- By CNI News
- Category: နိုင်ငံရေး
- Hits: 1680
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄
ကလေးမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပါအဝင် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ကလေး)နှင့် ထောက်/ပို့ တပ်များ ကို တိုက်ခိုက်ခဲ့သည်ဟု ကလေး PDF က ဧပြီ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကလေး PDF တပ်ရင်း(၃) အခြေစိုက်စခန်း ၁ ခုကို တပ်မတော်က ဧပြီ ၁၂ ရက်က ဝင်ရောက် စီးနင်း သိမ်းပိုက်ခဲ့ကြောင်း၊ ထို့အတွက် လက်တုံ့ပြန်မှုအဖြစ် တပ်မတော် တပ်ဖွဲ့များ တပ်စွဲထားသော ကလေးမြို့၊ တောင်ဇ လပ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဧပြီ ၁၃ ရက်နေ့ ညနေ ၅ နာရီမှ ၅ နာရီခွဲအထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ကလေး)နှင့် ထောက်/ပို့ တပ်များအတွင်းသို့လည်း ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကလေး PDF က ထုတ်ပြန် ပြောကြားခဲ့သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1701
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာ ၇ နေရာမှာ ဖောက်ခွဲမှုလုပ်ရန် ပြင်ဆင်နေသူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု နစက-က ယနေ့(ဧပြီ ၁၃ ရက်)ထုတ်ပြန် သွားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက်ရှိ ပိုင်အိုးနီးယားကလပ်၊ လှိုင်သာယာမြို့နယ် ဘုရား လမ်းရှိ မော်ဒန်ဝမ်းတူး KTV၊ မြောက်ဥက္ကလာပမြို့နယ် မြောက်ဥက္ကလာပအဝိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဗီလာ၊ လှိုင်သာယာ မြို့နယ်ရှိ ထွန်းဖောင်ဒေးရှင်းရုံး၊ ကြည့်မြင်တိုင်မြို့နယ်-ကမ်းနားလမ်းရှိ Sky Way Club၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံ စသည့် နေရာ ၇ နေရာတွင် ဖောက်ခွဲရေးလုပ်ရန် ပြင်ဆင်နေစဉ် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သူများ ဖြစ်ကြောင်း ဆိုသည်။
ထိုဖမ်းဆီးခံရသူများမှာ သီရိဝေ(ခ)မဝေ၊ ရှမွေလ(ခ)ဦးရှင်ကြီး၊ ဇော်မင်းသိန်း၊ ကျော်ဇောဝင်း၊ လှမင်းသိန်း၊ ဇေယျာထွန်း၊ သက်ပိုင်စိုး၊ အေးချမ်းကိုကို၊ ထွန်းမင်းကျော်၊ ကျော်ကျော်အောင်(ခ)ကျော်ကြီး၊ ရန်ပိုင်ဌေး၊ ဒန်နီရယ်(ခ)နေပွဲသော၊ ပိုင်သက်စံ၊ စောကော်မူး(ခ) ဂိုးချွန်း၊ မြတ်ထွေး၊ နော်ရှီးခူဆဲတို့ ဖြစ်ကြောင်း သိရသည်။
ထို့နောက် M-16 ၁ လက်၊ MK-12 ၁ လက်၊ ပွိုင့်-22 ၁ လက်၊ လက်လုပ်သေနတ် ၉ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၂၁ လုံး၊ ကျည် မျိုးစုံ ၁၇၆၅ တောင့်၊ ကျည်အိမ် ၄ ခု၊ MK-12 ပြောင်းကာ ၁ ခု၊ MK-12 ဒင် ၁ ခု၊ မှန်ပြောင်း ၂ လက်၊ အသံတိတ်ပြောင်း ၁ ခု၊ ဒီတိုနေတာ ၅၀၀ ချောင်း၊ အဝေးထိန်းခလုတ် ၇ ခု၊ ယမ်းချောင်း ၈၀ ချောင်း၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းပြု လုပ်ရာ တွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း နစက-က ထုတ်ပြန်သွားခဲ့သည်။
- By CNI News
- Category: ဆောင်းပါး
- Hits: 2987
CNI Article News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
အထူးစစ်ဆင်ရေးဟု ရုရှားက သူ့ဘာသာသူ ခေါင်းစဉ်တပ်၍ ဒွန်ဘတ်စ်ဒေသကို နယ်ချဲ့ဖို့ ယူကရိန်းနိုင်ငံထဲသို့ ကျူးကျော် စစ်ဖြင့် ဝင်ရောက်လိုက်ခြင်းသည် ကမ္ဘာ့လူသား သန်းပေါင်းများစွာကို အံ့အားသင့်စေခဲ့ပြီး ရုရှား၏ အိမ်နီးချင်းအားလုံး အထိတ်တလန့် ဖြစ်ကုန်ကြသည်။
စစ်ဖြစ်နေသော ဥရောပဒေသတွင်းနှင့် ဝေးကွာစွာ တည်ရှိနေသော တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အနောက်ဘက်သို့ လူအများ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူ၍ ကျူးကျော်လာမည့်အရေးကို ကမ္ဘာ့အရှေ့ဖျားမှ ထိုင်ဝမ်ပြည်သူများ စိုးရိမ်မကင်း ဖြစ်နေကြသည်။
သို့သော် တရုတ်က ထိုင်ဝမ်ကို တိုက်မည့် အရိပ်အယောင် မပြသသော်လည်း ယူကရိန်းစစ်ပွဲက ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းစုအတွက် အရေးကြီးသော ခံစားချက်အသစ်ကို ဖန်တီးပေးခဲ့သည်ကား အမှန်ပင် ဖြစ်လေ၏။
တရုတ်စစ်တပ်
မကြာသေးမီ ရက်ပိုင်းအတွင်း သမ္မတ ဆိုင်အင်ဝမ်က ကျွန်း၏ လက်နက်ကိုင် တပ်ဖွဲ့များနှင့် လုံခြုံရေး ဝန်ထမ်းများကို စောင့်ကြည့် စစ်ဆေးရေးနှင့် ကာကွယ်ရေးအင်အား ကောင်းစေဖို့ တာဝန်ပေး ညွှန်ကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်ဝမ်၏ မဖြစ်မနေ စစ်မှုထမ်းရေး ကိစ္စနှင့် စစ်ရေး အရည်အသွေး မြှင့်တင်ရန်နှင့် တာဝန်ထမ်းချိန်ကို ၄ လမှ အနည်းဆုံး ၁ နှစ်အထိ တိုးမြှင့်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေသည်။
ထိုင်ဝမ်စစ်တပ် ဘာတွေပြင်ဆင်ထားလဲ
**************************************
ကလာရှနီကိုဗစ် (Kalashnikovs) ရိုင်ဖယ်တစ်လက် ရဖို့အရေး တန်းစီစောင့်ဆိုင်းနေကြသော ယူကရိန်းအရပ်သားများ၏ ပုံရိပ်နှင့် စစ်မြေပြင် အောင်ပွဲဆင်သည့် သတင်းများသည် ယူကရိန်းသူ၊ ယူကရိန်းသားများ၏ ရဲစွမ်းသတ္တိကို သက်သေ ပြနေ သည်။ ထိုသို့ စံနမူနာသည် သာလွန်အင်အားရှိသည့် စစ်တပ်တစ်တပ်နှင့် ရင်ဆိုင်ရသည့်အခါ အလားတူ ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ထိုင်ဝမ်ပြည်သူများကိုလည်း တစ်နည်းတစ်ဖုံအားဖြင့် လှုံ့ဆော်နေခဲ့သည်။
“တိုက်ပွဲဝင်လိုစိတ်”သည် စီရင်ဆုံးဖြတ်ရန် လွန်စွာခက်ခဲလှသည်ဟု ဆိုလင့်ကစား တိုင်ပေအခြေစိုက် ဒဿနသမား အုပ်စု ဖြစ်သည့် ထိုင်ဝမ်နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (TISSS) က ပြီးခဲ့သည့် မတ်လ ၁၅ ရက်၌ ထုတ်ခဲ့သည့် စစ်တမ်း တစ်စောင်၏ အဆိုအရ ၎င်းတို့နိုင်ငံအတွက် တိုက်ပွဲဝင်လိုကြသည့် ထိုင်ဝမ် စစ်တမ်း ဝင်ရောက် ဖြေသူအချိုးသည် ယမန်နှစ် ဒီဇင်ဘာလတွင် ၄၀ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ယခု ဧပြီလဆန်း၌ ၇၀ ဒသမ ၂ ရာခိုင်နှုန်းအထိ သိသာစွာ တိုး တက်လာကြောင်း တွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ယူကရိန်းထဲသို့ ရုရှားကျူးကျော်နေသည့် ကာလအတွင်း မြေပြင် အပြောင်းအလဲကြားတွင် ထိုင်ဝမ်လည်း နှုတ်ဆိတ်မနေဘဲ တိုးတက်လှုပ်ရှားနေသည်မှာ ထင်ရှားသည်။
ထိုင်ဝမ်စစ်တပ်
ထိုင်ဝမ်တွင် တဖန်ပြန်လည် ဆန်းစစ်လာသည့် စစ်ရေးဆိုင်ရာ နိုးကြားတက်ကြွမှုအတွက် ကြိုတင်ပြင်ဆင်မှုနှင့်စပ်လျဉ်း၍ လေ့ကျင့်ရေး လိုအပ်ချက်ကို ဖန်တီးပေးဖို့ လိုအပ်လာသည်။
ယူကရိန်း၏ အပြင်းအထန် ခုခံမှုသည် ထိုင်ဝမ်လူမျိုးများကြားတွင် တိုက်ခိုက်ရေး စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်သော်လည်း TISSS စစ်တမ်းတွင် တစ်ခုသော မေးခွန်းဖြစ်သည့် “အမေရိကန်ထောက်ခံမှုမရှိဘဲ ထိုင်ဝမ်တစ်နိုင်ငံတည်းဖြင့် တရုတ်စစ်ရေး ကို ရင်ဆိုင်နိုင်ပါ့မလား” ကို စစ်တမ်းဝင်ရောက်ဖြေဆိုသူ ၃၄ ဒသမ ၇ ရာခိုင်နှုန်းကသာ ယုံကြည်ကြသည်။
အလားတူ စစ်တမ်းတစ်စောင်ဖြစ်သည့် မတ်လ ၂၂ ရက် ထုတ်ပြန်ခဲ့သော ထိုင်ဝမ်လူထုအမြင် ဖောင်ဒေးရှင်း (TPOF) ၏ စစ်တမ်းတွင်လည်း ဝင်ရောက်ဖြေဆိုသူ ၁၅ ဒသမ ၈ ရာခိုင်နှုန်းကပဲ ထိုင်ဝမ်(တရုတ်)များအနေဖြင့် မိမိကိုယ်ကို ခုခံနိုင်ခြေ ရှိကြောင်း ယုံကြည်ကြသည်ဟု တွေ့ရသည်။
ထိုသို့ ယုံကြည်မှုနှုန်း လျော့နေခြင်း၏ အကြောင်းရင်းတစ်ခုမှာ တပ်အင်အားပမာဏ နည်းပါးခြင်း ဖြစ်သည်။ ထိုင်ဝမ်၏ ကြည်းတပ်အင်အား ၈၈,၀၀၀ ကို တရုတ်ပြည်မကြီးက ၎င်း၏ ကြည်းတပ်အင်အား ၁ ဒသမ ၀၄ သန်းနှင့် နှိုင်းယှဉ်ပြ၍ ကြွားဝါ နေခဲ့သည်။
