ဒန်ဗာ၊ ဒီဇင်ဘာ ၃၁

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်တွင် တောမီးလောင်ကျွမ်းခဲ့ရာ ခန့်မှန်းအိမ်ခြေ ၅၈၀ ခန့်၊ ဟိုတယ်တစ်လုံးနှင့် ဈေးဝယ်စင်တာတစ်ခုတို့ မီးသင့်ပျက်စီးခဲ့ပြီး ပြည်နယ်မြို့ တော်ဖြစ်သည့် ဒန်ဗာမြို့အပြင်ဘက်သို့ လူထောင်နှင့်ချီ၍ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောသည်ဟု အေပီက ရေးသားဖော်ပြသည်။

လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၅ မိုင်ကြောင့် ပြည်နယ်အနှံ့ တောမီး ပြင်းထန်စွာ ကူးစက်ခဲ့ရာ သေဆုံးမှုများ ရှိနိုင်ကြောင်း၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရကြောင်း ဘိုဒါခရိုင် ရဲအရာ ရှိ ဂျိုးပဲလီ (Joe Pelle) က ပြောသည်။

တောမီးသည် ကနဦး၌ ဒီဇင်ဘာ ၃၀ ရက်၊ နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် စတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“လောင်တာ အင်မတန်မြန်လို့ အပျက်အစီး တော်တော်များပါတယ်။ နေ့ခင်းဘက်ကျတော့ ပြန်ငြှိမ်းနိုင်ခဲ့ပါတယ်။ အခုတော့ အဆောက်အဦတွေကို စောင့်ကြည့် စစ်ဆေးနေပါတယ်”ဟု ဂျိုးပဲလီက ဆက်လက် ပြောကြားခဲ့သည်။

နံနက် ၁၁ နာရီတွင် ဒုတိယမြောက် တောမီး ဆက်လက် ကူးစက်သွားခဲ့ကြောင်း၊ မီးတောက်အရှိန်ကောင်းပြီး မိမိ တာဝန်ကျ ခရိုင်၏ အရှေ့ဘက်ခြမ်းသို့ အလျင်အမြန် ပျံ့နှံ့လောင် ကျွမ်းခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ပုံ-ကော်လိုရာဒိုတောမီးလောင်ကျွမ်းမှု ရဲတပ်ဖွဲ့က ရှင်းလင်းပေးနေစဉ်။ ( AP )

မီးလောင်မှုအရှိန်ကြောင့် ၂ ဒသမ ၅ စတုရန်းမိုင် ဧရိယာတဝိုက် ကောင်းကင်ယံတွင် မီးခိုးမြူများနှင့် လိမ္မော်ရောင် ပြည့်နှက်သွားခဲ့ပြီး ဒေသခံများကို ဘေးလွတ်ရာသို့ အဆောတ လျင် ရွှေ့ပြောင်းပေးခဲ့ရသည်။

ဆောင်းရာသီနှောင်းပိုင်း၌ ထူးခြားစွာ လောင်ကျွမ်းခဲ့သည့် တောမီးအခြေအနေကို လေတိုက်နှုန်းအပေါ် မူတည်ပြီး ထိန်းသိမ်း ငြှိမ်းသတ်နိုင်မည့် အလားအလာနှင့် ရှာဖွေကယ်ဆယ်ရေးအတွက် ညတွင်းချင်း ဆုံးဖြတ်ခဲ့ရသည်။

လူဦးရေ ၂၁,၀၀၀ ခန့်ရှိသည့် လူးဝစ်ဗီလီမြို့ (Louisville) နှင့် လူဦးရေ ၁၃,၀၀၀ ခန့်ရှိသည့် စူပရီးယားမြို့တို့၌ ဘေးလွတ်ရာ သို့ အလျင်အမြန် ပြောင်းရွှေ့ကြရန် လတ်တလော အမိန့်ထုတ်ထားသည်။

ဒေသခံများသည် တည်ငြိမ် အေးဆေးစွာဖြင့် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြသော်လည်း ဆင်ခြေဖုံး မြို့နယ်ခွဲများတွင် အကွေ့ အကောက်များသော လမ်းအချို့၌ ယာဉ်ကြောပိတ် ဆို့မှုများရှိခဲ့သည်။ တချို့နေရာများတွင် မိုင်ဝက် (၁ ကီလိုမီတာအောက်) အကွာအဝေး ဖြတ်သန်းရန် မော်တော်ယာဉ်များမှာ ၄၅ မိနစ်ခန့် တရွေ့ရွေ့ဖြင့် အချိန်ယူခဲ့ကြရသည်။

ဒီဇင်ဘာ ၃၀ ရက်ညပိုင်း၌ မီးသင့်ခဲ့သော ဒေသများတွင် လျှပ်စစ်ဓာတ်အားလိုင်းများလည်း ပြတ်တောက်သွားခဲ့ပြီး ထိခိုက် ဒဏ်ရာ ရသူများကို UCHealth ဘရွန်ဖီးဆေးရုံသို့ တင်ပို့ထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ကီလီခရစ္စတန်ဆင်က ရှင်းပြခဲ့ သည်။

စပရီးယားကော်စကို (Superior Costco) စတိုးဆိုင် အပြင်ဘက်တွင် ရပ်နေသူတစ်ဦး ရိုက်ကူးခဲ့သော ဗီဒီယိုဖိုင်တစ်ခုတွင် မီးခိုးပြည့်နှက်နေသော ကောင်းကင်ယံ၊ အုံ့ဆိုင်းနေသော နေရောင်နှင့် မြေပြင်၌ပြန့်ကြဲနေသော မီးပွားမီးစများ လွင့်နေပုံ တို့ကို တွေ့ရသည်။

Source: AP