ဘရာဇေလီယာ၊ နိုဝင်ဘာ ၁၉

ဘရာဇီးနိုင်ငံ၏ အမေဇုန်မိုးသစ်တောတွင် သစ်တောပြုန်းတီးမှုသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအထိ ၂၂ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ပြီး ၁၅ နှစ်အတွင်း ပြုန်းတီးမှုအများဆုံးအဆင့်သို့ ရောက်သွားကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန် ကောက်ပို့စ်ဝက်ဘ်ဆိုက်က ဖော်ပြသည်။

၂၀၂၀-၂၁ ကာလအတွင်း ဆုံးရှုံးခဲ့သော သစ်တောဧရိယာမှာ ၁၃,၂၃၅ စတုရန်းကီလိုမီတာ(၅,၁၁၀ စတုရန်းမိုင်) ဖြစ်ပြီး ယခင် ၂၀၀၅-၀၆ ကာလ ခုတ်ထွင်ဆုံးရှုံးသော ဧရိယာမှာ ၁၄,၂၈၆ စတုရန်းကီလိုမီတာဖြစ်၍ အကြီးမားဆုံး သစ်တောပြုန်းတီးမှုဖြစ်ကြောင်း ဘရာဇီးအမျိုးသားမြေယာသုတေသနသိပ္ပံ (INPE) ၏ခန့်မှန်းချက်အရ သိရ သည်။

ဂျိုင်ယာဘော်ဆိုနာရို၏ သမ္မတသက်တမ်းအောက်တွင် နှစ်စဉ်သစ်တောပြုန်းတီးမှုတိုးလာခြင်းသည် ယခုဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်ပြီး သမ္မတအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် သတ္တုတူးဖော်ရေးကို အားပေးနေ၍ အတိုက်အခံများက အပြစ်တင်နေကြခြင်းဖြစ်သည်။

အဆိုပါ ကိန်းဂဏန်းများသည် စိန်ခေါ်မှုတစ်ရပ်ကို ကိုယ်စားပြုပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများကို ၎င်းတို့အစိုးရအနေဖြင့် ပိုမိုထိရောက်စွာ တွန်းလှန်ကာကွယ်သွားမည်ဖြစ်ကြောင်း ဘရာဇီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဂျိုအာကွီယန်လိင်တီက ပြောသည်။

Photo - AFP

“အခုချပြတဲ့ကိန်းဂဏန်းတွေက ပြီးခဲ့တဲ့လ အနည်းငယ်တုန်းက အခြေအနေတွေကို အတိအကျ ထင်ဟပ်မှု မရှိပါဘူး” ဟု ၎င်းက အခိုင်အမာပြောသည်။

သို့သော် ပြီးခဲ့သည့်သီတင်းပတ်က INPE သည် ရီယိုဒီဂျနေးရိုးမြို့၏ ဧရိယာထက်ဝက်၌ အကုန်အစင် ရှင်းလင်း ခံခဲ့ရသည့် သစ်တောပြုန်းတီးမှုအဆိုးရွာဆုံးအနေအထားကို အောက်တိုဘာလတွင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

မြေပြင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိုမိုချထားပေးခြင်းဖြင့် တရားမဝင်သစ်တောပြုန်းတီးမှု တိုက်ဖျက်ရေး ကြိုးပမ်း နေမှုကို အရှိန်မြှင့်တင်နေကြောင်း ဘရာဇီးအစိုးရက ပြောကြားထားသည်။

ဘရာဇီးနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် သစ်တောပြုန်းတီးမှုအဆုံးသတ်ရန်အတွက် ဂလပ်စကိုမြို့၌ မကြာသေးမီက ကျင်းပခဲ့သော ကုလသမဂ္ဂရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေး (COP26) ၌ နိုင်ငံတကာ ကတိကဝတ်များ လက်မှတ်ရေးထိုးကြရာ၌ ပါဝင်ခဲ့သည်။

သမ္မတဘော်ဆိုနာရိုက ၂၀၂၈ ခုနှစ်တွင် အမေဇုန်သစ်တော၏ ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်သော တောင်အမေရိကရှိ မိမိတို့နိုင်ငံ၌ တရားမဝင်သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး ကတိပြုထားသည်။

Source: AFP, Bangkok Post