တရုတ်သည် ထိုင်ဝမ် ရေလက်ကြား ဧရိယာတွင် ၎င်း၏အင်အား ၄၁၆,၀၀၀ အထိ ချထားနိုင်သည်။ ထိုင်ဝမ်တွင် အရန်တပ် အင်အား စုပေါင်းစပ်ပေါင်း ချုံငုံပေါင်းကြည့်လျှင် ၁ ဒသမ ၅ သန်းအထိ ရှိနိုင်သော်လည်း အရန်တပ်ဖြစ်သည့် အားလျော်စွာ လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်မှု ညံ့ဖျင်းကြသဖြင့် စိုးရိမ်စရာရှိသည်။
တရုတ်က လွှမ်းခြုံလာမည့် လေတပ်နှင့်ရေတပ် သာလွန်အင်အားကို တုံ့ပြန်ရန် တိုင်ပေသည် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်နှင့် တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို သုံးပြီး အချိုးမညီ စစ်ပွဲများအတွက် လက်နက်စွမ်းရည်ကိုပဲ များစွာ အားကိုးရမည့် အနေ အထား ရှိသည်။
ထိုင်ဝမ်နဲ့အမေရိကန်မဟာမိတ်
အမေရိကန်ကတိ ဘယ်လောက်အထိတည်နိုင်လဲ
*********************************************
ယူကရိန်းအရေးကို ကြည့်လျှင် အမေရိကန်သည် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ဝင် (နေတိုး) မဟုတ်သည့် နိုင်ငံများထံ သို့ အမေရိကန်တပ်များ စေလွှတ်ခြင်းငှာ မလွယ်ကူ၍ ထိုင်ဝမ်အတွက် ဝိုင်းကူတိုက်ပေးမည် မဟုတ်ဟု တရုတ်ဝါဒဖြန့်ချိရေး နှင့် တရုတ်အမျိုးသားရေးဝါဒီဟု နာမည်ခံသူများက အင်တာနက်ပေါ်တွင် စေ့ဆော်နေခဲ့ကြသည်။
၁၉၅၅ - ၁၉၈၀ တရုတ်-အမေရိကန် အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို အစားထိုးခဲ့သည့် ၁၉၇၉ ခုနှစ် ထိုင်ဝမ် ဆက်ဆံ ရေးအက်ဥပဒေအရ ထိုင်ဝမ်ကို ခုခံကာကွယ်နိုင်ရန်နှင့် မည်သည့်အရာမဆို တွန်းလှန်နိုင်ရန် လက်နက်များ ပေးအပ်ဖို့နှင့် အမေရိကန်၏စွမ်းရည် ဆက်ထိန်းထားဖို့ မူဝါဒတစ်ရပ်အား ဝါရှင်တန် အားကိုးအားထားရေး ဦးတည်၍ ရေးဆွဲခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုင်ဝမ်အတွက် တိုက်ပွဲဝင်ပေးပါမည်ဟု ဝါရှင်တန်၏ ပြတ်ပြတ်သားသား ကတိကဝတ် မရှိခဲ့သော်လည်း အမေရိကန်သည် ထိုင်ဝမ် အတိုက်ခံလာရသည်ရှိသော် ကူညီပါမည်ဟု ဂျိုးဘိုင်ဒန်က အတိအလင်း နှစ်ကြိမ်တိုင်တိုင် ပြောကြားခဲ့ပြီး ဖြစ်လေသည်။
ဘိုင်ဒန်အစိုးရက ထိုင်ဝမ် အချိုးကျကူညီရေး သဘောထား မှတ်ချက်များကို ကျောထောက်နောက်ခံ ပေးထားသော်လည်း ဘေဂျင်း(တရုတ်)ကတော့ ထိုင်ဝမ်ကို သူဝင်တိုက်လျှင် အမေရိကန်တပ်များ ဝင်လာမည်ဟု ယူဆထားသည်။
တရုတ်စစ်တပ်
တရုတ်ကျူးကျော်မှုဖြစ်နိုင်ခြေ
******************************
ရုရှားနိုင်ငံ၏ ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) အဖွဲ့က ထုတ်ပြန်သည့် စာတမ်းတစ်စောင်တွင် “ရှီကျင့်ဖျင်သည် လာမည့် ဆောင်းဦးရာသီတွင် ထိုင်ဝမ်ကို သိမ်းဖို့ အနည်းဆုံး အစမ်းသဘော စဉ်းစားနေသည်” ဟု အများသိအောင် ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း ယူကရိန်းအရေးကိစ္စကြောင့် တရုတ်အခွင့်အလမ်းများ ပတ်သွားသည်ဟု ယင်းစာတမ်း တွင် ကောက်ချက်ချထားသည်။
အမည်မဖော်လိုသည့် ရုရှားသုံးသပ်သူတစ်ဦး ရေးသားခဲ့သော စာတမ်းတစ်စောင်တွင် “ရှီကျင့်ဖျင်သည် လာမည့် ၂၀၂၂ ခုနှစ် နှောင်းပိုင်း ကျင်းပမည့် ပါတီကွန်ဂရက် အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ တတိယအကြိမ်မြောက် ဆက်လက် တာဝန်ယူမည့် အထွေထွေအတွင်းရေးမှူးနေရာအတွက် အောင်ပွဲအသေးစား လိုအပ်မည်”ဟု စောဒတက် ထားကြောင်း တွေ့ရသည်။
သို့သော် တရုတ်ကွန်မြူနစ်ပါတီထဲတွင် Covid-19 နောက်ဆုံး မျိုးစိတ်ပျံ့နှံ့မှု၊ စက်ရုံများ ပိတ်ရမှုနှင့် ကုန်စည်၊ ဝန်ဆောင်မှု ထောက်ပံ့ရေး ကွင်းဆက်များ စသည့် အနှောင့်အယှက်များစွာ ရှိနေချိန်၌ ထိုင်ဝမ်အရေးကို ဒိုင်ခံတွေး၍ ဦးစားပေးရန်မှာ အန္တရာယ်များလှသော အလောင်းအစား တစ်ခုပဲ ဖြစ်သည်။
တခြား တစ်ဖက်တွင်လည်း တရုတ်သည် ဝါဒရေးရာနှင့် စီးပွားရေး မဟာမိတ်ဖြစ်သူ ရုရှားကို ပံ့ပိုးပေးနေရသည်။ ထို့ပြင် အနောက်အုပ်စု၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှု ဂယက်များကလည်း တရုတ်ထံသို့ လွင့်စဉ်လာနေသည်။
နိုင်ငံခြား အရန်ငွေကြေးအများစုသို့ ဝင်ရောက်ထိတွေ့ခွင့် အပိတ်ခံရခြင်း၊ ကုန်သွယ်အားလုံး (တပိုင်းလျှပ်ကူးပစ္စည်း အီလက် ထရောနစ် Chip ပြားနှင့် စက်မှုပစ္စည်းများ အပါအဝင်) တရုတ်နှင့် ဘဏ္ဍာရေး အလွှဲအပြောင်းများ၊ တရုတ်အဆင့်မြင့် အရာရှိ များ၏ ပိုင်ဆိုင်မှုများကို အနောက်အုပ်စုက တားမြစ်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်ဖြစ်သော SWIFT ထဲသို့ တရုတ် ဘဏ်များ ကျင်လည်ကျက်စားခွင့်နှင့် အနောက်အုပ်စု တရားစီရင်ပိုင်ခွင့်ထဲ ရောက်ရှိနေသော တရုတ်ပိုင်ဆိုင်မှုများ အသိမ်းခံ ရခြင်း စသည့် ဂယက်များကို ခံစားနေရသည်။
ရုရှားကျူးကျော်မှုကို တိုက်ခိုက်နေတဲ့ ယူကရိန်းက စစ်သမီးပျို
ရုရှားနိုင်ငံအပေါ် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု အရှိန်အဟုန်သည် ဘေဂျင်းကို ထိတ်လန့်စေသင့်သော်လည်း လက်တွေ့တွင် တရုတ်သည် အနောက်တိုင်း စားသုံးသူ ဈေးကွက်များကို အထိနာစေနိုင်သော လက်တုံ့ပြန်နိုင်မှု စွမ်းရည်ပိုကြီးနေ၍ ဖြစ်လာ နိုင်ခြေရှိသော ပိတ်ဆို့အရေးယူမှု၏ အတိုင်းအတာနှင့် ထိရောက်မှုတို့ကို ခဏခေါက်ထားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ကုန်သွယ်ဖက်များ တလေသံတည်း ပေါက်စေရေးအတွက် ရှေ့တန်းမှ ဆော်ဩနေရသည့် ဘေဂျင်း သည် တကယ်တမ်း ပိတ်ဆို့ခံရခဲ့လျှင် အနောက်တိုင်း၏ နည်းပညာ၊ ထောက်ပံ့ရေး ကွင်းဆက်များနှင့် စျေးကွက်များအပေါ် မှီခိုနေရမှုကို လျှော့ချရန် နောက်ထပ် အစီအမံများ လိုအပ်မည်ဖြစ်သည်။
ရှီကျင့်ဖျင်သည် ဆင်ခြင်တုံ တရားရှိသော ခေါင်းဆောင်တစ်ဦးဟု ယူဆပါက တိုင်ပေသည် လွတ်လပ်ရေးရဖို့ အသံထွက် လာသည်နှင့် ကျူးကျော်ရန်သာ ကြိုးပမ်းမည်ဖြစ်သော်လည်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် ဘက်ကတော့ ၎င်း၏ရာထူး သက်တမ်းကုန်ဆုံးမည့် ၂၀၂၄ ခုနှစ်အထိ လွတ်လပ်ရေးအတွက် ထူးထူးခြားခြား လှုပ်ရှားမှုများ ပြုလုပ်နိုင်ဦးမည် မဟုတ်ပေ။
ရှီအတွက် ၎င်း၏စစ်တပ်သည် အောင်မြင်ပြီး လျင်မြန်သော ကုန်းရေနှစ်သွယ် ကျူးကျော်နိုင်ဖို့ ယုံကြည်စိတ်ချမှု တစ်ရပ် လိုအပ်သည်။ တရုတ်စစ်တပ်၏ ရည်မှန်းချက်မှာ ၂၀၂၇ ခုနှစ် အရောက်တွင် သာမန်ခေတ်မီသည့် အဆင့်ထက်ကျော်လွန်၍ ၂၀၄၉ ခုနှစ်အရောက်တွင် ကမ္ဘာ့ထိပ်တန်းအဆင့် ဖြစ်ရေးဟု သိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်
ရုရှား၏ သာလွန်ကောင်းမွန်သည်ဟု (စာရွက်ပေါ်တွင်) ပြောခဲ့မိသည့် တပ်ဖွဲ့များကို မြင်တွေ့ပြီးနောက် ဘေဂျင်းသည် ကိုယ့် ကိုယ်ကို ယုံကြည်စိတ်ချမှု အတိုင်းအတာထက် ကျော်လွန်ခြင်းအား ဖျောက်ဖျက်ပစ်ရမည် ဖြစ်ပါသည်။
၁၉၇၉ ခုနှစ် နယ်စပ်စစ်ပွဲတွင် ဗီယက်နမ်တို့ မအောင်မြင်ခဲ့သော နယ်စပ်စစ်ပွဲ အပြီးကတည်းက တရုတ်သည် လက်တွေ့ မစမ်းသပ်ရသေးသော စစ်ရေးစွမ်းရည်များနှင့် တရုတ်စစ်သားများအကြား ထိုင်ဝမ်ကို အမှန်တကယ် တိုက်ခိုက်လိုသည့် စိတ် ဆန္ဒနှင့် ပတ်သက်၍လည်း မေးခွန်းထုတ်စရာများ ရှိနေသည်။
တကယ်စစ်တလင်း ခင်းကျင်းပြီဟေ့ ဆိုလာသည့်အခါ အရည်အချင်း ပြည့်မီသော တရုတ်စစ်တပ်ပင်လျှင် ထိုင်ဝမ်ကို ကျူးကျော်ရန် ခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်ရပေမည်။
ရုရှားနှင့် ယူကရိန်းတို့ ကုန်းမြေချင်း ထိစပ်နေမှု နယ်နိမိတ်ချင်း မတူဘဲ ထိုင်ဝမ်သည် တရုတ်ပြည်မကြီးမှ ကီလိုမီတာ ၁၈၀ ခန့် ကွာဝေးသော ရေလက်ကြားဖြင့် ခွဲထွက်ကာ သင့်လျော်သော ကြည်း၊ရေ နှစ်သွယ် ဆင်းသက်ဝင်ရောက်ရန် မြေဧရိယာမှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။ ထို့အပြင် ထိုင်ဝမ် ပထဝီဝင်၏ သုံးပုံနှစ်ပုံသည် မီတာ ၃၀၀၀ ကျော်ရှိ တောင်ထိပ် ၂၅၈ ခုဖြင့် ဖုံးလွှမ်းနေပြီး လူနေထူထပ်သော မြို့ပြဒေသများတွင် တစ်အိမ်တက်၊ တစ်အိမ်ဆင်း တိုက်ခိုက်ရခြင်းဖြင့် ပြဿနာရှိနိုင်သည်။
