CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ရုရှားနှင့်သဘောတူညီချက် ဘယ်လိုပဲရရ လူထုဆန္ဒခံယူပွဲကျင်းပမည်ဟု ယူကရိန်းပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1062

CNI International News

မော်စကို၊ မတ်လ ၂၂

ရုရှားနှင့်ယူကရိန်းဆွေးနွေးနေမှု အခြေအနေတိုးတက်လာကြောင်း အရိပ်အမြွက်ပြောကြားရင်း ၎င်းတို့စေ့စပ် ညှိနှိုင်းသူများမှ လက်ခံထားသည့် သမိုင်းဝင်သဘောတူညီချက်သည် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲကျင်းပ၍ နိုင်ငံလုံးဆိုင်ရာအတည်ပြုချက်ယူရမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက မတ်လ ၂၁ ရက်တွင် သဘောထားမှတ်ချက်ပေးခဲ့ကြောင်း ရုရှားအာဘော် အာရ်တီသတင်းအရ သိရသည်။

“စေ့စပ်ညှိနှိုင်းအဖွဲ့တွေအားလုံးကို ကျနော်ရှင်းပြခဲ့ပါတယ်။ အခုအပြောင်းအလဲက သမိုင်းဝင် ဖြစ်ကောင်း ဖြစ်လာမယ်။ လူထုဆန္ဒခံယူပွဲ (referendum) ကျနော်တို့ လုပ်ပါမယ်” ဟု ဇာလန်းစကီးက ယူကရိန်း ရုပ်သံ မီဒီယာနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ဒီလူတွေက သူတို့ပြောစကားနဲ့ အပေးအယူ(သဘောတူညီချက်တစ်ခုခု)(ဒါမှမဟုတ်) အဖြေတစ်ခုပေးပါ လိမ့်မယ်။ သူတို့ဘာတွေ ဘယ်လိုဆွေးနွေးကြမှာလဲဆိုတာကတော့ ယူကရိန်းနဲ့ရုရှားကြားက ကျနော်တို့ ပြောဆိုနေကြတဲ့အကြောင်းအရာတွေပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဒွန်ဘတ်စ်ဒေသတွင် သမ္မတနိုင်ငံနှစ်ခု ကြေညာခြင်းအတွက် ဇာလန်းစကီးအနေဖြင့် အာမခံပေးရန်နှင့် ခရိုင်း မီးယားကျွန်းဆွယ်ကိုပါ အသိအမှတ်ပြုရန် ရုရှားက တောင်းဆိုထားသည်။ ခရိုင်းမီးယားသည် ကိယက်ဗ်နှင့် အနောက်အုပ်စုနိုင်ငံများက ယူကရိန်းပိုင်နက်အဖြစ် ဆက်လက်သတ်မှတ်ထားသော်လည်း ၂၀၁၄ ခုနှစ်တွင် ရုရှားနှင့်ပူးပေါင်းရန် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း မော်စကိုဘက်မှ အခိုင်အမာပြောကြားထားသည်။

သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံရေး ဇာလန်းစကီး၏ကမ်းလှမ်းချက်ကို ရုရှားက ပယ်ချခဲ့ပြီး ဆွေးနွေးနေမှု အခြေအနေ ထူးထူးခြားခြား တိုးတက်ခြင်းမရှိကြောင်း မတ်လ ၂၁ ရက်အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ဘက်ကတော့ သမ္မတနှစ်ယောက် တွေ့ဆုံမှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရဦးမှာပါ။ ဆွေးနွေးပွဲ ဆက်လက်ကျင်းပပြီး အဲဒီက ရလဒ်တွေကို သဘောတူဖို့ လိုပါတယ်” ဟု ကရင်မလင်သမ္မတနန်းတော်မှ ပြောရေး ဆိုခွင့်ရှိသူ မီဒီထရီပက်စကော့က ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကိုလည်း ရုရှားက ပယ်ချခဲ့ပြီး အကယ်၍ ခေတ္တအပစ်ရပ်လျှင် ယူကရိန်း ဘက်မှ တပ်အင်အားပြန်စုရန်နှင့် တိုက်ခိုက်မှုများပြုရန် အသုံးချမည်ဖြစ်ကြောင်း ကရင်မလင်က ဆက်လက် ပြောကြားခဲ့သည်။

