CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းက ဆွမ်ပရာဘွမ် ၊ အင်ဂျန်းယန် နှင့် တီယန်ဇွပ် ရွာတွေမှာ ကြွက်ဘေး ကြုံတွေ့လာခြင်းကြောင့် ကျန်းမာရေး ဆိုးကျိုးများ ရှိလာနိုင်သည်ဟု တိရစ္ဆာန်ကုဆရာဝန် ဒေါက်တာ သန်းဝင်း က CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ကြွက်ပေါများခြင်းကြောင့် ပလိပ်ရောဂါများ ဖြစ်လာနိုင်သည်ဟု ၎င်းက ပြောသည်။

ဒေါက်တာ သန်းဝင်းက “ဆွမ်ပရာဘွမ်တို့ ဘာတို့ဆိုတာက တောင်ပေါ်ဒေသတွေ ဖြစ်တော့ ပိုများမှာ၊ ဘာလို့ဆို တော့ မိုးရာသီကျတဲ့ အခါမျိုးမှာကြတော့ အဆောက်အဦ အပေါ်အမြင့်တို့ မှာနေတယ် ၊ တွင်းခေါင်းမှာ မနေနိုင် ဘူးလေ ၊ ကြွက်နဲ့ပတ်သက်လာရင်တော့ ဆီးလမ်းကြောင်းပြဿနာ လူတွေမှာ ဖြစ်တာပေါ့နော်၊ တိရစ္ဆာန်က လူကို ကူးဆက်တတ်တဲ့ ရောဂါပေါ့၊ အဲ့လိုပုံစံမျိုးတွေကို ကြွက်တွေ ဘာတွေ ကနေပြီးတော့ ၊ ဘယ်လိုပြောမလဲ ဆိုတော့ (disease from the animal to human) တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ ရောဂါထဲမှာ အဲ့တာတွေတော့ တွေ့ဖူးမြင်ဖူးတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ ကြွက်ပေါများလာခြင်းသည် ကြွက်များကို စားသောက်နေသော တိရစ္ဆာန်များဖြစ်သည့် မြွေ၊ ဇီးကွက် စသော အကောင်များ နည်းပါးလာခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ပြောင်းခင်းများကို ကိုက်ဖျက်နေသော ကြွက်ကိုတွေ့ရစဉ်

ကြွက်ဘေးသည် လွန်ခဲ့သော တစ်လခန့်က စတင်ကျရောက်နေခြင်းဖြစ်ပြီး အသီးအနှံဖြစ်ထွန်းချိန်မှာ ပိုမိုဆိုးရွား လာကြောင်း၊ အချို့ရွာများတွင် လယ်ယာစိုက်ခင်းများ အားလုံးဆုံးရှုံးသွားကြောင်း တီယန်ဇွပ် ကျေးရွာမှ ဒေသခံ များက ပြောသည်။

ထို့နောက် ကြွက်ဘေးအတွက် ကြိုတင်ပြင်ဆင် ကာကွယ်မှုများ လုပ်နေသော်လည်း နေ့ရော ညပါ လာရောက် ဖျက်ဆီးနေခြင်းကြောင့် ထိရောက်မှု သိပ်မရှိဘူးဟု အင်ဂျန်းယန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှင်ကွီဇာလီအောင် က ပြောသည်။

၎င်းက “ကျနော်တို့ အစပိုင်းမှာတော့ ဘာမှ ထင်မှတ်မထားဘဲနဲ့ ရောက်လာတဲ့ အခါကြတော့ ဟိုဟာ မဖြစ်ဘူး။ ဒါပေမယ့် ရောက်လာတဲ့အခါကြတော့ ကျနော်တို့ ဒီကြွက်သတ်ဆေးတွေနဲ့ အဲ့လိုမျိုး နှိမ်နင်းတာပေါ့။ ကြွက်တွေကို ကျနော်တို့က တခြား တောင်ယာအိပ်စောင့်တယ်၊ တောင်ယာအိပ်စောင့်ပြီးမှ ညဆို မီးမွှေးတာမျိုး တောင်ယာ ဘေးက ဝါးရုံတွေမှာ မီးမြှိုက်တာမျိုးတို့ အဲ့လိုမျိုးလုပ်တယ်” ဟုပြောသည်။

ထိုသို့ ကြွက်ဘေး ကျရောက်မှုသည် ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စပါးခင်းပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သော် လည်း ယခုနှစ်တွင် ၅ ဧကထက် မနည်း ပျက်စီးဆုံးရှုံးမှုများရှိကြောင်း အင်ဂျန်းယန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှင်ကွီဇာလီအောင်က ပြောသည်။