ယူကရိန်းကို ကျူးကျော်ခံရပြီးကတည်းက ဘိုင်ဒန်အစိုးရနှင့် ပင်တဂွန် စစ်ဌာနချုပ်တို့အတွက် ထိုင်ဝမ်ကို တရုတ်တိုက်ခိုက် ပါက ပိုမိုပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်သည့် အလားအလာမှာ အမြဲတမ်း ဖြစ်နိုင်ခြေရှိနေသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က “ယူကရိန်းသည် နိုင်ငံတစ်နိုင်ငံမဟုတ်” ဟူသော ပြောဆိုချက်နည်းတူ ထိုင်ဝမ်သည် တရုတ် ၏ ပြည်နယ်တစ်ခုသာဖြစ်ကြောင်း ရှီ၏ အခိုင်အမာ ပြောဆိုချက်ကလည်း ရှိနှင့်ပြီးဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်
ယူကရိန်းကို ကျူးကျော် ဝင် ရောက်မှုသည် ထိုင်ဝမ်နှင့် ယူကရိန်း နိုင်ငံသားများအကြား စာနာနားလည်မှုရှိသည့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးအား တိုး ပွား လာစေပြီး အဆိုပါ နှစ်နိုင်ငံစလုံးတွင် ၎င်းတို့၏ ဧရာမအင်အားကြီး အိမ်နီးချင်းအပေါ် ယှဉ်ပြိုင်နိုင်စွမ်းနှင့်အတူ သီးခြားလွတ်လပ်သော ကိုယ်ပိုင်လက္ခဏာကို ပိုမိုထင်ရှားစွာ ရရှိလာစေသည်။
ယူကရိန်း ကျူးကျော်ခံရမှု၏ ပြင်းထန်သော ဂယက်သည် ထိုင်ဝမ်စစ်တပ်နှင့် နိုင်ငံသားများအတွက် နိုးကြားမှုတစ်ခု ဖြစ်လာခဲ့သည်။
ထိုင်ဝမ်ကို ကာကွယ်ရန် အမေရိကန်၏ ကတိကဝတ်သည် အခိုင်အမာရှိလင့်ကစား ကျွန်းပေါ်ရှိ စစ်ရေးနှင့် အရပ်ဘက်ဆိုင်ရာ ပြင်ဆင်မှု ပြုပြင်ပြောင်းလဲရေးများ ရှေ့တိုးမြှင့်တင်ရန် လိုအပ်ကြောင်း တိုင်ပေက ကောင်းကောင်း သိသည်။
ယုတ်စွအဆုံး ရှီကျင့်ဖျင်ထံတွင် ချက်ချင်းလက်ငင်း ကျူးကျော်ရန် အစီအစဉ်ရှိသည့်တိုင် စစ်မြေပြင်တွင် ယူကရိန်း နိုင်ငံသား များ၏ အံ့မခန်း အောင်မြင်မှုများ မျက်ဝါးထင်ထင် ပေါ်ထွက်လာချိန်၌ ရှိ၏ အကြံအစည်နှင့် အစီအမံများ နောက်ဆုတ် ရတော့မည်မှာ သေချာပါသည်။
တချို့နေရာများတွင် ယူကရိန်းတို့၏ ခံစစ်တိုက်ခိုက်ရေး စိတ်ဓာတ်ဖြင့် ရုရှားများကို တွန်းလှန်နိုင်ခဲ့သော်လည်း အစောပိုင်း ကာလအထိ ကျူးကျော်မှုများ ရှိနေဆဲဖြစ်ပြီး မော်စကို လက်ရှိထက် တိုးလာပါက သို့မဟုတ် ရှီ၏ တွက်ကိန်းကို အပြောင်း အလဲ ရှိပါက ထိုင်ဝမ်သည် ယနေ့ ပြင်ဆင်ရန် လိုအပ်ချေပြီတကား။ ။
Source: Asia Times
#တရုတ် #ထိုင်ဝမ် #စစ်ပွဲ #ဆောင်းပါး #နိုင်ငံရေး #နိုင်ငံတကာ #CNImyanmar #cninews
(အေးရှားတိုင်းမ်ဝက်ဘ်ဆိုက်တွင် ဧပြီလဆန်းပိုင်းက ဖော်ပြခဲ့သော မူရင်းဆောင်းပါးရှင် Gary Sands ၏ဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်)
- By CNI News
- Category: နိုင်ငံရေး
- Hits: 2624
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
ရှမ်းနီအမျိုးသားဒေသအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုအပေါင်း၏ အကျိုးစီးပွားကို နှောင့်ယှက် ပျက်စီးသူများ ကို ထိရောက်စွာ တုံ့ပြန်အရေးယူသွားမည်ဟု ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ယနေ့(ဧပြီ ၁၃ ရက်)တွင် ထုတ် ပြန် ပြောကြားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရှမ်းနီအမျိုးသားများ ဒေသအတွင်း၌ မှီတင်းနေထိုင်ကြသော ပြည်သူလူထု အပေါင်း၏ အကျိုး စီးပွားကို နှောင့်ယှက်ပျက်စီးစေမည့် လုပ်ရပ်များအား လုပ်ဆောင်သော မည်သည့် အဖွဲ့အစည်းကို မဆို ပြင်းထန်စွာ ရှုံ့ချ ကြောင်း ဖော်ပြထားသည်။
SNA က “အဆိုပါ ရှမ်းနီအမျိုးသားဒေသအတွင်းရှိ ပြည်သူလူထု၏ အကျိုးစီးပွားကို နှောင့်ယှက်ပျက်စီးရန် ဆောင်ရွက်သူ မှန်သမျှအား ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှ ထိရောက်စွာ တုံ့ပြန်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန် လိုက်သည်”ဟု ပြောသည်။
SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်တို့ တွင် လှုပ်ရှားလျက်ရှိသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီး ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းဒေသတို့ကို စုစည်း၍ ရှမ်းပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ် သည်။
- By CNI News
- Category: ဆောင်းပါး
- Hits: 2085
CNI Article News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
ဗလာဒီမာပူတင်သည် ယနေ့ခေတ် အဒေါ့ဖ်ဟစ်တလာဟူသော အယူအဆသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အထိ သာမန် ဝေဖန် ပုတ်ခတ်မှုအဆင့်သာ ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပူတင်သည် ယူကရိန်းသို့ ပထမဆုံး ထိပါးကျူးကျော်ခဲ့ပြီးနောက် ဟီလာရီကလင်တန်က ရုရှားသမ္မတကို ဂျာမန် စိတ်ကျန်းမာရေးချို့တဲ့သူ (ဟစ်တလာ)နှင့်တူကြောင်း လူသိရှင်ကြား ခိုင်းနှိုင်း ပြောဆိုခဲ့ဖူးသည်။
ထိုစဉ်က ဟီလာရီ ဘာပဲပြောခဲ့၊ ပြောခဲ့ ပူတင်နှင့်ပတ်သက်၍ ထိုသို့ခိုင်းနှိုင်းမှုမှာ သိပ်တော့ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပေ။
သို့သော် မျက်မှောက်ကာလ၌ ပူတင်သည် ယူကရိန်းနိုင်ငံထဲသို့ တရားမဝင် ရက်စက်ကြမ်းကြုတ်စွာဖြင့် ကျူးကျော် တိုက် ခိုက် လာချိန်မှစပြီး ရက်သတ္တ ၅ ပတ်အတွင်းတွင် ရုရှားခေါင်းဆောင်တစ်ဦးကို ဟစ်တလာနှင့် နှိုင်းယှဉ်ရန် အဆီအငေါ် မတည့်လှသော ရှုထောင့်များ၊ အတွေးအခေါ်များ ပေါ်ထွက်လို့ လာခဲ့သည်။
နာဇီခေါင်းဆောင် ဟစ်တလာ
ထို ဥပမာ ခိုင်းနှိုင်းမှုများကို စေ့ငုကြည့်လျှင် ရုရှားအကြောင်း အသိဆုံးဟု ပြောကြသူများသည် ပူတင်ဆိုသည်မှာ မည်သည့် လူစား ဖြစ်သနည်းဆိုသည့် အခြေခံအချက်အပေါ် နားလည်မှု လွဲချော်နေခြင်းကို ပြသနေသည်။
ပူတင်သည် ဆိုဗီယက်ခေတ်က အမှားအယွင်း အားလုံးကို ဆိုးမွေအဖြစ် သူ့ခေါင်းပေါ်တင်လျက် လူမျိုးပေါင်းစုံ၊ ဝါဒပေါင်းစုံ တို့ဖြင့် ထွေးရောယှက်တင် ဖြစ်နေသည့် နိုင်ငံကို နှစ်ပေါင်း ၂၀ ကျော်ကြာ ကသောင်းကနင်း မဖြစ်ရလေအောင် ထိန်းမတ် ပေးခဲ့သည်။
ပူတင်၏ လုပ်ရပ်များတွင် စက်ဆုတ်ရွံ့ရှာစရာ အကျင့်ပျက်ခြစားမှုများ၊ ဒီမိုကရေစီ တာဝန်ခံမှု ကင်းမဲ့ခြင်းများနှင့် မီဒီယာ လွတ်လပ်ခွင့် ဟန့်တားခြင်း၊ လူမျိုးသုဉ်း သတ်ဖြတ်ခြင်းတို့ဖြင့် အနောက်အုပ်စု နိုင်ငံများတွင် ၎င်းကို ကန့်ကွက်စရာ အမြောက်အမြား ရှိနေသော်လည်း အမျိုးသားရေးအမြင်အရ ရုရှားနိုင်ငံသားများကတော့ ထိုသို့ ကန့်ကွက်စရာ မရှိကြပေ။
ပူတင်နှင့် နောက်ထပ် ခိုင်းနှိုင်းစရာ ခေါင်းဆောင်တစ်ဦးမှာ ဂျိုးဇက်စတာလင်ဖြစ်သည်။ စတာလင်နှင့် ခိုင်းနှိုင်းလျှင်တော့ မှတ်မှတ်သားသား ပုံရိပ်များကတော့ ကျယ်ပြန့်စွာ ရှိနေသည်။ လက်ဝဲယိမ်းသည့် ဗြိတိန်နိုင်ငံထုတ် မဂ္ဂဇင်းတစ်စောင် ဖြစ် သည့် New Stateman ကနေ လက်ရှိ ရုရှားသမ္မတသည် စတာလင်၏ အမွေကို ဆက်ဆံသည်ဟု ရေးသားခဲ့သလို Yahoo ကဲ့သို့ ထင်ရှားသည့် အမေရိကန်မီဒီယာများတွင်လည်း အလားတူ ခိုင်းနှိုင်းရေးသားခဲ့ကြသည်။
“ပူတင်သည် စတာလင်ကို ကြည်ညိုလေးစားသူဖြစ်ပြီး ရုရှားကို အောင်မြင်စေဖို့ လုပ်ဆောင်နိုင်ခဲ့ကြောင်း” အဆိုပါ သတင်းများတွင် တွေ့ရသည်။
သို့စင်လျက် ကွန်မြူနစ်ဝါဒအပေါ် ပူတင်၏အမြင်များမှာ လူသိများထင်ရှားပြီး ဘော်ရှီဗစ် အသက်ဆက်လိုသူ မျိုးဆက်များ အတွက်လည်း ပူတင်ကတော့ လွမ်းဆွတ်နေပုံ မရပေ။
ဆိုဗီယက်ခေါင်းဆောင် စတာလင်
ဒုတိယကမ္ဘာစစ်အတွင်း နာဇီများကို အနိုင်တိုက်ခဲ့သည့် အခန်းကဏ္ဍအတွက် စတာလင်ကို ချီးကျူးနေကြဆဲ ဖြစ်သော်လည်း ခန့်မှန်းခြေ လူ ၁ ဒသမ ၅ သန်း သေကြေခဲ့ရသည့် စတာလင်၏ သုတ်သင်ရှင်းလင်းမှု ဖြစ်စဉ်များနှင့် ဂူလက် အကျဉ်းထောင် စနစ်ကို ပူတင်က ရှုတ်ချခဲ့သည်။
အမှန်စင်စစ် ချဉ်းကပ်မှုများစွာတို့ဖြင့် ပူတင်၏ အမြင်များကို နီးကပ်စွာ လေ့လာကြည့်လျှင် ဆိုဗီယက်ခေတ်က အတိုက်အခံ ခေါင်းဆောင်၊ စာရေးဆရာ အလက်ဇန္ဒားဆိုရှဲနစ်ဇင် (Aleksandr Solzhenitsyn) နှင့် ဂူလက်အကျဉ်းထောင်မှ မသေဘဲ ကျန်ခဲ့သူများ၏ အယူအဆများအား ခြေရာခံ တွေ့ရမည်ဖြစ်သည်။
