၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၅

ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် တရားဝင် သတ်မှတ်ခြင်းခံရသည့် ပုဂံဒေသရှိ စေတီပုထိုးများထဲတွင် ဉာဏ်တော် အမြင့်ဆုံး ဖြစ်သည့် သဗ္ဗညုဘုရားအား တရုတ်အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းအား ၉ နှစ်အတွင်း အပြီးလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ဇန်နဝါရီ ၈ ရက်တွင် တရားဝင် စတင်မည်ဖြစ်ကြောင်း၊ သဗ္ဗညုဘုရားသည် ငလျင်ဒဏ်ကြောင့် ထိခိုက်မှု ရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်ခြင်း ဖြစ် ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုသားပြ တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက CNI သို့ ပြောသည်။

ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက “စီမံကိန်းကတော့ သူတို့ MOU ထိုးထားတဲ့ဟာမှာတော့  ၉ နှစ်ပေါ့။ ၉ နှစ်အတွင်းမှာ ဒီတစ်ဆူလုံးကို ပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အတွင်းပိုင်းကတော့ သူက ၂၀၁၆ ငလျင်လှုပ်တုန်းက အပြင်ပန်းကြည့်ရင်တော့ သိပ်ပြီး မသိသာဘူး။ မသိသာပေမယ့် တကယ်တမ်းကျတော့ သေချာကြည့်လိုက်တဲ့ အချိန် ကျတော့ အတွင်းထဲမှာတင်ကို လှိုက်ပြီးတော့ ကြေမွသွားတာပေါ့။ အုတ်တွေ၊ ကျောက်သားတွေက ကြေမွသွားတာပေါ့။ ကြေမွသွားပြီး တော့ အပေါ်ပိုင်း ပတ်ပတ်လည်မှာ အက် ကြောင်းကြီးတွေ ဖြစ်သွားတာပေါ့။ ဖြစ်ပြီးတော့ အထဲကို နှိုက်ကြည့်တဲ့ အခါကျ တော့ အထဲအတွင်းထဲထိကို ကြေသွားတဲ့ သဘောမျိုး သွားတွေ့ရတာပေါ့” ဟု ပြောသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်က ပုဂံဒေသ အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအတွင်း အင်အား ၆.၈ ရှိသည့် မြေငလျင် လှုပ်ခတ်ခဲ့သည့်အတွက် ပုဂံဒေသရှိ သဗ္ဗညုဘုရား အပါအဝင် ဘုရားစေတီပေါင်း ရာကျော် ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

ပုံ- သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး တရုတ်နဲ့ သဘောတူစာလွှာရေးထိုးနေစဉ်။

ထို့ကြောင့် သဗ္ဗညုဘုရားအား ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရန်  ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ သဘောတူ စာလွှာလက်မှတ်ရေးထိုးခဲ့သည်။ထို့နောက် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် စန်ရှီးပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သဗ္ဗညုဘုရားကို အရေးပေါ်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့က တရုတ်နိုင်ငံ စန်ရှီးပြည်နယ်မှ စေလွှတ်သည့် ပုဂ္ဂိုလ် ၄ ဦး ပါဝင်သော လုပ်ငန်းအဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ပုဂံသို့ သွားရောက်ကာ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကနဦးပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သဗ္ဗညုဘုရားသည် မြန်မာသက္ကရာဇ် ၄၈၆ ခုနှစ်က အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ဉာဏ်တော် အမြင့်ပေ၂၀၀ ကျော်ရှိသည်။

၂၀၁၉ ခုနှစ်က အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေး၌ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ် ဘုရားစေတီများ တည်ရှိသည့် ပုဂံဒေသအား

ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် တရားဝင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။