှာမူချော တင်သွင်းထားမှုကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ရုံးချုပ်မှ လက်ခံလိုက်ပြီဖြစ်ကာ ယူနက်စကိုပညာရှင်များ က ၈ လအတွင်း လာရောက်ကွင်းဆင်း စစ်ဆေးကြမည်ဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ယူနက်စကို ဝင်/မဝင် ဆုံးဖြတ်ကြမည်ဖြစ်သည်။

မြောက်ဦးဒေသ ယူနက်စကိုဝင်နိုင်ရေး ဆွေးနွေးပွဲကို တွေ့ရစဉ်

ထို့ကြောင့် ယူနက်စကိုပညာရှင်များ လာရောက်မစစ်ဆေးမီ အမှိုက်ကိစ္စနှင့်ပတ်သက်၍ ဒေသခံအရပ်ဖက် အဖွဲ့ အစည်းများနှင့် ပြည်နယ်အစိုးရတို့မှ ကူညီပေးမည်ဖြစ်ကြောင်း၊ ဒေသခံများအား အသိပညာပေးမှုများလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြား ရေးမှူး ဦးကြည်ခင်က CNI သို့ ပြောသည်။

အီတလီနိုင်ငံသားပညာရှင် Professor Massimo Sarti နှင့်အတူ မြောက်ဦးမြို့ ရေရရှိရေး၊ လမ်းခင်းမည့်ကိစ္စ၊ ဘုန်းကြီးကျောင်းနေရာများ စသည့် အစီရင်ခံစာများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဦးကြည်ခင်က “လူတွေက ကျပ်တည်းလာတော့ ချောင်း၊ မြောင်းငယ်လေးတွေကို မြေဖို့တယ်၊ ပိတ်ပြီးတော့ ဆောက်ပစ်တယ်။ အဲ့နေရာတွေကိုလည်း တရားဝင်ကန့်ကွက်ပြီးတော့ တားဆီးခဲ့ပြီးပါပြီ။ မုန်တိုင်းမိုးတွေဘာတွေလာတဲ့အခါကျရင် အဲ့လို ချောင်းတွေ မြောင်းတွေ ပိတ်နေလို့ရှိရင် ရေစီးမကောင်းရင် မြောက်ဦးမြို့ကြီးဟာ ထပ်ပြီးတော့ ရေကြီးဦးမှာပဲ။ မုန်တိုင်းမိုးတို့ဘာတို့ လာခဲ့ရင်။ အဲဒါကြောင့် အဲ့ဒီဟာ တွေကိုလည်း အဆင်ပြေစွာ ဆောင်ရွက်ခဲ့တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပျူ၊ ဟန်လင်း၊ ဗိဿနိုး မြို့ဟောင်း သုံးခုနှင့် ၂၀၁၉ ခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့ကို အတည်ပြုသတ်မှတ်ခံခဲ့ရသည်။