၁၉၇၀ ပြည့်နှစ်၏ စာပေနိုဗယ်ဆုရှင် အလက်ဇန္ဒား ဆိုရှဲနစ်ဇင်ကို ပူတင် ကောင်းကောင်း ချီးကျူးခဲ့ခြင်းအတွက် ခိုင်လုံသည့် မှတ်တမ်းမှတ်ရာ များစွာရှိသည်။ ၂၀၀၇ ခုနှစ်က ပူတင်သည် ဆိုရှဲနစ်ဇင်၏ ၈၉ နှစ်မြောက် မွေးနေ့အခါသမယ၌ လူကိုယ်တိုင် သွားရောက်၍ ဂုဏ်ပြုခဲ့သည်။
“လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် စံနမူနာပြ အောင်မြင်ခဲ့ကြောင်း” ဆိုရှဲနစ်ဇင်ကို ပူတင်က ချီးကျူး ထောပနာပြုခဲ့သည်။
ဆိုဗီယက်ခေတ် စံနမူနာအပေါ် ပူတင်၏ ဝေဖန်မှုသည် ဆိုရှဲနစ်ဇင်၏ လေသံ ပဲ့တင်ထပ်ခြင်းဖြစ်ကြောင်း ဗြိတိန်ပညာရှင် တစ်ဦးဖြစ်သူ ရစ်ချက်ဆာကဝါ (Richard Sakwa)က သတိပြုမိခဲ့သည်။
ဆိုဗီယက် စီမံကိန်းများကြောင့် ရုရှားတို့၏ ရှေးရိုးရာဓလေ့ ထုံးတမ်းများမှာ အခြေအမြစ် မရှိသည့်ဘဝ ဆိုက်ရောက် သွားရ ခြင်းအတွက် ဆိုရှဲနစ်ဇင်နှင့် ပူတင်တို့ ထိရှကြေကွဲခဲ့ကြကြောင်း ရစ်ချက်ဆာကဝါက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသားများကို ပူတင်မိန့်ခွန်းပြောစဉ်
ထို့ထက်ပို၍ပြောရလျှင် ယူကရိန်းနိုင်ငံတော်၏ တရားဝင်မှု (legitimacy) နှင့်ပတ်သက်၍ ပူတင်၏ မကြာခဏ မေးခွန်းထုတ် မှုသည် လီနင်အပေါ် ဆိုရှဲနစ်ဇင်၏ ဝေဖန်မှုနှင့် ဆင်တူနေသည်။ ဆိုဗီယက်ပြည်ထောင်စု (USSR)၏ ဖွဲ့စည်းပုံ သမ္မတနိုင်ငံ ၁၅ နိုင်ငံ၏ နယ်နိမိတ်မျဉ်းများ ရေးဆွဲရန်အတွက် ဆိုဗီယက်ခေါင်းဆောင်များ အသုံးပြုခဲ့သော စံနှုန်းများတွင် လီနင်အပေါ် ဆိုရှဲနစ်ဇင်၏ ဝေဖန်မှုများ ထင်ဟပ်ခဲ့သည်ကား ငြင်းမရပေ။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး နှစ်နှစ်အကြာ ၁၉၉၄ ခုနှစ်တွင် ဆိုရှဲနစ်ဇင်က ၎င်း၏ ရေးသားချက်များထဲတွင် “ယခင် ကွန်မြူနစ်ဝါဒကို အပြင်းအထန် ငြင်းဆန်၍ ဆန့်ကျင်သမှု ပြုခဲ့ကြသည့် ယူကရိန်းနိုင်ငံသစ်မှ ခေါင်းဆောင်များကို ရှုတ်ချခဲ့ပြီး ထိုခေါင်းဆောင်များသည် လီနင်ကို ကျိန်ဆဲလိုက်ပုံရသည်” ဟု ထည့်သွင်းရေးသားခဲ့သည်။
သို့သော် ယနေ့ ယူကရိန်းနှင့်ရုရှား မျက်နှာစာတွင် ထိုခေါင်းဆောင်များကပင် “ယူကရိန်း၏ လွဲချော်နေသော လီနင်ဝါဒီ နယ်နိမိတ်များ (အသေးစားအာဏာရှင် ခရူးရှက်ဗ် (Krushchev) ၏ ခရိုင်းမီးယား ဇာတ်ဝင်ခန်း အပါအဝင်)ကို တစ်ချိန်က မြိန်မြိန်ယှက်ယှက် လက်ခံခဲ့ကြသည် မဟုတ်ပါလား။
ဆိုဗီယက်မှ ပဲ့ထွက်ပြီး ယူကရိန်းနိုင်ငံသစ် ပေါ်ပေါက်လာခါစ ထိုအချိန်က အမေရိကန်သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်ကို ဗလာဒီ မာပူတင်က “ ဂျော့ … (တစ်နေ့ကျ) မင်း နားလည်လာရစေ့မယ်” ဟု ပြောခဲ့ဖူးသည်။
ရုရှားကျူးကျော်စစ်အတွင်းက ယူကရိန်း
ယူကရိန်းသည် နိုင်ငံတစ်ခုအဖြစ် ကြာကြာ မနေလိုက်ရ။ ယခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ရန်လိုတိုက်ခိုက်မှုများ စတင်ပြီဖြစ်ကြောင်း” ပူတင်က စစ်ကြေညာခဲ့သည်။
“ခေတ်သစ် ယူကရိန်းဆိုတာကို ရုရှားကပဲ အလုံးစုံ ဖန်တီးခဲ့တာပါ (ဒါမှမဟုတ်) ပိုပြီး တိကျအောင် ပြောရရင်တော့ ကွန်မြူနစ်ရုရှားဟာ ဘော်ရှီဗစ်ဆိုတာ မမေ့ကြနဲ့” ဟု ပူတင်က သူ့အမြင်ကို ဒဲ့ဒိုးကြေညာခဲ့သည်။
ထို့ကြောင့် ပူတင်၏ အမြင်အရ ဒွန်ဘတ်စ်ဒေသနှင့် ခရိုင်းမီးယား ကျွန်းဆွယ်တို့တွင် ၂၀၁၄ ခုနှစ်အထိ သန်းနှင့်ချီ၍ နေထိုင် လျက်ရှိသော ရုရှားလူမျိုးများသည် “ယူကရိန်း၏ လွဲချော်နေသော လီနင်ဝါဒီ နယ်နိမိတ်များ” ထဲတွင် ပိတ်မိနေခဲ့သည်ဟု ယူဆထားသည်။
ထို့အတွက် ရက်စက် ကြမ်းကြုတ်စွာဖြင့် လက်နက်အင်အား၊ စစ်အင်အားသုံး၍ ကုစားရန်အတွက် ကရင်မလင်သမ္မတ နန်းတော်က ယနေ့ ကြိုးစားနေသော ဒွန်ဘတ်စ်ပြဿနာ ဖြစ်ပါသည်။
ထိုအခင်းအကျင်း အားလုံးအတွက် အကြံပြုလိုကြသည့် အမေရိကန်ပညာရှင်များနှင့် မူဝါဒချမှတ်သူများက “လက်ရှိ အကျပ် အတည်းကို အမှန်အတိုင်း ရှုမြင်ဖို့ သင့်လျော်သည့် မှန်ဘီလူးကို မသုံးခဲ့ကြောင်း” ကောက်ချက်ချကြသည်။
သို့ဖြစ်၍ ပူတင်ကို ဖြစ်နိုင်ခြေအရှိဆုံး စကားလုံးများဖြင့် ရှုတ်ချဖို့အရေးမှာ ဆွဲဆောင်မှုကောင်း၊ ကျေနပ်အားရဖွယ် ကောင်း သော်လည်း ဟစ်တလာနှင့်သော်လည်းကောင်း၊ စတာလင်နှင့်သော်လည်း ခိုင်းနှိုင်းမှုမှာ ရှင်းလင်းသည်ထက် ပို၍၊ ပို၍ ရှုပ် ထွေး လာမည်သာ ဖြစ်ပါသည်။
ရုရှားကျူးကျော်စစ်အတွင်းက ယူကရိန်း
ယနေ့ ဗလာဒီမာပူတင်၏ စစ်ပွဲသည် ခံနိုင်ရည် မရှိသော်လည်း အဒေါ့ဖ်ဟစ်တလာ၏ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ အမျိုးသားရေးဝါဒ (သို့မဟုတ်) ဂျိုးဇက်စတင်၏ ကြီးကျယ်ခမ်းနားသော နိုင်ငံတော် တည်ဆောက်ရေး စီမံကိန်းနှင့်လည်း ဆက်စပ်မှုမှာ မဆိုသလောက် အနည်းအကျဉ်းသာ ရှိသည်။
မကောင်းသော သမိုင်းသည် မကောင်းသော မူဝါဒကို ဖြစ်စေသည်။ ပူတင်၏ ခရူးဆိတ် စစ်ပွဲနောက်ကွယ်မှ စေ့ဆော်မှု အစစ်အမှန်ကို စာရေးသူတို့ အနှေးနှင့်အမြန် နားလည် သဘောပေါက် လာသည်နှင့်အမျှ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်း နောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စုတို့အကြား ယခု ယူကရိန်းစစ်သည် အန္တရာယ် အကြီးမားဆုံး အကျပ် အတည်းဖြစ်သည်။
ထို့အတွက် အလွန်လိုအပ်နေသည့် ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းများကို ဖော်ထုတ်ဖို့ အရေးတကြီး ဖြစ်နေပါကြောင်း။ ။
Source: Asia Times
#ပူတင် #ယူကရိန်းစစ်ပွဲ #ဟစ်တလာ #စတာလင် #ဆောင်းပါး #နိုင်ငံရေး #နိုင်ငံတကာ #CNImyanmar #cninews
(အေးရှားတိုင်းမ်ဝက်ဘ်ဆိုက်တွင် ဧပြီ ၅ ရက် ရက်စွဲဖြင့်ဖော်ပြခဲ့သည့် မူရင်းဆောင်းပါးရှင် James Carden ၏အတွေးအမြင်ဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)
- By CNI News
- Category: နိုင်ငံရေး
- Hits: 2489
- By CNI News
- Category: နိုင်ငံရေး
- Hits: 1421
CNI International News
အစ္စလာမ္မာဘတ်၊ ဧပြီ ၁၂
မိမိအား တွစ်တာလူမှုကွန်ရက်တွင် တိုင်းပြည် ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြု ရည်ညွှန်းရေးသား ပေးခဲ့ခြင်းအပေါ် အိန္ဒိယဝန်ကြီးချုပ်ကို ကျေးဇူးတင်ရှိပါကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်သစ် ရှာဘတ်ဇ်ရှာရစ်ဖ်က တုံ့ပြန်ပြောကြားခဲ့ပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် ဂျမူး-ကက်ရှ်မီးယား အငြင်းပွားမှုများ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ဆက်လက် ညှိနှိုင်း အဖြေရှာ သွားကြရေး တိုက်တွန်းခဲ့သည်။
မစ္စတာရှာရစ်ဖ်သည် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားပြီးနောက် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒရာ မိုဒီက ဝမ်းမြောက်ပါကြောင်း တွစ်တာလူမှုကွန်ရက်မှတဆင့် ချီးကျူးထောပနာပြုခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ် ရေးအတွက် ၎င်းဆန္ဒကို ထပ်လောင်းဖော်ပြခဲ့သည်။
မတ်လ ၈ ရက်တွင် ယခင်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းအပေါ် အယုံအကြည် မရှိကြောင်း ပါကစ္စတန်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ ဖယ်ရှားခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ်အဖြစ် မစ္စတာရှာရစ်ဖ်ကို ခန့်အပ်လိုက်ရာ သီတင်းပတ် အတန်ကြာ တင်းမာနေခဲ့သည့် နိုင်ငံရေးမရေရာမှုများလည်း အဆုံးသတ်သွားခဲ့သည်။
ဝန်ကြီးချုပ်ရာထူး ရွေးကောက် တင်မြှောက်ခံရပြီးနောက် ရှာရစ်ဖ်သည် ပါကစ္စတန်နှင့်အိန္ဒိယကြား အငြင်းပွားနေဆဲဖြစ်သည့် ကက်ရှ်မီးယားဒေသတွင် ပုဒ်မ ၃၇၀ အမိန့် ထုတ်ပြန်ခြင်းကို ဖျက်သိမ်းပေးခဲ့ပြီး သွေးထွက်သံယိုမှုများ လျော့ကျစေရေးနှင့် ဒေသခံ ပြည်သူများကို ကူညီပံ့ပိုးရေး လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ
