CNI News

၂၀၂၂ ခုနှစ်၊ မတ် ၅

မြန်မာနိုင်ငံ၏ ဒုတိယမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခံထားရသည့် ရခိုင်ပြည်နယ်ရှိ နံ့သာကျွန်းအား ထိန်းသိမ်းရေးပိုင်းတွင် ယခုထက်ပို၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးဥက္ကဋ္ဌ ကိုရန်နောင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါကျွန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က "နံ့သာကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်" အဖြစ် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတ်မှတ်လိုက်ခြင်း ဖြစ် သည်။

ကိုရန်နောင်စိုးက“လုပ်ရမယ့် အစိတ်ပိုင်းတွေကတော့ အများကြီးရှိပါသေးတယ်။ အဲ့ဒါကတော့ ဝန်းကျင်သားငှက်နဲ့ ကျနော် တို့ ဒေသခံတွေကိုလည်း ချပြရဦးမယ်လေ။ အသိပညာပေး ဟောပြောပွဲတွေ လုပ်ရဦးမယ်။ ဒါတွေ ဒီလိုဖြစ်သွားပြီ။ ဘယ်ဟာ တွေကို ထိန်းသိမ်းရမယ်၊ ဘယ်ဟာတွေကို ရှောင်ရမယ်။ မလုပ်သင့်တာ မလုပ်ရဘူးပေါ့။ ဒါတွေကို ပိုမို ထိန်းသိမ်းသင့်တယ် ဆိုပြီး ဒေသခံတွေကို ကျနော်တို့က အကုန်လုံး ပူးပေါင်းပြီးတော့ ချပြရမယ်။ အသိပညာ‌ပေးရမယ်။ ပြီးကျတော့မှ ကျနော်တို့ က ဆက်ပြီးတော့ ဒီဟာကို ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်း နိုင်မယ်ထင်ပါတယ်။ အဲ့ဒီ ထိန်းသိမ်းရေး နယ်မြေ တစ်ဝိုက်ကိုတော့ ကျနော်တို့ ကင်းလှည့်တာတွေ ရှိတယ်။ ကင်းလှည့်တယ်ဆိုတာကတော့ ငှက်တွေကို ခိုးဖမ်းထောင်တဲ့သူ တွေ ရှိလား၊ ငှက်တွေလိပ်တွေကို အဲ့လိုမျိုးတွေ။ ကျနော်တို့ ဒေတာအချက်အလက် ကောက်တာတွေတော့ ပုံမှန်အားဖြင့် လုပ်နေတာရှိပါတယ်”ဟု ပြောသည်။

နံ့သာကျွန်းသည် နိုင်ငံတကာမှ ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသော ကျွန်းဖြစ်ပြီး ဖေဖော်ဝါရီလ တွင် ထိုကျွန်းသို့ ဆောင်းခိုငှက် ဝင်ရောက်မှု အကောင်ရေ ၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ ကျွန်းတွင် နှုတ်တိုရှည်ငှက်၊ ရွှေ့ပြောင်းငှက် မျိုးစိတ်များနှင့် ဌာနေငှက်များ အပါအဝင် ပင်လယ်လိပ်မျိုးများ၊ ဧရာဝတီလင်းပိုင်၊ ရေနေသတ္တဝါများနှင့် ဒီရေတောများ ရှိကြောင်း၊ ထို့ပြင် တစ်ကမ္ဘာလုံးတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ် ရှိနေသည့် ကမ္ဘာ့အရှားပါးဆုံး ရေညှောင့်နှုတ်ဝိုင်းငှက်တို့ အများဆုံး လာရောက် ဆောင်းခိုလေ့ ရှိသည်။

နံ့သာကျွန်းက ဆောင်းခိုငှက်များကိုတွေ့ရစဉ်

ထို့နောက် ဒုတိယမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ လည်း ဖွံ့ဖြိုးလာမည်ဟု ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဋ္ဌ ကိုရန်နောင်စိုးက ပြော သည်။

၎င်းက “နိုင်ငံရေး အခြေအနေတွေ ကောင်းလာပြီဆိုရင်တော့ နိုင်ငံခြားသား တော်တော်များများက စိတ်ဝင်စားပါတယ် ဒီနေရာကို။ ဆောင်းခိုငှက်တွေကို လေ့လာဖို့ ဓာတ်ပုံရိုက်ဖို့ပေါ့။ ဆိုတော့ Eco Tourism ကတော့ ဖွံ့ဖြိုးလာမှာပါပဲ ဒီနေရာက။ ဒေသခံ ပြည်သူလူထုအတွက်လည်း ဝင်ငွေတွေ တိုးလာနိုင်ပါတယ်။ ဒါက တော်တော်လေးကို ကျနော်တို့ ရခိုင်အတွက် ဂုဏ်ယူစရာ ဝမ်းသာစရာတစ်ခု ဖြစ်ပါတယ်။ ဒီနေရာက ပိုပြီးတော့လည်း အရေးကြီးတယ်။ ဘင်္ဂလားပင်လယ်အော် မေယု မြစ်ဝပေါ့။ အဲ့နေရာမှာ သီးသန့် တည်ရှိနေတဲ့အတွက်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် ခွင့်ပြုချက်မရှိဘဲ ငါးဖမ်းဆီးခြင်း၊ ဝင်ရောက်နေထိုင်ခြင်း၊ မည်သည့် တောရိုင်းတိရစ္ဆာန်ကိုမျှ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အနာတရ ဖြစ်စေခြင်း၊ မည်သည့် သဘာဝ အပင်ကိုမဆို ခုတ်ယူခြင်း၊ စုဆောင်းခြင်း၊ ဖျက်ဆီးခြင်း အစရှိသည်တို့ မပြုလုပ်ရန် တားမြစ်ထားပြီး ချိုးဖောက်ပါက ဥပေဒအရ အရေးယူ ခံရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခံရသည့်ကျွန်းမှာ တနင်္သာရီတိုင်းဒေသကြီးရှိ လန်ပိကျွန်း ဖြစ်ပြီး ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်သတ်မှတ် ခံရခြင်းဖြစ်ကြောင်း ဝီကီပီးဒီးယားမှ သိရသည်။