၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်ရှိ နိုင်ငံတကာမှ ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် နံ့သာကျွန်းသို့ လက်ရှိအချိန်ထိ ဆောင်းခိုငှက် ၁၀၀၀၀(တစ်သောင်း)ကျော် ဝင်ရောက်မှုရှိ၍ ယခင်နှစ်ထက် ဝင်ရောက်မှု များပြားကြောင်း ရခိုင်ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

ပြီးခဲ့သည့်နှစ်က ဆောင်းခိုငှက် ဝင်ရောက်မှုသည် သောင်းနှင့်ချီ မရှိခဲ့ကြောင်း၊ ဇန်နဝါရီလတွင် ဆောင်းခိုငှက် ဝင်ရောက်မှု များပြားသည့်အတွက် ယခုနှစ်၌ ထပ်မံ၍ အများအပြား ဝင်ရောက်လာနိုင်သေးကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ပတ် ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရန်နောင်စိုးက CNI သို့ ပြောသည်။

ဦးရန်နောင်စိုးက “ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်နဲ့စာရင်တော့ ငှက်မျိုးစိတ်အားလုံး စုစုပေါင်းဆိုရင် ဒီနှစ်ကတော့ ပိုများမယ်ထင်ပါတယ်။ ဒီဇန်နဝါရီ လလောက်ဆိုရင်က ကမ္ဘာမှာ တကယ့် ဆောင်းခိုငှက်တွေ ကျက်စားတဲ့နေရာမှာ အများဆုံးလပေါ့။ အရေးကြီးဆုံး လတစ်လလည်း ဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ပြောရရင်တော့ ဒီနေရာက ဆောင်းခိုငှက်တွေအတွက် တကယ့်ကို ကောင်းတဲ့နေရာတစ်ခုပေါ့။ သူတို့ရဲ့ ဒီမှာ ဆောင်းခိုလာတဲ့အချိန်မှာ သူတို့မှာလိုအပ်တဲ့ အစာအာဟာရပေါ့။ အဲ့ဒါ တွေက နံ့သာကျွန်းဆိုတဲ့ ကျနော်တို့ ထိန်းသိမ်းရေးနယ်မြေမှာ အများကြီး ပေါနေသေးတယ်၊ ရှိနေသေးတဲ့အတွက် ဒီလို ငှက် တွေ အများကြီး ဆောင်းခိုတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်ရှိ နံ့သာကျွန်းသို့ ဝင်ရောက်သည့် ဆောင်းခိုငှက်များသည် တစ်ကမ္ဘာလုံး၌ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသော ကမ္ဘာ့အရှားပါး ဆုံး ရေညှောင့်နှုတ်ဝိုင်းငှက် (Spoon-billed sandpiper )၊ နှုတ်တိုရှည်ငှက်၊ နော်မန်ခြေစိမ်းငှက် အစရှိသည့် ရွှေ့ပြောင်း ငှက်မျိုးစိတ်များနှင့် ဌာနေငှက်များ ပါဝင်သည်။

ပုံ-ရခိုင်ပြည်နယ် နံ့သာကျွန်းကိုတွေ့ရစဉ်။

သို့သော် လက်ရှိတွင် ရှားပါးမျိုးစိတ်ဝင်ရောက်မှုသည်  အနည်းငယ်သာရှိကြောင်း သိရသည်။

ကမ္ဘာအနှံ့အပြားမှ ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန် ဖွဲ့စည်းထားသည့် Ramsar အဖွဲ့က နံ့သာကျွန်းအား ရေဝပ် ဒေသ အချက် ၆ ချက်ဖြင့် ပြည့်စုံသည့်အတွက် ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်တွင် သတ်မှတ်ခံထားရကြောင်း သိရသည်။

ဆက်စပ်သတင်းဖတ်ရှုရန် -- -  - - - - - - နိုဝင်ဘာလအတွင်း ပူတာအိုဒေသသို့ ဆောင်းခိုငှက် မျိုးစိတ်ပေါင်း ၁၀၀ ကျော်ဝင်ရောက်ခဲ့

ထိုကျွန်းအား ပြည်နယ်အစိုးရ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုတို့  ယခုထက်ပို ပြီး ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရန်နောင်စိုးက ဆိုသည်။

ပုံ- ရခိုင်ပြည် နံ့သာကျွန်းတွင် တွေ့ရသော ဆောင်းခိုငှက်များ။

၎င်းက “အဓိကတော့ ကျနော်တို့က သဘာဝထိန်းသိမ်းရေးနယ်မြေဆိုတော့ အတတ်နိုင်ဆုံးတော့ ဒေသခံပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ထိန်းသိမ်းရေးတွေ  လုပ်ရတာပေါ့။ တတ်နိုင်သလောက်တော့ သတိပေး တားမြစ်ချက်တွေ လုပ် တယ်။ ငှက်တွေ ဘာတွေ မသတ်ရဘူး။ လိပ်တွေ မသတ်ရဘူး။ အဲ့ဒါတွေကိုတော့ ပြည်သူလူထုကို အတတ်နိုင်ဆုံး Education awareness တွေပေ့ါ။ အဲ့လိုမျိုးတွေ လုပ်ထားတာတွေတော့ ရှိပါတယ်။ တကယ့်ကို ဆိုးဆိုးရွားရွား အခြေအနေ တစ်ခုတော့ မရှိသေးပါဘူး။ ကျနော်တို့  ကာကွယ်ထိန်းသိမ်းနိုင်တဲ့ အဆင့်တဆင့်မှာတော့ ရှိပါတယ်”ဟု ပြောသည်။

ဆက်စပ်သတင်းဖတ်ရှုရန် -- -  - - - - - -  ဆောင်းခိုငှက်ဝင်ရောက်မှု ထက်ဝက်ခန့် လျော့ကျနေ

နံ့သာကျွန်းသည် ရေမြေဧက ၂၂,၉၇၉ ဧကကျယ်ဝန်းပြီး စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် (၁၀)မိုင်အကွာ၊ မေယု မြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်ကြား ရသေ့တောင်မြို့နယ်အပိုင်တွင် တည်ရှိသည်။

နံ့သာကျွန်းသည် သဘာဝဇီဝမျိုးစုံမျိုးကွဲများ ကျက်စားတတ်သည့် ကျွန်းဖြစ်သည့်အပြင် ရေနေသတ္တဝါများနှင့် ပင်လယ်လိပ် များလည်း ကျွန်းသို့ လာရောက်ဥချလေ့ရှိပြီး ဧရာဝတီလင်းပိုင်များလည်း လာရောက်တတ်သည့်အတွက် အဏ္ဏဝါ အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ပေးရန် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လတွင် တင်ပြထားကြောင်း သိရသည်။