အီမရန်ခမ်း၏ နေရာကို အစားထိုး ဆက်ခံခဲ့သူ ရှာရစ်ဖ်သည် အသက် ၇၀ ရှိပြီဖြစ်ပြီး အိန္ဒိယနှင့် ဆက်ဆံရေး ကောင်းမွန်ရန် လိုလားသော်လည်း ကက်ရှ်မီးယားပြဿနာကို ဖြေရှင်းမှုမပါဝင်ဘဲ အောင်မြင်မည် မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ သည်။
လက်တွေ့ကျသော နိုင်ငံရေးသမားလည်းဖြစ်၊ ကိုယ်ပိုင်စီးပွားရေးလည်း ကောင်းမွန်သူဟု အများက ရှုကြသည့် ရှာရစ်ဖ်သည် ပါကစ္စတန်ဝန်ကြီးချုပ်သစ်အနေဖြင့် စိန်ခေါ်မှုများစွာ ဆက်လက် ရင်ဆိုင်နေရပြီး ယင်းစိန်ခေါ်မှုများအနက် ကက်ရှ်မီးယား အရေးလည်း အပါအဝင် ဖြစ်သည်။
အိန္ဒိယနှင့်ပါကစ္စတန်တို့သည် ပြီးခဲ့သည့် နှစ်ပေါင်း ၇၅ နှစ်အတွင်း ထိုဒေသအရေးကြောင့် သုံးကြိမ်တိတိ စစ်မက်ဖြစ်ပွားခဲ့ သည်။
ရှာရစ်ဖ်သည် ပါကစ္စတန် ဝါရင့်နိုင်ငံရေးသမားဘဝ၌ ရပ်တည်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ရင်း အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ ပါကစ္စတန်နိုင်ငံရေး အသိုင်းအဝိုင်းတွင် ထူးထူးခြားခြား အသိအမှတ်ပြု ခံခဲ့ရသည်။
အဆိုပါ ခရီးစဉ်အတွင်း ရှာရစ်ဖ်သည် အိန္ဒိယဘက်ခြမ်းရှိ ၎င်း၏ဘိုးဘွားမိသားစုများ နေထိုင်ခဲ့ရာ ကျေးရွာသို့ သွားရောက် ခဲ့ပြီး နယူးဒေလီမြို့တော်တွင် ထိုစဉ်က ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် အိန္ဒိယအစိုးရအရာရှိများကို တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
Source: NDTV
- By CNI News
- Category: နိုင်ငံရေး
- Hits: 950
CNI International News
မာရီယူပေါလ်၊ ဧပြီ ၁၂
ယူကရိန်းနိုင်ငံရှိ မဟာဗျူဟာကျသော မာရီယူပေါလ်မြို့ကို ရက်သတ္တ ၆ ပတ်ကြာ ရုရှားတပ်များ ဝိုင်းရံပိတ်ဆို့၍ တိုက်ခိုက် ခဲ့ပြီးနောက် ပိုမိုထိတ်လန့်စရာ သတင်းများ ထပ်မံထွက်ပေါ်လာခဲ့ရာ အရပ်သား စုစုပေါင်း တစ်သောင်း(၁၀၀၀၀) ကျော် သေ ဆုံးခဲ့ကြောင်း ၎င်းမြို့တော်ဝန်က ပြောကြားသည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ယူကရိန်းရှိ ပစ်မှတ်များအနက် နိုင်ငံ၏ အရှေ့ဘက်ခြမ်းသို့ အင်အား အလုံးအရင်းဖြင့် ရုရှား ချေမှုန်းရန် ကြံရွယ်လာချိန်၌ “ပူတင်၏ တပ်များသည် ဓာတုလက်နက် သုံးလာနိုင်ကြောင်း” ယူကရိန်းသမ္မတက သတိပေးခဲ့သည်။
ထူးခြား ဖြစ်စဉ်အနေဖြင့် မာရီယူပေါလ်မြို့တွင် အဆိပ်ရှိသော အရာဝတ္ထုများ ကောင်းကင်မှ ကျလာခဲ့ကြောင်း ယူကရိန်း တပ်ရင်း တစ်ခုထံမှ အတည်မပြုနိုင်သော သတင်းပေးပို့မှု တစ်ခုအပေါ် အနောက်အုပ်စုနိုင်ငံများမှ အစိုးရအရာရှိများက စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
ကိယက်ဗ်မြို့တော်သည် စစ်ပွဲကာလတလျှောက် အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို အရပ်သားများ ရင်ဆိုင်ခံစား နေရသည် ကို မြင်တွေ့နေရသော်လည်း ရုရှားတပ်ဖွဲ့များက ၎င်းတို့သိမ်းပိုက်နိုင်ရန် ကြည်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်း တိုက် ခိုက် နေစဉ်အတွင်း မြို့တော်အတွင်း ဖြစ်ပျက်နေသမျှ သတင်းအမှောင်ချ၍ ပိတ်ဆို့ထားခဲ့သည်။
ဧပြီ ၁၂ ရက် (ယနေ့) အေပီသတင်းဌာနနှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုရာတွင် မာရီယူပေါလ်မြို့တော်ဝန် ဗာဒိုင်ဘွိုင်ချန် ကိုက “ရုရှားတပ်များသည် ၎င်းတို့ရက်ရက်စက်စက် သတ်ဖြတ်မှုများကို ဖုံးကွယ်ရန် တစိတ်တပိုင်း လုပ်ဆောင်ချက်အနေဖြင့် လူသားချင်းစာနာမှု ကူညီရေးယာဉ်တန်းများကို ရက်သတ္တတစ်ပတ်ကြာ တားဆီးကန့်သတ်နေကြောင်း” စွပ်စွဲခဲ့သည်။
မာရီယူပေါလ် တစ်မြို့တည်းတွင် သေဆုံးသူ ၂ သောင်းကျော်အထိ ရှိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရုရှားတပ်များသည် အဝိုင်းခံခဲ့ရသည့် မြို့မှ သေဆုံးသူများ၏ ရုပ်အလောင်းများကို အစဖျောက် မီးရှို့ရန်အတွက် ယာဉ်ဖြင့် သယ်ယူနိုင်သော မိုဘိုင်းမီးသင်္ဂြိုဟ်စက်များကို အသင့်ယူဆောင်လာကြကြောင်း ယူကရိန်းဘက်မှ စွပ်စွဲချက် တစ်ရပ်အနေ ဖြင့် ဘွိုင်ချန်ကိုက ပြောကြားခဲ့သည်။
ထို့ပြင် ဂိုဒေါင်များနှင့် ရေခဲသေတ္တာများရှိသည့် ဈေးဝယ်စင်တာကြီး တစ်ခုထံသို့လည်း အလောင်းအများအပြားကို ရုရှား တပ်သားများ ယူဆောင်သွားကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“သူတို့ဆီက ရွေ့လျား မီးသင်္ဂြိုဟ်နိုင်တဲ့ စက်တွေက ထရပ်ကားပုံစံနဲ့ ရောက်လာတာဗျ။ အဲဒီစက်ကို ဖွင့်ကြည့်လိုက်ရင် ပိုက်လိုင်းတစ်ခုကို ခင်ဗျား တွေ့လိမ့်မယ်။ အဲဒီအထဲ ရောက်သွားတဲ့ အလောင်းတွေကတော့ ပြာကျကုန်ပြီ” ဟု ၎င်းက အေပီသို့ ရှင်းပြခဲ့သည်။
Source: AP
- By CNI News
- Category: နိုင်ငံရေး
- Hits: 1636
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၉
မိမိတို့ ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် မိမိတို့အကြား အားကောင်းစွာ ရရှိထားပြီးဖြစ်သည့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတို့ကို မိမိတို့၏ အန္တိမပန်းတိုင် မရောက်မချင်း လက်တွဲဆောင်ရွက်သွားမည်ဟု TNLA၊ MNDAA ပူးတွဲ၍ AA ထံပေးပို့သော သဝဏ်လွှာတွင် ပြောထားသည်။
TNLA နှင့် MNDAA ပူးတွဲ၍ ရက္ခိုင့်တပ်တော်(AA)၏ ဧပြီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၃)နှစ်ပြည့် ရက္ခိုင့်တပ်တော် နေ့သို့ ပေးပို့သော် သဝဏ်လွှာမှာ အထက်ပါအတိုင်း ပြောကြားထားခြင်း ဖြစ်သည်။
TNLA ၊ MNDAA တို့က “ မိမိတို့ ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် မိမိတို့အကြား အားကောင်းစွာ ရရှိထားပြီးဖြစ်သည့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတို့ကို မိမိတို့၏ အန္တိမပန်းတိုင် မရောက်မချင်း လက်တွဲဆောင်ရွက်သွားမည်”ဟု ပြောသည်။
ထို့နောက် မိမိတို့ ညီနောင်မဟာမိတ်(၃)ဖွဲ့တို့သည် ခက်ထန်ကြမ်းတမ်းသော နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းတို့ကို စုပေါင်းဖြတ်ကျော်နိုင်ခဲ့ကြပြီး မိမိတို့ လိုအပ်သော အင်အားတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်း၊ မိမိတို့၏ သက်ဆိုင် ရာ လူထုကို ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ခြင်းတို့သည် ညီနောင် မဟာမိတ်အဖွဲ့တို့၏ ညီညွတ်မှု အသီးအပွင့် များ ဖြစ်ကြောင်း ပူးတွဲသဝဏ်လွှာတွင် ဖော်ပြထားသည်။
အလားတူ ညီနောင်မဟာမိတ် အဖွဲ့အစည်းများအနေဖြင့် မိမိတို့အကြား ယခင်ရရှိထားပြီး စည်းလုံးညီညွတ်မှု အပါအဝင် ရက္ခိုင်၊ တအာင်း၊ ကိုးကန့် တိုင်းရင်းသားလူမျိုးအကြား အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ကို ဆက်လက်၍ ခိုင်မြဲ လာစေရန် ပြုလုပ်သွားမည်ဟု သန္နိဋ္ဌာန်ချထားပါကြောင်း TNLA နှင့် MNDAA တို့က ပြောသည်။
AA ၊ TNLA၊ MNDAA တို့သည် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်များအဖြစ် ဖွဲ့စည်းထားပြီး တပ်မတော်နှင့် ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်တို့မှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြသည်။
တခြား တစ်ဖက်မှာလည်း AA၊ MNDAA၊ TNLA တို့သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲနိုင်ရေး ငြိမ်းချမ်းရေး ဆွေးနွေမှု များ ပြုလုပ်မှုရှိသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1263
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၇
