နယူးဒေလီ၊အောက်တိုဘာ ၂၁

အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင် ရက်အနည်းငယ်အတွင်း ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် လူ ၁၅၀ ကျော်သေဆုံးခဲ့ပြီး လမ်းများ ရေဖုံးလွှမ်းကာ အိမ်များ ရေစီးဖြင့်မျောပါမှုများရှိခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသား ဖော်ပြ သည်။

အိန္ဒိယမြောက်ပိုင်း အူတရာခမ်းပြည်နယ်တွင် ရေကြီး၊ မြေပြိုခဲ့၍ လူ ၄၆ ဦးသေဆုံးပြီး ၁၁ ဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂၀
ရက်တွင် ပြောကြားခဲ့သည်။

ကီရာလာပြည်နယ်တောင်ပိုင်းတွင်လည်း သေဆုံးသူ ၃၉ ဦးရှိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီဗီဂျာယန်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၉ ရက် နံနက်အစောပိုင်းက အူတရာခမ်းပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မိုးတိမ်တောင်တို့ ကြောင့် မြေပြိုမှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အဆောက်အအုံ အများအပြား ပျက်စီးခဲ့ကာ လူ ၃၀ ထက်မနည်း သေဆုံးခဲ့သည်။ သေဆုံးသူများအနက် ၅ ဦးမှာ အကြီးအကျယ်မြေပြို၍ နေအိမ်နစ်မြှုပ်သွားခဲ့သော မိသားစုတစ်စုဖြစ်ကြောင်း ဒေသခံအရာရှိ ပရာဒိဂျိန်းက ပြောသည်။

မြောက်ပိုင်း အယ်မိုလာခရိုင်တွင်လည်း အလားတူမြေပြိုမှုတစ်ခုကြောင့် လူ ၅ ဦးသေဆုံးခဲ့ရသည်။

ပုံ- ပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီဗီဂျာယန်ကိုတွေ့ရစဉ်။

အောက်တိုဘာ ၁၉ ရက်က အိန္ဒိယမိုးလေဝသဌာနသည် ရာသီဥတုဆိုင်ရာသတိပေးချက်များကို တိုးချဲ့ထုတ်လွှင့်ပေးခဲ့ပြီး ဒေသတွင်း မိုးအလွန်သည်းထန်မည်ဟု ခန့်မှန်းသတင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၈ ရက်၌ မိုးရေချိန် ၄၀၀ မီလီမီတာ (၁၆ လက်မ) ထက်ပိုများခဲ့ပြီး မြေပြိုမှုများနှင့် ရေကြီးမှုများ ဖြစ်ပေါ် စေခဲ့ကြောင်း မိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် အာဏာပိုင်များက ကျောင်းများပိတ်ထားရန်နှင့် ပြည်နယ်အတွင်း ဘာသာရေးနှင့်ခရီးသွား လုပ်ငန်း အားလုံး ဆိုင်းငံ့ထားရန် အမိန့်ထုတ်ခဲ့သည်။

ခရီးသွားဧည့်သည်များ လာရောက်လေ့ရှိသည့် နိုင်နီတယ်ရေအိုင်အနီးနှင့် ဂင်္ဂါမြစ်ကြောင်း ရီရှိကက်ရှ်ဆိပ်ကမ်းရှိ တာရိုးများ ကျိုးပေါက်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းများနှင့် လူမှုမီဒီယာများရှိ ဗီဒီယိုများအရ သိရသည်။

ကိုစီမြစ်ရေလျှံတက်မှုကြောင့် ရမ်ဂရက်ဒေသရှိ အပန်းဖြေစခန်းတစ်ခုအတွင်း ခရီးသွား ၁၀၀ ကျော် ပိတ်မိနေသည်။

အလားတူ နီပေါနိုင်ငံတွင်လည်း ၃ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများနှင့် ရေကြီးမှုများ ရှိခဲ့ပြီး သေဆုံးသူဦးရေမှာ အောက်တိုဘာ ၂၀ ရက်တွင် ၇၇ ဦးအထိ တိုးလာကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသော နီပေါအရှေ့ပိုင်း ပန်ချက်သာခရိုင်တွင် လူ ၂၄ ဦးသေဆုံးခဲ့ရာ ၎င်းတို့အရေအတွက်မှာ အီလန်ဒေသတွင် ၁၃ ဦးနှင့် နီပေါအနောက်ပိုင်း ဒိုတီဒေသတွင် ၁၂ ဦးတို့ဖြစ်ကြောင်း နီပေါပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိ ဒီကူးမားတမန်က ပြောကြားခဲ့သည်။ နီပေါနိုင်ငံအနောက်ပိုင်းတွင်လည်း သေဆုံးမှုများရှိကြောင်း သိရသည်။