CNI News

၂၀၂၂ ခုနှစ်၊ မတ် ၈

ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့၌ တစ်မြို့လုံးအသုံးပြုရန်အတွက် ရေပေးဝေရာတွင် အနည် အများအပြားပါဝင်ကာ ညစ်ပတ်နေသဖြင့် သန့်ရှင်းအောင် လုပ်ဆောင်ပေးသင့်ကြောင်း ဒေသခံအချို့က ပြောသည်။

မြောက်ဦးမြို့ဒေသခံ ကိုဇော်ထွန်းက “လက်ဆည်ကနေ ပေးနေတဲ့ရေက အနည်တွေ အလိပ်တွေ သိပ်များပြီး တော့ ကျန်းမာရေးနဲ့ လုံဝမညီညွတ်တဲ့ပုံစံမျိုးဖြစ်နေပါတယ်။ တစ်လီတာရေသန့်ဘူးတစ်လုံးကို ယူပြီးတော့ လက်ဆည်ကန် ပိုက်ကလာတဲ့ရေကိုသာ ယူပြီး စားပွဲ‌ပေါ်မှာ ထားလိုက်မယ်ဆိုရင် အဲ့ တစ်လီတာရေရဲ့ သုံးလက်မ လေးလက်မလောက်က အနည်အကျိ ထိုင်သွားပါတယ်။ အဲ့‌လောက်ထိ ရေကညစ်ပတ်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်”ဟု ပြောသည်။

ရေတွင် အနည်များပါဝင်သည့်အတွက် အဆိုပါရေအား ရေကန်တွင်သိုလှောင်ကာ အနည်ကျမှ ရေအပေါ်ပိုင်းအား အသုံးပြုခြင်းဖြစ်သော်လည်း ၎င်းအနည်မှာ ပါနေသေးကြောင်း သိရသည်။

ထို့ကြောင့် ၎င်းရေအား လျှော်ဖွတ်၊ ရေချိုးရန်အတွက်သာ အသုံးပြုကြကာ ချက်ပြုတ်စားသောက်ရန်နှင့် သောက် သုံးရန်အတွက် ရေသန့်ကို ဝယ်ယူအသုံးပြုကြကြောင်း ဒေသခံအချို့က ပြောသည်။

ယခင်က ‌မြောက်ဦးမြို့တစ်မြို့လုံးအား ရေပေးဝေရာတွင် လက်ဆည်ကန်တစ်ခုတည်းကိုသာ အသုံးပြုသည့် အတွက် နွေရာသီတွင် ရေရှားပါးခြင်းနှင့် လူဦးရေထူထပ်လာသည့်အတွက် ရေမလုံလောက်မှုများ ဖြစ်ပေါ်လာတာ ကြောင့် အနူမကန်မှ ရေကိုပါအသုံးပြုနေရခြင်းဖြစ်သည်။

လက်ဆည်ကန်နဲ့ အနူမကန်တို့ကို အဝေးမှ တွေ့ရစဉ်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က “ပိုက်လုံးကြီးနှစ်လုံးနဲ့ မြှုပ်ပေးလိုက်တယ်။ မလိုအပ်တဲ့အချိန်ကို ဘားကို ပိတ်ထားမယ်။ လိုအပ်တဲ့အချိန်ကို ဘားဖွင့်ပေးလိုက်ရင် သူ့အလိုလိုဆင်းချသွားတာ လက်ဆည်ကန်ထဲကို။ နုန်းတွေကို စုပ်ထုတ်စရာလည်း မလိုတော့ဘူးလေ။ နုန်းတွေ စုပ်ထုတ်လိုက်ခြင်းအားဖြင့် ဂေဟစနစ်တွေလည်း ပျက်စီးတယ်။ အထဲမှာရှိတဲ့ ငါးသယံဇာတတွေလည်း ပျက်စီးတယ်။ သူ့ဘာသူ ဒီတိုင်းရှိနေတာက ဘာမှမဖြစ်ဘူး”ဟု ပြောသည်။

လက်ရှိအသုံးပြုနေသည့် ရေပိုက်မှာ ဟောင်းနွမ်းနေပြီဖြစ်သဖြင့် အသစ်အစားထိုးကာ ရေစစ်တွေဖြည့်ပြီး ရေမီတာတပ်ဆင်သင့်ကြောင်း မြောက်ဦးမြို့ဒေသခံ ကိုဇော်ထွန်းက ပြောသည်။

“အဓိက ရေညစ်ပတ်ရတဲ့အကြောင်းအရင်းက ရေပေးတဲ့နေရာမှာ အနည်တွေအများကြီးရှိနေတာပါ။ ဆိုတော့ ရေပိုက်ကို ရေပေါ်မှာ floating ပုံစံမျိုး pumping station အဲဒီရေစုပ်တဲ့နေရာပေါ့လေ pumping station ကို floating လုပ်လိုက်ပြီးတော့ အဲဒီရေစုပ်တဲ့နေရာ အဝိုင်းဝန်းတစ်ခုလုံးကို အနက် တူးလိုက်ပြီးတော့ အဲဒီနေရာကို အနည်တွေမလာရအောင် အကာအရံလေးလုပ်ထားလိုက်ရင်တော့ ဒါဖြေရှင်းတဲ့နည်းလမ်းတစ်ခုပါ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြောက်ဦးဒေသအားလာမည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ယူနက်စကို စာရင်းဝင်ရောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။