နိုင်ငံရေးအရ ဘက်စုံဖိအားပေးမှု အသွင်ဆောင်မှုအပေါ် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်း ကျော်လွှား နေရသည်ဟု နစက၏ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ယနေ့(ဧပြီ ၇ ရက်) နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့်တောင်ကြီး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများဖြင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့ နိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒအရလည်း လွတ်လပ်၍ တက်ကြွ ပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက်ရပ်တည် လက်ခံကျင့်သုံးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၎င်းက “ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခြေအနေ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို မြဲမြံစွာ စွဲကိုင်ကျင့်သုံးခြင်း ဖြစ် ကြောင်း၊ အဆိုပါ အချက်အပေါ် နိုင်ငံရေးအရ ဘက်စုံဖိအားပေးမှု အသွင်ဆောင်မှုများအပေါ် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းကျော်လွှားနေရကြောင်း၊ ထိုအောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရန်မှာ တပ်မတော်သည် နိုင်ငံ တော်ကာကွယ်ရေးအတွက် အဓိက တာဝန်ရှိသည်ကို ယုံကြည်ချက်၊ ခံယူချက် ပြည့်ဝစွာဖြင့် ကာကွယ်စောင့်ရှောက် နေခြင်း ဖြစ်တယ်”ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်နိုင်ရန် စွမ်းရည်ရှိပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲအသင့်ဖြစ်နေအောင် လိုအပ်သည်များ အမြဲ တမ်း ပြင်ဆင်နေကြရန်လိုကြောင်း၊ ပြည်ပနိုင်ငံကြီးတချို့နှင့် ပြည်တွင်းအဖွဲ့အစည်း(မူရင်း-အကြမ်းဖက်အဖွဲ့)များသည် နည်း မျိုးစုံသုံးကာ အစိုးရယန္တရား ရပ်တန့်စေရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော်လည်း ထင်တိုင်းမပေါက်သဖြင့် နိုင်ငံတော်၏ အခိုင် မာဆုံး အင်အားစုဖြစ်သည့် တပ်မတော်ကို ဖြိုခွဲရန် အစိုးရအဆက်ဆက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း သွေးခွဲမှုမျိုးစုံ ပြုလုပ်လာနိုင်သဖြင့် တပ်မတော်သား မိသားစုဝင်များအနေဖြင့် အထက်အောက် အပြန်အလှန် လေးစား ယုံကြည်မှုဖြင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ အေးအတူ ပူအမျှစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်လိုကြောင်း နစကဒုဥက္ကဋ္ဌက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက တပ်မတော်၏ လေယာဉ်၊ ရေယာဉ်၊ စစ်သုံးယာဉ်များ ကို ဖျက်စီး-ယူဆောင်လာခြင်းများ ပြုလုပ်ပါက သိန်း ၂၀၀၀ မှ သိန်း ၁ သောင်းထိ ဆုချီးမြှင့်မည်ဟု ယနေ့(ဧပြီ ၇ ရက် )တွင် ထုတ်ပြန်ခဲ့သည်။
အလားတူ ဥရောပသမဂ္ဂ(EU)နှင့် အမေရိကန် အပါအဝင် နိုင်ငံတကာက တပ်မတော် ထိပ်သီးခေါင်းဆောင်များ၊ နစက အဖွဲ့ ဝင်များ၊ တပ်မတော်ပိုင် လုပ်ငန်းများ၊ တပ်မတော်နှင့်နီးစပ်သူများကို ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်လျက်ရှိသည်။
ထို့နောက် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်တချို့ ပူးပေါင်း၍ တပ်မတော် ဖြုတ်ချရေး လက်နက် ကိုင် တော်လှန်တိုက်ခိုက်လျက်ရှိခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး တရားဥပဒေစိုးမိုးမှု အားနည်းလျက်ရှိနေသည်။
အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံအတွင်းမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခန်းကဏ္ဍများ ဖွံ့ဖြိုးမှု နိမ့်ကျနေသလို စက်သုံးဆီနှင့် စားသောက်ကုန် ဈေးနှုန်းများလည်း အဆမတန်မြင့်တက်မှုဖြင့် ရင်ဆိုင်နေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1593
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၇
ကယားပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စစ်ရေးအရှိန် လျော့ကျသွားခြင်း မရှိသေးကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး-၁ ခူဒန်နီရယ်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တပ်မတော်နှင့် ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
KNPP အတွင်းရေးမှူး (၁) ခူဒန်နီရယ်က “လောလောဆယ်တော့ သူတို့ လေယာဉ်နဲ့ မလုပ်တော့ဘူး စစ်ရေးနည်းနည်း အရှိန်လျော့လာတယ်လို့ ပြောလို့ရတယ်၊ သို့သော် မြေပြင်မှာတော့ ပျောက်ကြားစစ်တွေရှိနေတယ်၊ နောက်မှ စုဖွဲ့မှု အသစ်တွေ လုပ်နေတယ် အဲဒါတွေကတော့ စစ်ရေးအရှိန်ကတော့ တူတူပဲ ရှိနေတာပေါ့”ဟု ပြောသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့(KNDF) အပါအဝင် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များဖြင့် ပူးပေါင်းကာ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ် တို့တွင် တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
မြို့တွင်းလှုပ်ရှားနေသော ကယားဒေသခံကာကွယ်ရေးတပ်ဖွဲ့
လက်ရှိတွင် တပ်မတော်က အင်အားသုံး တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စခန်းများ ဆုတ်ခွာပေးနေ ရကြောင်း၊ ထိုသို့ ဆုတ်ပေးရခြင်းကလည်း အင်အားမမျှ၍ ယာယီဆုတ်ပေးခြင်းသာဖြစ်ကြောင်း၊ မြေပြင်တွင် ဆက်လက် တိုက်ပွဲဝင်နေကြောင်း KNPP အတွင်းရေးမှူး (၁) ခူဒန်နီရယ်က ပြောသည်။
ခူဒန်နီရယ်က “လက်ရှိ အနေအထားအရ သူတို့မှာ အင်အားပိုများတယ်၊ သူတို့သုံးတဲ့ လက်နက်တွေက ဟိုးလေယာဥ်အထိ အသုံးပြုလာတော့ ကျနော်တို့ဘက်က ယာယီဆုတ်ပေးတဲ့ အနေအထားမျိုး၊ ယာယီစွန့်ခွာပေးတဲ့ အနေအထားမျိုးပဲ ရှိပါ တယ်၊ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေမှာပဲ သူတို့က တိုက်အားဖြည့်လေလေ၊ လူထုတွေကို သတ်ဖြတ်မှု လုပ်လေလေ လုပ်နေသရွေ့ကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပဲ” ဟု ပြောသည်။
လက်ရှိတွင်တော့ ဒီမောဆိုးနှင့် မိုးဗြဲမြို့နယ်များသည် စစ်ရေး အပြင်းထန်ဆုံး မြို့နယ်များဖြစ်ကြောင်း၊ လူနေအိမ်များပင် မရှိသလောက် အခြေအနေမျိုးဖြစ်နေကြောင်း မိုးဗြဲဒေသခံ ကိုမင်းမင်း (အမည်လွှဲ) ကပြောသည်။
မြို့တွင်းလှုပ်ရှားနေသော ကယားဒေသခံကာကွယ်ရေးတပ်ဖွဲ့
“လမ်းတစ်လျှောက် မြို့ပျက်ကြီးတွေလိုပဲ၊ တချို့လမ်းတွေဆို လုံခြုံရေးအရ သွားလို့မရဘူး၊ မြို့အပြင်က ရွာတွေဆိုလည်း လူမနေတော့ဘူး အကုန်ပြေးကြတာပေါ့၊ အခုက PDF တွေ သိပ်မထိန်းချုပ် နိုင်တော့ဘူးဆိုပေမယ့် စစ်ကောင်စီ တပ်တွေ လည်း သေချာ ထိန်းချုပ် ထားနိုင်တာမျိုးတော့ မဟုတ်ဘူး၊ အပြန်အလှန် ပြင်ဆင်နေတဲ့ အနေအထားမျိုးလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
KNPP၊ KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် တပ်မတော်ကြား ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့အထိ ဖရူဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း၊ ဖရူဆိုမြို့နယ်တွင် အသုံးပြုနေသော လမ်းမကြီးတစ်လျှောက်တွင် ပြည်သူများ သွားလာခြင်း မပြု လုပ်ရန် KNDF က သတိပေးချက် ထုတ်ပြန်ထားသည်။
ကယားပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလက စတင်၍ တပ်မတော်နှင့် KNPP တို့အကြား တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် တိုက်ပွဲကာလ တစ်နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1676
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၆
နိုင်ငံရေးပါတီအစုအဖွဲ့၏ အလုပ်အဖွဲ့မှ အဆိုပြုသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက်များအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် UPDJC နိုင်ငံရေးပါတီ များအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ယနေ့(ဧပြီ ၆ ရက်) နေပြည်တော်မှာ NSPNC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာပူးတွဲကော်မတီ(UPDJC)၏ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