မော်စကိုက တစ်လနီးပါးကြာ ယူကရိန်းသို့ ထိုးစစ်ဆင်ပြီးနောက် ဇာလန်းစကီးက လူထုခံယူပွဲ စိတ်ကူး စိတ်သန်း ကို မတ်လ ၂၁ ရက်တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလာခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်ဒီဇင်ဘာကလည်း ခရိုင်းမီးယားအရေးနှင့် အငြင်းပွားနေသော ဒွန်ဘတ်စ်ဒေသတို့အတွက် ယူကရိန်းနိုင်ငံသားအားလုံး၏ ဆန္ဒခံယူပွဲ အစီအစဉ် ပယ်ချမည်မဟုတ်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့ပြီးဖြစ်သည်။

မင့်ခ်သဘောတူညီချက်များ ယူကရိန်းက အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ပြီး ၇ နှစ်အကြာတွင် မော်စကိုဘက်မှ အိမ်နီးချင်းယူကရိန်းသို့ ယခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကျူးကျော်ဝင်ရောက်ခဲ့သည်။

ယူကရိန်းအနေဖြင့် အမေရိကန်ဦးဆောင်သည့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)ထဲသို့ မည်သည့်အခါမှ ပါဝင်မည်မဟုတ်ကြောင်းနှင့် ကြားနေနိုင်ငံအဖြစ်သာ ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း တရားဝင်ကြေညာရန် ရုရှားက လိုလားလျက်ရှိသည်။

Source: အာရ်တီ

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်ကိုတွေ့ရစဉ်(Reuters)

ယူကရိန်းစစ်ပွဲအရေး ဆွေးနွေးရန် ဘိုင်ဒန် ပိုလန်သွားမည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1658

CNI International News

ဝါရှင်တန်၊ မတ်လ ၂၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် လက်ရှိဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲအပေါ် နိုင်ငံတကာတုံ့ပြန်မှုနှင့် လူသားချင်း စာနာ ထောက်ထားမှု၊ လူ့အခွင့်အရေး အကျပ်အတည်းတို့အတွက် မတ်လ ၂၅ ရက်တွင် ပိုလန်နိုင်ငံသို့ သွားရောက်မည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

ဘိုင်ဒန်သည် ဝါဆောမြို့တော်သို့ ရောက်ရှိပြီးလျှင် ပိုလန်သမ္မတ အွန်ဒရေးဒူဒါနှင့် တွေ့ဆုံဆွေးနွေးမည်ဟု အမေရိကန် သမ္မတ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားကျူးကျော်မှု စတင်ချိန်မှ ယခုအထိ ယူကရိန်းဒုက္ခသည် ၂ သန်းကျော် ပိုလန်နိုင်ငံထဲသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြောင်း ပိုလန်နယ်ခြားစောင့်တပ်ထံမှ သိရသည်။

ထို့နောက် တခြားနိုင်ငံများသို့ ထွက်ပြေးကြသည့် အရေအတွက်နှင့်ပေါင်းလျှင် စုစုပေါင်း ယူကရိန်းဒုက္ခသည် ၃ ဒသမ ၃ သန်းအထိ ရှိသွားပြီဟု သိရသည်။

ပိုလန်နဲ့ယူကရိန်းအတွင်းက စစ်ရေးအခြေပြနေရာများ(ALJAZEERA) 

ဘိုင်ဒန်၏ ပိုလန်ခရီးစဉ်တွင် နေတိုးမဟာမိတ်များ၊ G-7 စက်မှု ထိပ်သီးနိုင်ငံများမှ ခေါင်းဆောင်များ၊ ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များနှင့် တစ်ရက်ကြာ ဆွေးနွေးကြပြီး ယူကရိန်းအတွက် နိုင်ငံတကာအထောက်အပံ့ ဆက်လက် ပေးနိုင်ရေး စီစဉ်ကြမည် ဖြစ်သည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားအပေါ် စီးပွားရေးအရ အကျပ်ကိုင်ရန် ကြိုးပမ်းကြမည့် ဥရောပကောင်စီ ထိပ်သီး အစည်းအဝေးသို့ ဘိုင်ဒန်တက်ရောက်ရန် ရှိသည်။ ထို့ပြင် လူသားချင်း စာနာမှု အထောက်အပံ့များ၊ စစ်ရေးပဋိပက္ခ၏ နောက် ဆက်တွဲ အခြားစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်လည်း ဦးတည်ထားကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

