CNI International News

ရွိုင်ရိုဒီဂျနီရို၊ ဖေဖော်ဝါရီ ၁၉

ဘရာဇီးလ်နိုင်ငံတောင်ပိုင်းရှိ ပက်ထရိုပေါ်လစ် (Petropolis) မြို့၌ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူနေအိမ်များ ပျက်စီးပြီး လူ အနည်းဆုံး ၁၃၆ ဦးသေဆုံးခဲ့ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

ထို့နောက် လူ ၂၀၀ ကျော် ပျောက်ဆုံးနေကြောင်း၊ တောင်ကမ်းပါးယံများ ကွဲအက်၍ ဒေသခံမိသားစုများ တကွဲတပြား ဖြစ် ကုန်ကြကြောင်း သိရသည်။

မြို့ပြအဖြစ်သို့ အလျင်စလို ပြောင်းလဲခဲ့ခြင်း၊ စီမံကိန်းရေးဆွဲမှု ညံ့ဖျင်းခြင်း၊ အိမ်ရာထောက်ပံ့မှု ဘဏ္ဍာငွေ မလုံလောက်ခြင်း တို့က ရွိုင်ရိုဒီဂျနီရိုဒေသရှိ တောင်ပေါ်မြို့လေးကို ဒုက္ခပင်လယ်ဝေစေခဲ့ကြောင်း အေပီက ရေးသားထားသည်။

တောင်စောင်းတွင် မြို့ပြ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ သုတေသီများနှင့် အစိုးရဝန်ထမ်းဟောင်းများက ထပ်တလဲလဲ သတိပေးခဲ့ကြကြောင်း ဘေးအန္တရာယ်လွတ်ကင်းအောင် အနည်းသာ လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် ရာသီဥတု ဖောက်ပြန် ခြင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကို ဖြစ်ပေါ်စေရန် သက်သေထူခဲ့ပြီး ပက်ထရိုပေါ်လစ်မြို့အတွက်သာမက အခြားနေရာများ အတွက်လည်း အန္တရာယ်တိုးလာစေခဲ့သည်။

ပက်ထရိုပေါ်လစ်မြို့ မြေပြိုမှုကိုတွေ့ရစဉ်(AP)

ဆာရာဒိုမာဒေသတွင်လည်း မကြာသေးမီ ဆယ်စုနှစ်များအတွင်း အလားတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၁,၅၀၀ သေဆုံးခဲ့ရ သော ဖြစ်စဉ်ရှိခဲ့သည်။ ယခင်ကလည်း ပက်ထရိုပေါ်လစ် မြို့တစ်မြို့တည်းတွင် ၁၉၈၁ ခုနှစ်မှစတင်၍ ပြင်းထန်သော မုန်တိုင်း ဝင်ရောက်ခဲ့မှုနှင့် ကြုံခဲ့ရပြီး သေဆုံးသူ ၄၀၀ ကျော်အထိ ရှိခဲ့ဖူးသည်။

ပက်ထရိုပေါ်လစ်မြို့တွင် ကျရောက်ခဲ့သော ရာသီဥတုဆိုင်ရာ ကပ်ဘေးများအကြောင်း အနှစ် ၃၀ နီးပါး လေ့လာစူးစမ်းခဲ့သူ ရွိုင်ရိုဒီဂျနီရို ဖက်ဒရယ်တက္ကသိုလ်မှ ပထဝီပါမောက္ခ အန်တိုနီယိုဂူရားသည် ယခုအခါ ရွှံ့ရည်များ ဖုံးလွှမ်းသွားသည့် လူနေ အိမ်များနှင့် ရပ်ကွက်များအတွင်းသို့ သွားရောက်ခဲ့ပြီး ဖြစ်စဉ်အရင်းအမြစ်ကို စုံစမ်းစစ်ဆေးနေသည်။

“မိုးကြောင့် အခြေအနေဆိုးသွားတာ မှန်ပေမယ့် အဓိကအကြောင်းအရင်းက မြေယာအသုံးချမှု ညံ့ဖျင်းတာဗျ။ အစီအစဉ် စနစ်တကျရေးဆွဲတာမျိုး လုံးဝ မရှိခဲ့တာ” ဟု အန်တိုနီယိုဂူရားက တယ်လီဖုန်း အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။

ပက်ထရိုပေါ်လစ်မြို့တွင် ရာသီဥတု ဖောက်ပြန်မှု ခံစားရသည်မှာ မကြာလှသေးပေ။ ၎င်းမြို့သည် ရွိုင်ရိုဒီဂျနီရိုမှ မိုင် ၄၀ ခန့် အကွာရှိ တောင်တန်းများပေါ်တွင် တည်ရှိပြီး ဘရာဇီးလ် ဧကရာဇ်ဟောင်း တစ်ဦး၏ အစွဲဖြင့် မြို့အမည်ကို ပေးခဲ့သည်။


ပက်ထရိုပေါ်လစ်မြို့ မြေပြိုမှုကိုတွေ့ရစဉ်(AP)

လက်ရှိ ပြည်တွင်းစီမံကိန်းများအနက် ပထမဆုံးဦးစားပေး အကောင်အထည်ဖော်ခဲ့သော မြို့များထဲမှ တစ်မြို့လည်း ဖြစ်သည်။
ရှေးယခင်က ထိုမြို့တစ်ဝိုက် အခြေချနေထိုင်ခဲ့သူများသည် တောင်ပေါ်ရေစီးကြောင်းတလျှောက် နေအိမ်များကို ဆောက်လုပ် ရာတွင် အထူးကြံ့ခိုင်အောင် စီမံခဲ့ကြသည်။

သို့သော် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ယင်းမြို့သည် သာယာဖွံ့ဖြိုးလာသဖြင့် ဆင်းရဲမွဲတေသော အခြားဒေသမှ လူသစ်များကို ရေကြည်ရာမြက်နုရာအဖြစ် ဆွဲဆောင်မှုကောင်းလာ၍ မြို့နေလူဦးရေမှာ ၃ သောင်းခန့်အထိ တိုးလာခဲ့သည်။

ယခုအခါ တောင်စောင်းများတွင် သဘာဝဘေးအန္တရာယ် သဘောမပေါက်သူများက အိမ်ငယ်ကလေးများစွာကို ကျပ်တည်း ပြွတ်သိပ်စွာ ဆောက်လုပ်နေထိုင်ကြပြီး ၎င်းတို့သည် ရေမြေအနေအထားနှင့် သင့်လျော်သည့် ဆောက်လုပ်ခွင့်ရယူကြခြင်း မရှိကြပေ။

Source: AP