နစက-က “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့မှအဆိုပြုသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက်များအား အလွတ်သဘော ဆွေးနွေးကြသည်”ဟု ထုတ်ပြန်ခဲ့သည်။
သို့သော် မည်သည့် ပုဒ်မများကို ဆွေးနွေးခဲ့ကြကြောင်းကိုတော့ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။
NSPNC နှင့် နိုင်ငံရေးပါတီအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးမှုတွင် NSPNC ကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်ခဲ့ပြီး နိုင်ငံရေးပါတီအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုတော့ ဦးစိုင်းအိုက်ပေါင်းက ဦးဆောင်ခဲ့ကြောင်း သိရသည်။
UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံအတွင်းရှိ တရားဝင် နိုင်ငံရေးပါတီ ၉၀ ကျော် အနက် နိုင်ငံရေးပါတီ ၅၂ ပါတီမှ ကိုယ်စားလှယ် ၁၆ ဦးကို ရွေးချယ်၍ ယာယီ ၄ လသက်တမ်းဖြင့် ဖွဲ့စည်းခဲ့သည်။
လက်ရှိတွင် ယာယီ ၄ လသက်တမ်း ပြည့်သွားပြီဖြစ်သည့်အတွက် ၂ လသက်တမ်းတိုးထားကြောင်း သိရသည်။
အဆိုပါ UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့သည် ရပ်တန့်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြန်လည် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 2849
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၅
တပ်မတော်မှ အာဏာသိမ်းမှုကြောင့် လူမှုဒုက္ခ၊ စီးပွားရေးပျက်စီးသည့်ဒုက္ခ၊ ကျောင်းသား/သူများ၊ ကလေးများ၏ ပညာရေး အနာဂတ်ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခံစားနေပြီး ပျက်သုဉ်းနိုင်ငံသို့ ဦးတည်နေပြီဟု အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ယနေ့(ဧပြီ ၅ ရက်)နံနက်ပိုင်းက ကျင်းပခဲ့သော NUG ၏ (၄၉)ကြိမ်မြောက် အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
ဒူဝါလရှီးလက “စစ်တပ်မှ အာဏာသိမ်းမှုကြောင့် လူမှုဒုက္ခ၊ စီးပွားရေးပျက်စီးတဲ့ဒုက္ခသည်၊ ကျောင်းသား ကျောင်းသူများ၊ ကလေးများရဲ့ ပညာရေးအနာဂတ် ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခံစားနေပြီး ပျက်သုဉ်းနိုင်ငံသို့ ဦးတည်နေပြီဖြစ်တယ်။ ခေတ် အဆက်ဆက် စစ်တပ်၏ တကိုယ်ကောင်းဆန် အာဏာမက်မောမှုကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဆင်း ရဲတွင်း နက်သည်ထက်နက်လာပြီး ကမ္ဘာ့အလယ်မှာ မျက်နှာပျက်နေကြရပါတယ်”ဟု ပြောသည်။
ထို့နောက် လာမည့် ဧပြီ ၁၆ ရက်တွင် NUG ကို ဖွဲ့စည်းခဲ့ခြင်း ၁ နှစ်ပြည့်တော့မည့် အချိန်ဖြစ်ကြောင်း၊ ထိုအချိန်မှာ မိမိတို့ အစိုးရအဖွဲ့မှ မိမိတို့၏ လုပ်ဆောင်ချက်များမှာ အားသာချက်၊ အားနည်းချက်များကို ပြန်လည် အစီအရင်ခံ တင်ပြမှုများ ပြုလုပ်ကြမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “လူတစ်စုရဲ့ အတ္တကြီးမှု၊ ရက်စက်မှုဒဏ်တွေကို နည်းမျိုးစုံနဲ့ခံစား နေခဲ့ကြရတာ ၁ နှစ်ကျော် ကြာလာခဲ့ပြီဖြစ်တယ်။ နိုင်ငံလည်း အဘက်ဘက်က ယိုယွင်းပြီး ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရ သလို ပြည်သူတွေလည်း အတော်ဒုက္ခများကြတယ်”ဟု ပြောသည်။
ထို့နောက် မိမိတို့ တော်လှန်ရေး အောင်မြင်ဖို့ အမြတ်ထုတ်နိုင်ရန်လိုအပ်ပြီး အခြေအနေများကိုလည်း ဗျူဟာကျကျ စဉ်းစား သုံးသပ်ကြပြီး ချဉ်းကပ်ကြဖို့လိုကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ NLD အစိုးရမှ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်း ဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ နိုင်ငံတော်ကို အရေးပေါ် ကြေညာ၍ နစကကို ဖွဲ့စည်းပြီး အုပ်ချုပ်လျက် ရှိနေ သည်။
အဆိုပါ တပ်မတော်၏ ဆောင်ရွက်ချက်ကို ဒီမိုကရေစီအင်အားစုများက နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသလို NUG မှ တပ်မတော်အား ပြန်လည် ဖြုတ်ချနိုင်ရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိနေသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1937
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၅
လူပုဂ္ဂိုလ်ကို တိုက်ရိုက် ရည်ရွယ်တိုက်ခိုက်ခြင်းသည် အဓိပ္ပာယ်ရှိကောင်းရှိမည်ဖြစ်သော်လည်း တရားမဲ့ လက်နက်မဲ့ မသက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းသည် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုပင် ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ယနေ့(ဧပြီ ၅ ရက်) ဗထူးတပ်နယ်မှ သင်တန်းနည်းပြများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “မိမိဆန္ဒနှင့်မကိုက်ညီ၍ မကျေနပ်ပါက အဆိုပါအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို တိုက်ရိုက် ရည်ရွယ် တိုက်ခိုက်ခြင်းသည် အဓိပ္ပာယ်ရှိကောင်း ရှိမည်ဖြစ်သော်လည်း တရားမဲ့ လက်နက်မဲ့ မသက်ဆိုင်သူများ၊ အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းသည် လူသာမဆန်သော ပြစ်မှုကျူးလွန်မှုပင်ဖြစ်တယ်”ဟု ပြောသည်။
အဆိုပါ တရားမဲ့ လုပ်ဆောင်နေသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်း၍ ဆက်လက်ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများလိုလားသည့် လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက် ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံ၊ သင်တန်းသားများကို တွေ့ရစဉ်
တရားမဲ့ လက်နက်မဲ့ မသက်ဆိုင်သူများကို တိုက်ခိုက်ခြင်းဆိုသည်မှာ တပ်မတော်ကိုလည်း မေးခွန်းထုတ်စရာရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များက တရားမဲ့ ဖမ်းဆီးမှုများ ရှိခဲ့ခြင်းနှင့် လက်နက်မဲ့ ပြည်သူများကို တိုက်ခိုက်ခဲ့ခြင်းအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်းပေးရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသော ကတိဖြင့် ပြည်သူလူထုကို ဆွဲဆောင် နိုင်မည်ဟုမထင်မိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
၎င်းက “တရားမဲ့ လက်နက်မဲ့သူကို တိုက်ခိုက်မှုလုပ်တာမကောင်းဘူးဆိုတာ မှန်ပါတယ်။ဒါပေမယ့် တပ်မတော်ဘက်က လည်း အဲဒါကို တကယ် လေးလေးနက်နက် အောက်လက်ငယ်သားတွေကို ကိုင်တွယ်ဖို့လိုတယ်။ အောက်ခြေမှာ အားလုံး သိတဲ့အတိုင်းပဲ တရားမဲ့ ပြုကျင့်တာတွေရှိသလို လက်နက်မဲ့ ပြည်သူတွေကို တိုက်ခိုက်ခဲ့တာတွေလည်းရှိတယ်လေ။ ကိုယ့်ဘက်က အခြေအနေကိုလည်း တာဝန်ယူမှု တာဝန်ခံမှုနဲ့ထိန်းကြောင်းဖို့လိုတယ်။ ပြီးတော့ ရွေးကောက်ပွဲ ကျင်းပပေး မယ်၊ ပြီးရင် နိုင်ငံတဲ့ပါတီကို အာဏာလွှဲပေးမယ်ဆိုတာက ပြည်သူလူထုကို မဆွဲဆောင်ဘူး။ ဘယ်ကာလမှာ ဘယ်ပုဒ်မ တွေပြင်မယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်အချိန်မှာ ဘယ်အဆင့်ရောက်အောင် တည်ဆောက်မယ်။ အခု ဘယ် ကာလအတွင်းမှာ စစ်တပ်က နိုင်ငံရေးက ဘယ်အတိုင်းအတာထိ ဆုတ်ပေးမလဲ ဒါတွေ အာမခံ အကောင်အထည်ဖော်ဖို့ လိုပါတယ်”ဟု ပြောသည်။
တပ်မတော်ဖြုတ်ချရေး ကြိုးပမ်းနေသော PDF တပ်ဖွဲ့၀င်များ
ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော်၏အကျိုး၊ တပ်မတော်၏ အကျိုးကို စည်းလုံးညီညွတ်စွာဖြင့် စိန်ခေါ်မှုများနှင့် အခက် အခဲ အမျိုးမျိုးတို့အား အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားသွားကြရမည်ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ NLD အစိုးရမှ မဲစာရင်း အငြင်းပွားမှုကို မဖြေ ရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ နိုင်ငံတော်ကို အရေးပေါ် ကြေညာ၍ နစကကို ဖွဲ့စည်းပြီး အုပ်ချုပ်လျက် ရှိနေသည်။