၎င်း၏ ဥရောပခရီးစဉ်အတွင်း ဘိုင်ဒန်သည် ယူကရိန်းသို့ သွား‌ရောက်ရန် အစီအစဉ်မရှိကြောင်း ဂျန်ဆာကီက မတ်လ ၂၀ ရက် အစောပိုင်းတွင် သတင်းထောက်များကို ရှင်းပြခဲ့သည်။

ပိုလန်ထဲသို့ ဝင်ရောက်လာသူ ယူကရိန်းနိုင်ငံသား ၂ သန်းထဲမှ တချို့သည် တခြား EU နိုင်ငံဆီသို့ ဆက်လက် ပြောင်းရွှေ့သွား ခဲ့သော်လည်း အများစုမှာမူ ပိုလန်ပြည်တွင်း၌ ဆက်ရှိနေကြကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းနိုင်ငံ ကီးယက်ဗ်မြို့ရှိ ဆတိုရာ ရပ်ကွက်ထဲတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် ပျက်ဆီးသွားသော အဆောက်အဦတစ်ခု၏ဘေးတွင် စစ်သားတစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ- အေပီ)

မာရီယူပေါလ်မြို့ကို လက်နက်ချရန် ရုရှားတောင်းဆိုသော်လည်း ယူကရိန်းငြင်းဆို

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1307

CNI International News

ကိယက်ဗ်၊ မတ်လ ၂၁

ယူကရိန်းနိုင်ငံ၊ မာရီယူပေါလ်မြို့ကို ပိတ်ဆို့ဝိုင်းရံထားပြီး မြို့ပြင်သို့လွတ်လပ်စွာသွားလာနိုင်ဖို့ အလံဖြူပြ၍ လက်နက်ချရန် ရုရှားဘက်မှ မတ်လ ၂၁ ရက် (ယနေ့)တွင် တောင်းဆိုခဲ့သော်လည်း ယူကရိန်းက ငြင်းဆို ခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

လူပေါင်း ၄၀၀ ခန့်ခိုလှုံနေသော အနုပညာကျောင်းတစ်ကျောင်းကို ရုရှားတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာ၌ အထက်ပါအတိုင်း လက်နက်ချရန် ရုရှားကမ်းလှမ်းချက်ကို ယူကရိန်းတို့က ဒေါသတကြီးဖြင့် ပယ်ချခဲ့ကြသည်။

မဟာဗျူဟာမြောက်အရေးပါသော မာရီယူပေါလ်မြို့ကို ထိန်းချုပ်နိုင်ဖို့ ရုရှားက အပြင်းအထန်တိုက်ခိုက်နေသဖြင့် အနောက်နိုင်ငံအစိုးရများနှင့် စစ်ရေးလေ့လာသုံးသပ်သူများက ပိုမိုကျယ်ပြန့်သော ချေမှုန်းရေးစစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားပြီဟု ရှုမြင်နေကြသည်။

မာရီယူပေါလ်မြို့မှ ဘေးကင်းလုံခြုံမည့်စင်္ကြန်လမ်းကြောင်းနှစ်ကြောင်းရှိရာ အရှေ့ဘက်သို့ လားသော် ရုရှား နိုင်ငံဘက်သို့ ဦးတည်လျက်လည်းကောင်း၊ အနောက်ဘက်သို့လားသော် ယူကရိန်းနိုင်ငံဘက်ခြမ်းသို့ ဦးတည် လျက်လည်းကောင်း ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု ရုရှားဗိုလ်မှူးကြီး မီခေးလ်မီဇင်ဆက် (Mikhail Mizitsev) က ပြောကြားခဲ့သည်။

ရုရှားဗိုလ်မှူးကြီး မီခေးလ်မီဇင်ဆက်(AP)

လက်နက်ချကြရန် ရုရှားကမ်းလှမ်းချက်ကို မာရီယူပေါလ်မြို့ခံများဘက်မှ တုံ့ပြန်ဖို့အတွက် မတ်လ ၂၁ ရက် (ယနေ့) ဒေသစံတော်ချိန် နံနက် ၅ နာရီအထိ အချိန်ပေးထားသည်။

သို့သော် ယူကရိန်းဒုတိယဝန်ကြီးချုပ် အီရီနာဗီရီရှက်ကော့ (Irina Vereshchuk) ကတော့ လက်နက်မချနိုင် ကြောင်း ပြောကြားခဲ့သည်။

