၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁

ကချင်ပြည်နယ် ပူတာအိုချိုင့်ဝှမ်း လွင်ပြင်ဒေသနှင့် သစ်တောများ ပတ်ဝန်းကျင်၌ နိုဝင်ဘာလအတွင်း ငှက်မျိုးစိတ်ပေါင်း (၁၁၁)မျိုး ဝင်ရောက်ခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ပူတာအိုဒေသ ငှက်မျိုးစိတ် လေ့လာစောင့်ကြည်သူများထံမှ သိရသည်။

ဆောင်းခိုသစ်‌တောငှက်များသည် ဩဂုတ်လလယ်မှစ၍ ပူတာအိုဒေသသို့ စတင်ဝင်ရောက်ခဲ့ပြီး ဆောင်းခိုရေငှက်များက စက်တင်ဘာလဆန်းကနေ စတင်ဝင်ရောက်သည်။

နိုဝင်ဘာလ အတွင်းတွင် ယခင်ဝင်ရောက်နေကျ ငှက်မျိုးစိတ်တချို့ ဝင်ရောက်လာခြင်း မရှိကြောင်း၊ နှောင့်ယှက်မှုများ ကြောင့် ငှက်တချို့ မဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ပူတာအိုဒေသ ငှက်မျိုးစိတ် လေ့လာသူ ဦးဘရန်ရှောင်က CNI သို့ ပြောသည်။

၎င်းက “ပုံမှန်လာနေကျ ငှက်တွေပဲ လာပါတယ်။ ဒီနှစ်က တချို့ငှက်တွေက မတွေ့သေးဘူး။ နောက်ပြီးတော့ ငန်းနီ မတွေ့ သေးဘူး။ ငန်းတို့ ဘာတို့တော့ ဒီနှစ်မှာ မတွေ့ဘူး။ ကျော်သွားတာလည်း ဖြစ်ဖို့များတယ်၊ အနှောင့်အယှက်တွေ ပေးတော့ လေ။ အနှောင့်အယှက်တွေ မပေးရင် သူတို့က နှစ်ရက်ကြာကြာလောက် နေတယ်။ အခုက အနှောင့်အယှက် ရှိတော့လေ တောက်လျှောက် ဆင်းတာ။ အဲလိုမျိုးလို့ ကျနော် ထင်တာပဲ။ တချို့ဟာတွေ လုံးဝ မတွေ့တော့ဘူး။ အောက်ဘက် ဆင်းသွား တာ။ အနှောင့်အယှက် ရှိတာကိုး” ဟု CNI သို့ ပြောသည်။

ပူတာအိုလွင်ပြင်ဒေသသည် ဇီဝမျိုးကွဲစုံများ ကြွယ်ဝသော ဒေသတစ်ခုဖြစ်ပြီး အထူးသဖြင့် ဆောင်းခိုငှက်များ ရွှေ့ပြောင်း ကျက်စားချိန်တွင် အရေးပါသော လမ်းကြောင်းအတွင်း ကျရောက်လျက်ရှိသည်။

သို့သော် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပူတာအိုဒေသတွင် လက်လုပ်လေသေနတ် အသုံးပြုမှု များပြားလာခြင်းနှင့် ငှက်ပစ်၍ ဖမ်းယူမှုများ တိုးပွားလာခြင်းကြောင့် ဆောင်းခိုငှက်များ ရပ်နားဝင်ရောက်မှု နည်းပါးသွားကြောင်း ဦးဘရန်ရှောင်က ပြောသည်။

၎င်းက “ဒီနောက်ပိုင်းက လေသေနတ်တွေ တအားသုံးတယ်။ လက်လုပ် လေသေနတ်တွေလေ။ အိမ်တိုင်းမှာကို တချို့ အိမ်မှာ ဆို နှစ်လက်၊ သုံးလက်အထိ ရှိတယ်။ အကုန် ပစ်နေကြတာကိုး။ ကလေးတွေဆိုလည်း ရွာမှာ မတားမြစ်ကြဘူးလေ ကိုင်ခိုင်း နေတော့။ သူတို့က ကျောင်းလည်း မဖွင့်သေးတော့။ အရင်နှစ်ကတည်းက ကိုဗစ်တွေ ဖြစ်နေတော့။ သူတို့ပစ်နေတော့ ဆောင်းခိုငှက်တွေကို အဲဒါကြောင့်လည်း ပါမှာပေါ့” ဟု ပြောသည်။

လက်ရှိ ဆောင်းခိုငှက်များ အတွေ့ရနည်းပါးလာခြင်းမှာ ဖမ်းဆီးသတ်ဖြတ်ခံနေရခြင်း၊ လက်လုပ် လေသနတ်များဖြင့် ပစ်ခတ် ခံနေရခြင်း၊ မြင်ချောင်းများအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သဲကျောက်များ ထုတ်ယူခြင်း၊ ဉပဒေအရ အရေးယူမှုအား နည်းလာခြင်း၊ လူထုအတွင်း အသိပညာအားနည်းခြင်း၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်မှုမရှိခြင်း၊ ကျေးငှက်များ ဖမ်းဆီးသတ် ဖြတ်ခံရမှု ပိုမို များပြားလာနေခြင်း စသည့် အခြေအနေများကြောင့်ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ၂၀၂၁ ခုနှစ်၊ ‌မေလအထိ ပူတာအိုဒေသသို့ ဝင်ရောက်ခဲ့သော ငှက်မျိုးစိတ်များမှာ ဆောင်းခို ရေငှက် (၃၃)မျိုး၊ ဆောင်းခိုကုန်းငှက် (၃၉)မျိုး၊ ဌာနေရေငှက် (၁၉)မျိုး၊ ဌာနေကုန်းငှက် (၁၈၄)မျိုး စုစုပေါင်း ၂၇၅ မျိုးကို တွေ့ရသည်ဟု ငှက်ကြည့်မှတ်တမ်းအချုပ်မှာ တွေ့ရသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာတော့ ဆောင်းခိုငှက် မျိုးစိတ်ပေါင်း ၁၁၁ မျိုး ပူတာအိုဒေသသို့ ဝင်ရောက်ခဲ့ ကြောင်း၊ မည်သည့် မျိုးစိတ်ကွဲများ ဖြစ်သည်ကိုတော့ မှတ်တမ်း လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် မသိရသေးပေ။