အဆိုပါ တပ်မတော်၏ ဆောင်ရွက်ချက်ကို ဒီမိုကရေစီအင်အားစုများက နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသလို တပ်မတော်အား ပြန်လည် ဖြုတ်ချနိုင်ရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိနေသည်။
ထို့နောက် လက်နက်ကိုင် ပဋိပက္ခများ နိုင်ငံအနှံ့ ဖြစ်ပွားလာခြင်းနှင့်အတူ နိုင်ငံသား တချို့မှာ ဒလန်ဟု စွပ်စွဲခံရပြီး သတ်ဖြတ်ခံရမှုများ ကြုံတွေ့နေကြရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1569
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၄
ပြည်ပနိုင်ငံကြီး တချို့သည် ပထဝီနိုင်ငံရေးအရ သြဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းခဲ့ရာ တပ်မတော်၏ စည်းလုံးညီညွတ်မှု စွမ်း အားကို ဖြိုခွဲရန် ဦးတည်ကြိုးပမ်းလာခဲ့ကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ယနေ့ (ဧပြီ ၄ ရက်) ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီး သင်ကျောင်းတွင် သင်တန်းသားများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ပြည်ပနိုင်ငံကြီးတချို့ အနေဖြင့် ပထဝီနိုင်ငံရေးအရ သြဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းခဲ့ရာ EAOs တချို့ အပါအဝင် အကြမ်းဖက် အဖွဲ့အမျိုးမျိုးက နည်းမျိုးစုံဖြင့် ထောက်ပံ့မှုအမျိုးမျိုးဖြင့် သိမ်းသွင်း၍ ဖောက်ခွဲ ဖျက်ဆီး ရေး သင်တန်းများကို ပြုလုပ်၍ အစိုးရရပ်တည်၍ မရအောင်ဆောင်ရွက်လာကြောင်း၊ သို့သော် ပြည်သူလူထု၊ သစ္စာရှိ နိုင်ငံ့ဝန် ထမ်းများ လုံခြုံရေးအဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှုဖြင့် ကြံ့ကြံ့ခံကာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါကြောင်း။ နည်းမျိုးစုံဖြင့် အလုံးစုံပျက်သုဉ်းရေး ဆောင်ရွက်မှုမအောင်မြင်ခဲ့ကြောင်း။ ၂၀၂၂ ခုနှစ်တွင်လည်း အထက်ပါလုပ်ရပ်များအပြင် တပ်မတော်၏ စည်းလုံးညီညွတ်မှု စွမ်းအားကို ဖြိုခွဲရန် ဦးတည်ကြိုးပမ်းလာခဲ့တယ်”ဟု ပြောသည်။
ပြည်ပနိုင်ငံကြီးတချို့ဆိုသည်မှာ မည်သည့် နိုင်ငံကို ရည်ညွန်း ပြောကြားသည်ကိုတော့ တိတိကျကျ ပြောမသွားခဲ့ပေ။
တော်လှန်ရေး(မူရင်း-အကြမ်းဖက်)အဖွဲ့အစည်း အသီးသီးအနေဖြင့် ပြည်ပနိုင်ငံကြီးတချို့၏ နယ်ရုပ်များသဖွယ် ခိုင်းစေသည့် အတိုင်း အခိုင်မာဆုံး Institution တစ်ခုဖြစ်သည့် တပ်မတော်ကို ဖြိုခွဲရန် ကြိုးပမ်းလာခြင်းသာဖြစ်ကြောင်း၊ တပ်မတော် အပေါ်တွင် နိုင်ငံကြီးတချို့၏ ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှု များဖြင့် ဖိအား ပေးနှောင့်ယှက် နေသော်လည်း တပ်မတော်အနေဖြင့် စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် အဖက်ဖက်မှ အောင်မြင်စွာ ကျော်ဖြတ် သွားမည်ဟု ၎င်းက ပြောသည်။
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှု များမှတဆင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းလာမှုအပေါ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ သွေဖယ်တိမ်းစောင်းမှု မဖြစ်ပေါ်စေရေး တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ အရေးပေါ်ကာလ ပြဋ္ဌာန်း ချက်ပါအတိုင်း တာဝန်ယူထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်ဟု နစကဒုဥက္ကဋ္ဌက ပြောသည်။
၎င်းက “အရေးပေါ်ကာလ ၁ နှစ်ကျော်ကာလအတွင်း အခက်အခဲ အမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးတို့ကို သစ္စာရှိဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဖြတ်သန်းကျော်လွှားခဲ့ပြီးဖြစ်တယ်”ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ မေလက ဒီးမော့ဆိုမြို့နယ်ရှိ စစ်တပ်၏ ဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းသိမ်းယူခဲ့စဉ်။ (ဓာတ်ပုံ − Supplied)
လက်ရှိတွင် တပ်မတော်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို NLD အစိုးရက ဖြေရှင်းခြင်း မပြု လုပ်ဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ နိုင်ငံတော်ကို အရေးပေါ် ကြေညာ၍ နစကကို ဖွဲ့စည်းကာ ဆောင်ရွက် လျက်ရှိသည်။
ထို့နောက် တပ်မတော်ကို ဆန့်ကျင် ကန့်ကွက်ကြောင်း နိုင်ငံအဝန်း ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ ကြမ်းတမ်းစွာ ဖြိုခွင်မှု ကြောင့် ဆန္ဒပြသူများသည် လက်နက်ကိုင် တော်လှန်ရေးနည်းလမ်းဖြင့် တပ်မတော်အား ပြန်လည် ဖြုတ်ချရန် ယနေ့အထိ ကြိုးပမ်းလျက်ရှိနေသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1813
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂
၂၀၂၃ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်သည့် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် အခြေခံအားဖြင့် စာရင်းဇယားမှန်ကန် တိကျရန် အဓိက လိုအပ်ကြောင်း နစကဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ဧပြီ ၁ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်သည့် တရားမျှ တ သည့် ရွေးကောက်ပွဲဖြစ်ရန် အခြေခံအားဖြင့် စာရင်းဇယားမှန်ကန် တိကျရန် အဓိကလိုအပ်ပါသဖြင့် စာရင်းဇယားများ တိကျ မှန်ကန်စေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဌာနများနှင့်ပေါင်းစပ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရှိ-မရှိ လဝက ပုံစံ ၆၆/၆ ရှိ-မရှိ တစ်အိမ်တ်က တစ်အိမ်ဆင်းစိစစ်ဆောင်ရွက် သွားကြရမည်”ဟု ပြောသည်။
ထို့နောက် မြေပြင်ကွင်းဆင်း တိုင်ဆိုင် စစ်ဆေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနရှိ တစ်နိုင်ငံ လုံး ထုတ်ပေးထားသည့် မှတ်ပုံတင်မှတ်တမ်းများကို မှတ်တမ်းစာအုပ်မှ ကွန်ပျူတာသို့ ပြောင်းနေကြောင်း၊ အဆိုပါ ကွန်ပျူ တာသို့ စာရင်းသွင်းပြီးချိန်တွင် လဝက ပုံစံ ၆၆/၆ ကိုလည်း တစ်ပြိုင်နက် ကွန်ပျူတာအတွင်း စာရင်းသွင်းလျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်စာရင်းနှင့် လဝက ပုံစံ ၆၆/၆ များ ကွန်ပျူတာအတွင်း ရရှိပြီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များသို့ ပူးပေါင်း အဖွဲ့များဖြင့် ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသည့် ၂၀၂၃ ခုနှစ်မတိုင်မီ မြေပြင် စာရင်း မှန်ကန်မှု ရှိ-မရှိ ပြီးစီးအောင်တိုင်ဆိုင် စစ်ဆေးဆောင်ရွက်သွားကြရမည်ဟု ၎င်းက ပြောသည်။
ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် အိမ်ထောင်စု လူဦးရေစာရင်းအား လဝက ပုံစံ ၆၆/၆၊ နိုင်ငံသားစိစစ်ရေးကတ် စသည်တို့နှင့် မြေပြင် တိုက်ဆိုင်စစ်ဆေး နိုင်မှုမရှိဘဲ ရှိ/ကောက် စနစ်ဆောင်ရွက်ခဲ့၍ မဲမသမာမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့တယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တစ်နိုင်ငံလုံး မှတ်ပုံတင်ထုတ်ပေးထား သည့် စာရင်းမှာ ၅၁ သန်းကျော်ရှိကြောင်း၊ ထိုအထဲတွင် သေဆုံးသူများ၊ ပြည်ပသို့ ထွက်ခွာသွားသူများ၊ ပျက်စီး၊ ပျောက် ဆုံးနှင့် နှစ်ကြိမ် သုံးကြိမ်ထပ်သူများလည်း ပါဝင်နေနိုင်ကြောင်း၊ ထိုမှတ်ပုံတင် ထုတ်ပေးထားသည့် ၅၁ သန်းကျော် အနက် ကွန်ပျူတာသို့ စာရင်းသွင်းရာတွင် ယခုထိ ၂၇ သန်းကျော်ပြီးစီးပြီဖြစ်ကြောင်း၊ ကျန်အရေအတွက်မှာ ၂၄ သန်းကျော်ရှိ ကြောင်း သိရသည်။
နစကသည် အရေးပေါ်ကာလဆိုင်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း၊ ထို့ နောက် အနိုင်ရရှိသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတာဝန်ကို လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟုလည်း နစက-က ထုတ်ပြန်ကြေညာထားသည်။
လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့သည်။
Page 133 of 138