“ဘယ်လိုနည်းနဲ့မှ လက်နက်ချမယ်လို့ မပြောနိုင်ဘူးဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်ကို အကြောင်းပြန် ပြီးပါပြီ” ဟု ၎င်းက ယူကရိန်းသတင်းဌာန Pravda သို့အတိအလင်း ပြောကြားခဲ့သည်။

“၈ မျက်နှာပါတဲ့စာတစ်စောင်အတွက် အချိန်ဖြုန်းနေမယ့်အစား စင်္ကြန်လမ်းပဲ ချက်ချင်းဖွင့်ဖို့ ကျနော် စာပြန် ရေးပို့လိုက်တယ်” ဟု ၎င်းက ပြောသည်။

မာရီယူပေါလ်မြို့တော်ဝန် ပီယိုတာအန်ဒရီယူရှာရှန်ကို (Piotr Andryushchenko) ကလည်း ရုရှားကမ်းလှမ်းချက် ကို အလားတူပယ်ချခဲ့ပြီး ရုရှားများကို ကျိန်စာတိုက်ဖို့ နံနက်မိုးလင်းအထိ စောင့်ရန် မလိုကြောင်း ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားခဲ့သည်။

မိမိတို့က လက်နက်ကိုင်ဓားပြများအဖြစ် ယူဆသတ်မှတ်ခြင်းကို ဆန့်ကျင်လျှင် မာရီယူပေါလ် အာဏာပိုင်များ အနေဖြင့် စစ်ခုံရုံးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ရုရှားအစိုးရပိုင် RIA နိုဗိုစတီ(Novosti) သတင်းဌာနက ရေးသား ဖော်ပြ ခဲ့သည်။

လက်ရှိအခြေအနေတွင် မာရီယူပေါလ်မြို့နှင့် အခြားယူကရိန်းမြို့များတွင် နေထိုင်သူများကို ဘေးလွတ်ရာ ရွှေ့ခွင့် ပြုရန် ယခင်ကြိုးပမ်းချက်များ မအောင်မြင်ခြင်း (သို့မဟုတ်) တစိတ်တပိုင်းမျှသာ အောင်မြင်ခြင်းရှိခဲ့ပြီး အရပ် သားများ ထွက်ပြေးရန် ကြိုးပမ်းနေကြဆဲမှာပင် ရုရှားက ဆက်လက်ဗုံးကြဲတိုက်ခိုက်နေသည်။

Source: AP

 

Share
Tweet
Share
Share
powered by social2s

ရေပက်မဝင်သည့် ကျစ်လစ်မှုဖြင့် တပ်မတော်ကရပ်တည်နေဟု ဒုတပ်ချုပ်ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1686

CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၁

တပ်မတော် အနေဖြင့် ရေပက်မဝင်သည့် ကျစ်လစ်ခိုင်မာသော စည်းလုံးမှုဖြင့် ရပ်တည်လျက်ရှိသည်ဟု ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ ၂၀ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုင်းမော တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နစကသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ချမှတ်၍ နိုင်ငံတော်၏ အကျိုး စီးပွားကို ဖော်ဆောင်ကြိုးပမ်းလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ တပ်မတော်သားများ အနေဖြင့် နိုင်ငံ့အရေးအရာနှင့် ပတ်သက်၍ ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြ ရန်လိုကြောင်း ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်က မိုင်းမောတပ်နယ်မှာဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တွေ့ရစဉ်

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “တပ်မတော် အနေဖြင့် ရေပက်မဝင်သည့် ကျစ်လစ်ခိုင်မာသော စည်းလုံးမှုဖြင့် ရပ်တည် လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နေမည်ဖြစ်သဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ရှိပြီးသော စိတ်ဓာတ်ခိုင်မာသည့် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တား ဆီးရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ရန် အထက်အောက် အပြန်အလှန်လေးစားမှု၊ အုပ်ချုပ်ရေး ညီညွတ်မျှတမှုရှိရန် လိုအပ်ပြီး စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ရန်လိုကြောင်း။ အလားတူ အမိန့်နာခံတတ်မှုနှင့်စစ်သည်တော်တိုင်း ကျင့်ကြံ လိုက်နာရမည့် ကျင့်ဝတ်အပါး ၆၀ တို့ကိုလည်း စောင့်ထိန်းလိုက်နာရန်လိုတယ်”ဟု ပြောသည်။

တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ကို ဖြိုခွဲစဉ်က အတွင်းစည်းကို ပြိုကွဲအောင် ဖုန်ကြားရှင်ကို စည်းရုံးခဲ့ကြောင်း၊ ယခု တပ်မတော်သည် အတွင်းစည်းဖြိုခွဲခြင်း နည်းဗျူဟာအပေါ် စိုးရိမ်နေနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

ဦးရဲထွန်းက “ကျနော့် အတွေ့အကြုံအရတော့ နှစ်ဖက် ဒီပြိုင်ဆိုင် တိုက်ခိုက်နေတဲ့၊ အပြုတ်တိုက်နေတဲ့ အင်အားစုတွေ ကြားမှာပေါ့လေ။ဒီလို ထိပ်တိုက်ဖြစ်တာအပြင် အတွင်းပိုင်းကနေ ဖြိုခွဲတဲ့ နည်းတွေကိုလည်း သုံးကြတယ်။ အခုဟာက တပ်မတော်က အတွင်းပိုင်းကို ဖြိုခွဲခံရတဲ့အလှည့်ပေါ့ဗျာ။ အရင်တုန်းကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားတာက သူက တိုက်လို့ ပြိုတာမဟုတ်ဘူး၊ သူ့အတွင်းပိုင်းမှာ ပြိုကွဲသွားတာ၊ အဲလိုပြိုကွဲသွားအောင်ကလည်း တပ်မတော်ကပဲ လုပ် ခဲ့တာ ဒီအတွေ့အကြုံက ကြောက်စရာကောင်းတာပေါ့နော်။ တပ်မတော်အနေနဲ့လည်း အဲဒီအတွေ့အကြုံကို အဲဒီ နည်းဗျူ ဟာကို သုံးတယ်။ အခုလည်း သူတို့အတွင်းပိုင်းကို အဲလိုဖြိုခွဲတဲ့ဟာက တော်တော်ကို ကြီးကြီးမားမားရှိနေတယ်လို့ ထင် တယ်။ ယူဆရတာပေါ့နော်”ဟု ပြောသည်။

နွေဦးတော်လှန်ရေး လက်နက်ကိုင် တိုက်ခိုက်နေသော ကယားပြည်နယ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့

ဆန္ဒပြခြင်း၊ CDM ပြုလုပ်စေခြင်းတို့ဖြင့် အောင်မြင်မှု မရသဖြင့် လက်နက်ဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုံခြုံ ရေး တပ်ဖွဲ့ဝင်များကို ချောင်းမြောင်း ပစ်ခတ်ခြင်း စသည့် လုပ်ရပ်များကို ပြုလုပ်လာခဲ့ကြောင်း၊ နောက်ဆုံးအဆင့်အဖြစ် တပ်မတော်ကို ဖြိုခွဲရန် ဦးတည်ကြိုးပမ်းလာခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ခံမှုမရှိသည့် လူမှုကွန်ရက်များကို အသုံးချ၍ သတင်းတု သတင်းမှားများ ဖန်တီးထုတ်လွှင့်ခြင်းများ ပြုလုပ်လာကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြော သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအပေါ် မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ဖြုတ်ချခဲ့ သည်။

ထို့နောက် နိုင်ငံတော်ကို အရေးပေါ်ကြေညာ၍ ဆောင်ရွက်လျက်ရှိရာ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ NLD ပါတီဝင်များက လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြင့် တပ်မတော်ကို ပြန်လည်ဖြုတ်ချရန် ကြိုးပမ်းလျက်ရှိနေသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှား၏ကျူးကျော်စစ်သည် ထိုင်ဝမ် တုန်လှုပ်စေရေး တရုတ်ကိုစေ့ဆော်ပေး

By CNI News
CNI News
Category: ဆောင်းပါး
Hits: 3080

CNI Article News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၀

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်သည်မှာ တစ်လနီးပါး ရှိလာပြီဖြစ်သော်လည်း အဆုံးအဖြတ်ကို မမြင်ရသေးပေ။ ယူကရိန်းသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)တွင် ပါဝင်လိုသည့် ကတိကဝတ်များ စွန့်လွှတ်ပြီဟု ပြောကြား လာသော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်၏ စစ်ရေးအဆုံးသတ်ဖို့ ဆုံးဖြတ်ချက်မှာ ရှုပ်ထွေးဝေဝါးနေဆဲ ဖြစ်သည်။

