၂၀၂၁ အောက်တိုဘာ ၂၉

မြန်မာနိုင်ငံတွင်းကို ၂၀၁၉ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ဆောင်းခိုငှက်ဝင်ရောက်မှု ထက်ဝက်ခန့် လျော့နည်းသွားကြောင်း မြန်မာနိုင်ငံ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးအသင်းထံမှ သိရှိသည်။

ဆောင်းခိုငှက် ဝင်ရောက်သည့်အခြေအနေကို ၂၀၁၄ ခုနှစ်တွင် စတင်စာရင်းကောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစ၍ ထက်ဝက်နီးပါး သိသာစွာ လျော့နည်းသွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း အမှုဆောင်ဒါရိုက်တာ ဒေါ်သီရိဒေဝီအောင်က CNI သတင်းဌာန သို့ ပြောသည်။

“မြန်မာနိုင်ငံ အလယ်ပိုင်းမှာဆိုရင် ဆောင်းခိုရေဘဲတွေ ကျတယ်ပေါ့နော်။ မုတ္တမပင်လယ်ကွေ့မှာဆိုရင် ဆောင်းခိုတဲ့ကမ်းခြေငှက်တွေ ကျတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ကျမတို့ စစ်တမ်းကောက်ယူချက် အရဆိုရင် ဒီငှက်မျိုးစိတ်တွေက ၅၀ ရာခိုင်နှုန်း နီးနီးကို ကျသွားတာ။ ဘာကြောင့်ကျသွားလဲလို့ ကျမတို့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ သူတို့နေထိုင်တဲ့ ရေဧရိယာတွေက တဖြည်းဖြည်း နည်းသွားတယ်။ ပလိပ်အင်း ဆိုလို့ရှိရင် ကျမတို့သွားပြီး လေ့လာကြည့်တဲ့အခါမှာ ရေဧရိယာက နည်းနည်းပဲရှိတော့တယ်။ ဆိုတော့ ငှက်တွေက ဒီလိုနေရာမျိုးမှာပဲ လာပြီးတော့ ကျက်စားတာလေ။ ကျန်တဲ့နေရာတွေက စိုက်ပျိုးရေးမြေ တွေ ဖြစ်ကုန်ပြီ။ ရေမရှိတော့တဲ့အတွက် အဲဒီငှက်တွေက ၅၀ ရာခိုင်နှုန်းနီးနီးကို ကျသွားတာ” ဟု ဆိုသည်။

အဆိုပါငှက်များကို သတ်ဖြတ်ခြင်းမပြုလုပ်ရန်အတွက် ဒေသခံပြည်သူများ၊ ဒေသခံအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သစ်တောဦးစီးဌာနနှင့်အာဏာပိုင်အဖွဲ့အစည်းများ စသည်တို့ ပူးပေါင်း ဆောင်ရွက်ပြီး ငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည်ဟုလည်း ဇီဝမျိုးစုံမျိုးကွဲ နှင့်သဘာဝထိန်းသိမ်းရေးအသင်း အမှုဆောင် ဒါရိုက် တာ ဒေါ်သီရိဒေဝီအောင်က ဆက်ပြောသည်။

“ဆောင်းခိုငှက်တွေလာပြီး နေထိုင်ကျက်စားတဲ့နေရာတွေက မြန်မာနိုင်ငံပေါ့နော်။ အဲနေရာတွေက အရမ်းအရေးကြီးတယ်။ ဒါကြောင့်မို့လို့ ဒီဒေသတွေကို ထိန်းသိမ်းဖို့အတွက်က NGO ရယ်၊ ဌာနဆိုင်ရာ ရယ် နောက် ဒေသခံရယ် ပူးပေါင်းဆောင်ရွက်ဖို့ ပိုလိုအပ်တယ်။ ဒါ့အပြင်လည်း တကယ့်ကို ထိန်းသိမ်းသင့်တဲ့နယ်မြေ သတ်မှတ်ပေးခြင်းအားဖြင့် ဥပမာဆိုရင် ကမ္ဘာ့ရေကြည်ရေတိမ်ဒေသ ရမ်ဆာဆိုဒ် ဒါမှမဟုတ်လည်း ဆောင်းခိုငှက်တွေ ပျံသန်းရာလမ်းကြောင်း အဓိကနေရာဖြစ်တဲ့ Fly Way Network ဆိုဒ်တွေ သတ်မှတ်တာမျိုးတွေ ဒါမှမဟုတ်လည်း သဘာဝထိန်းသိမ်းရေး နယ်မြေသတ်မှတ်တာမျိုးတွေ သတ်မှတ်ပေးခြင်းအားဖြင့်လည်း ဒီငှက်တွေ နေထိုင်ကျက်စားရာနေရာကို ထိန်းသိမ်းပေးဖို့ ကောင်းတာ ပေါ့နော်။ ထိန်းသိမ်းပေးလို့ရတယ်” ဟု ပြောသည်။

ဆောင်းခိုငှက်များ ဝင်ရောက်မှု လျော့နည်းလာရခြင်းသည် ဆောင်းခိုငှက်များ လာရာလမ်းကြောင်း တလျောက် ငှက်ဖမ်းသည့် မုဆိုးများ ပေါများလာခြင်၊ ကျက်စားသည့် စား ကျက်မြေများ နည်းပါးလာခြင်းနှင့် ရေမြေသန့်ရှင်းမှု လျော့နည်းလာခြင်းတို့ကြောင့်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ် ထားကြသည်။

မြန်မာနိုင်ငံတွင် ငှက်များကို ဖမ်းဆီးသတ်ဖြတ်စားသောက်နေမှုများကို ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရန်လိုအပ်သလို ပြည်သူများကိုလည်း အသိပညာပေးမှုများ ဆောင်ရွက်ရန် လိုအပ်သည်ဟု မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က CNI သို့ ပြောသည်။

“ကျနော်တို့က အသိပညာပေးဖို့ လိုပါတယ်။ ပညာပေးတဲ့နေရာမှာလည်း တစ်နှစ်၊ နှစ်နှစ် မဟုတ်ဘူး။ ထိထိ ရောက်ရောက် ပညာပေးဖို့ လိုပါတယ်။ ပိုစတာသော်လည်းကောင်း၊ တီဗီကသော်လည်းကောင်း အစိုးရဌာန ကိုယ်၌လည်း ဦးဆောင်ပြီးတော့ ထိထိမိမိ လုပ်ရမယ်။ အရေးယူဆောင်ရွက်မှုတွေကလည်း ဘာပဲပြောပြော လုပ်ရမယ်။ နောက်တစ်ခုက အရေးယူတာထက်ကို ဒီငှက်တွေ မစားသင့်ဘူး။ ဒီငှက်တွေကို သတ်ဖြတ်ခြင်း အားဖြင့် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုလည်း ပြည်သူလူထု နားလည်သဘောပေါက် အောင် ကျနော်တို့ တင်ပြပေးဖို့လိုတယ်” ဟုဆိုသည်။

မဆင်မခြင် ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် မြန်မာနိုင်ငံတွင် အနီရောင်စာရင်းဝင် ဆောင်းခိုငှက်များဖြစ်သည့် ရေညှောင့်နှုတ်ဝိုင်းငှက်၊ နုတ်တိုနုတ်ရှည်ငှက်၊ ကြိုးကြာငှက်တို့အပါအဝင် တခြားငှက်မျိုးစိတ် ၅၀ ကျော်မှာ မျိုးတုံးမည့် အရေးနှင့်ကြုံတွေ့နေရပြီး အရေးတကြီးထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေကြောင်း သိရသည်။