၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၉

ကချင်ပြည်နယ် မြစ်ဆုံရှိ မြစ်ကမ်းနံဘေးတွင် လုပ်ငန်းရှင်အချို့ စက်ယန္တရားများဖြင့် ရွှေတူးဖော်နေခြင်းကို ဒေသခံများက ကန့်ကွက်မှုများအပေါ် ပြန်လည် အပြစ်တင်ခံနေရသည်ဟု အဆိုပါ ဒေသခံများထံမှ သိရသည်။

“အခုက ကျမတို့ကို ဘယ်သူမှ ညှိနှိုင်းတာ မရှိဘူး။ ရှိရင်တောင်မှလေ ကျမတို့ကို မင်းတို့ဒေသခံ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ကျမတို့ကို ပြန်အပြစ်တင်သလို ကျမတို့က ဒီလိုမျိုး ကန့်ကွက်တာကို အပြစ်မြင်သလိုပေါ့။ သူတို့က ပါမစ်ရှိတယ်။ အခွင့်ရတဲ့ဟာကို မင်းတို့က ကန့်ကွက်တယ်။ အဲဒီလိုမျိုးပေါ့နော်။ ခြိမ်းခြောက်တယ်လို့ ပြောရမလား” ဟု တန်ဖဲဒေသခံဖြစ်သူ ဒေါ်ဂျာ (အမည်လွှဲ) က CNI သတင်းဌာနသို့ ပြောသည်။

“မြစ်ဆုံမြစ်ကမ်းနံဘေး ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနှင့် သာယာရေး” ဆိုသည့် ခေါင်းစဉ်ဖြင့် စက်ယန္တရားများအသုံးပြုကာ ရွှေတူးဖော်နေမှုကို တန်ဖဲ ဧရာဝတီမြစ်ဆုံဒေသခံများက ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့က သဘောထားထုတ်ပြန်ချက်စာတစ်စောင်ကို ထုတ်ပြန်ကာ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

ယခုလို ရွှေတူးဖော်နေမှုမှာ ခွင့်ပြုချက်ရရှိပြီး တူးဖော်နေသည်ဟုဆိုကာ မည်သည့်အဖွဲ့က ခွင့်ပြုချက်ပေး၍ တူးဖော်နေသည်ကို မသိရှိရကြောင်း ဒေသခံများက ဆိုသည်။

“အခုက မြစ်ကမ်းနံဘေးကနေကို တကယ့် စက်ယန္တရားကြီးတွေနဲ့ တူးလိုက်တယ်။ ဟိုးအထဲကို နှိုက်ပြီးတော့ တူးလိုက်တာ။ အဲဒီလိုဆိုတော့ နဂိုမြေမှန်ဆိုတာ မရှိတော့ဘူး။ သူတို့ရဲ့ ကျောက်ပုံပဲဖြစ်တော့မယ်။ သူတို့က ပြော တယ်။ ကျမတို့ကို သူတို့က ရှေ့စားနောက်ပစ်ပေါ့နော်။ ရှေ့စားနောက်ပစ်လုပ်မယ်တဲ့။ နောက်ပြီးတော့ အဲ့ဒီ ကျောက်တွေကို နဂိုပုံစံလို အကုန်သာယာလှပအောင် သူတို့က ပိုပြီးမှ မွမ်းမံလိုက်မှာပေါ့။ အကုန်လုံး ပြုစု ပျိုးထောင်လိုက်မယ်။ သစ်ပင်တွေ ဘာတွေစိုက်မယ်တဲ့။ နောက်ပြီးတော့ ရေကာတာလေးတွေ လုပ်ပေးမယ်တဲ့။ အဲဒီလိုမျိုးပြောတယ်။ ဒါပေမယ့် ကျမတို့ ပြန်စဉ်းစားတယ်။ ဒီနေရာတွေဟာ အဲဒီလိုမျိုး လုပ်လို့ရသလားပေါ့။ နဂိုနေရာကို မြေကြီးမရှိတော့ဘူး ကျောက်ပုံပဲဖြစ်သွားပြီ” ဟု ၎င်းက ပြောသည်။

တန်ဖဲဒေသခံများအနေဖြင့် ယခုမှ စတင် ကန့်ကွက်ခြင်းမဟုတ်ဘဲ ယခင် မြစ်ဆုံစီမံကိန်း မစတင်ခင်ကတည်းက ကန့်ကွက်ခဲ့သည်ဟု သိရသည်။
မြစ်ဆုံဒေသတွင် ရွှေတူးဖော်ခြင်းကြောင့် မြစ်ရေနောက်ခြင်း၊ စိုက်ပျိုးရေးလုပ်ရန် ခက်ခဲလာခြင်းများကြောင့် ဒေသခံများက ကန့်ကွက်ခဲ့သည့်အတွက် ရွှေတူးဖော်မှုများကို ရပ်နားထားရာမှ ယခုလို ပြန်လည်တူးဖော်မှုများ စတင်လာသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်ဟု ဒေသခံများက ဆိုသည်။