ယူကရိန်းမြို့ကြီးများကို ရုရှားက အဆက်မပြတ် ဗုံးကြဲနေပြီး အရှေ့ဥရောပ နိုင်ငံအသီးသီးသို့ ယူကရိန်းဒုက္ခသည် ရောက် ရှိလာကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းက ပိုမိုဆိုးရွားလာခဲ့သည်။

သို့သော် ယခုတွင်တော့ ယူကရိန်း၏ တင်းတင်းမာမာ ခုခံတွန်းလှန်နေချိန်တွင် ပူတင် မူလက စီစဉ်ထားသည့် ကျူးကျော်စစ် ၏ အဖြေမှာ အကွင်းကွင်း မုန့်တီဟင်းပမာ ရှင်းရှင်းလင်းလင်း တွေ့ရလာပြီဖြစ်သည်။ တရုတ်ခေါင်းဆောင်များသည် ၎င်းတို့ မဟာမိတ် ရုရှား၏လက်နက်ကိုင် ကျူးကျော်စစ်ကြောင့် အံ့အားသင့်သွားခဲ့ပြီး ယူကရိန်းစစ်ပွဲကို အကြောင်းပြုပြီး သကာလ စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန် အခွင့်အရေးပေါ်လာခဲ့သည်။

အင်အားကြီးနိုင်ငံ တစ်နိုင်ငံအနေဖြင့် တရုတ်သည် တာဝန်သိ ပါဝါပိုင်ရှင် ပုံသဏ္ဌာန်ကို ပြသခဲ့ပြီး ‘ကြားနေရေး’ကိုသာ ပြောကြားနေခဲ့သည်။ အမေရိကန်ကတော့ ရုရှားစစ်ရေးကို တရုတ်ကူညီနေကြောင်း အတိအလင်း စွပ်စွဲပြီး ဖြစ်သည်။

နိုင်ငံတကာပိတ်ဆို့ အရေးယူများကြောင့် မော်စကိုသည် ၎င်း၏စီးပွားရေးကို အရှိန်အဟုန်မပြတ် ထိန်းထားနိုင်ဖို့နှင့် ယခု ယူကရိန်းသို့ ထိုးစစ်ကို ထိန်းနိုင်ဖို့ ဘေဂျင်း၏အကူအညီကို အသည်းအသန် လိုအပ်နေသည်က အမှန်ပင်ဖြစ်၏။

ပူတင်ကိုတွေ့ရစဉ်(AP)

မတ်လ ၁၈ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယူကရိန်း အခြေအနေအပေါ် နှစ်နာရီခန့်ကြာ အွန်လိုင်းမှတဆင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးမှု၌ တရုတ်၏ ကောက်ချက်ချပုံမှာ “ကျူးကျော်မှုဆိုတာ ကျနော်တို့ မြင်ချင်တဲ့အရာမဟုတ်” ဟု ရှီက ဘိုင်ဒန်ကို ပြောကြားခဲ့ကြောင်း သိရသည်။ “ဒီဖြစ်ရပ်တွေဟာ နိုင်ငံတွေအချင်းချင်း စစ်မြေပြင်မှာ တွေ့ဆုံတဲ့အဆင့်အထိ မရောက်သင့် ပါဘူး”ဟု ရှီက ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းအရေး၌ ရုရှားဘက်ကို ထောက်ခံကြောင်း တရုတ်အစိုးရ အရာရှိများက ကြေညာချက်အမျိုးမျိုး ထုတ်ပြန်ခဲ့ပြီး ဖြစ် သည်။ ဘိုင်ဒန်ကလည်း ရုရှားကို ရှုတ်ချဖို့ တောင်းဆိုချက်ကို ရှီနှင့် ဆွေးနွေးစဉ် ထပ်မံတောင်းဆိုခဲ့သည်။

ယူကရိန်းစစ်မျက်နှာ၌ ရုရှားကို တရုတ်က စစ်ရေး အထောက်အပံ့ ဆက်ပေးနေခြင်းမျိုး ထပ်တွေ့ခဲ့လျှင် ထိုအပြုအမူ၏ နောက်ဆက်တွဲ အကျိုးဆက်များ တရုတ်ခံစားရမည်ဖြစ်ကြောင်း ဘိုင်ဒန်က ထပ်လောင်း သတိပေးခဲ့သည်။

အမှန်စစ်စစ်မှာ တရုတ်သည် ၎င်းမဟာမိတ် ရုရှား၏ မဟာဗျူဟာ အမှားအတွက် ပြန်လည်ပေးဆပ်ရမည့် တန်ဖိုးကို လိုလားခြင်းမရှိသည့် အရိပ်လက္ခဏာများ တိုးပွားလာနေသည်။

ရုရှား၏ အသေအပျောက်များမှ ခပ်ကင်းကင်းနေပြီး လတ်တလော ပဋိပက္ခကိုသာ ကူညီဖြေရှင်းပေးဖို့ ဘေဂျင်းအစိုးရအား ထင်ရှားသည့် တရုတ်ပညာရှင်နှစ်ဦးဖြစ်သော Wang Huiyao နှင့် Hu Wei တို့က ပွင့်ပွင့်လင်းလင်းပင် တောင်းဆိုခဲ့ကြသည်။

အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်ဂန်း (Qin Gang)က “မကြာခင် တွေ့ရတော့မယ့် အကျပ်အတည်းကို တရုတ်က သိခဲ့ရင် တားဆီးဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်(AP)

သို့သော် ခေတ်ပြိုင်ဖြစ်နေသည့် တရုတ်နိုင်ငံသည် ရုရှားပျက်စီး ဆုံးရှုံးမှုများမှ ကင်းကင်းနေရန်နှင့် မော်စကိုအပေါ် အနောက်အုပ်စု ပိတ်ဆို့မှု အလားအလာ နည်းပါးစေရန် ကြိုးပမ်းနေချိန်တွင် ထိုင်ဝမ်ကလည်း စစ်ရေးအနိဋ္ဌာရုံများမှ သင်ခန်းစာများကို ဂရုတစိုက် ထုတ်ယူလို့နေသည်။

ရုရှား၏ စစ်ရေးလှုပ်ရှား လည်ပတ်မှု အားနည်းချက်များကို ဖော်ထုတ်ပြလိုက်သော ယူကရိန်း၏ ခိုင်မာတောင့်တင်းသည့် ခုခံတွန်းလှန်နိုင်စွမ်းသည် ထိုင်ဝမ်၏ စစ်ဗျူဟာမှူးများအပြင် ဘေဂျင်းမှ မထွေးမအန် ဖြစ်နေရသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းလေး၏ လက်ရှိလူဦးရေကိုလည်း လှုံ့ဆော်ပေးခဲ့သည်။

တရားဝင် စစ်တမ်းအသစ် တစ်စောင်၏အဆိုအရ ထိုင်ဝမ်နိုင်ငံသား ၇၀ ရာခိုင်နှုန်း ကျော်သည် တရုတ်နှင့်စစ်ရေး ရင်ဆိုင်ရပြီ ဆိုလျှင် ထိုင်ဝမ်ကို လက်နက်ကိုင် ခုခံကြရန် ဆန္ဒပြင်းပြနေကြောင်း တွေ့ရသည်။

စစ်ဘက်ဆိုင်ရာ အရန်တပ်ဖွဲ့များ၏ လေ့ကျင့်မှု ပြန်လည်စတင်နေခြင်းအတွက် ထိုင်ဝမ်လူထု ထောက်ခံမှုလည်း တိုးလာနေ ပြီး လိုအပ်လာပါက ထိုင်ဝမ်၏ ဧရာမအင်အားကြီးနိုင်ငံ ကျူးကျော် ဝင်ရောက်လာမည့် အရေးအတွက် လုံးဝ ခုခံကာကွယ် နိုင်ရန် လိုလားနေသည်။ သည့်ထက်ပို၍ လိုအပ်လာလျှင် စစ်မှုထမ်းလုပ်သက် သက်တမ်းတိုးပေးဖို့ ဖြစ်သည်။

ပူတင်ကျူးကျော်မည့် အစီအစဉ်ကို တရုတ် ကြိုသိသလား/မသိသလားဆိုသည်မှာ ယခုအချိန်တွင် အမျိုးမျိုးအဖုံဖုံ ငြင်းခုံလို့ ကောင်းကြတုန်း ဖြစ်သည်။

တရုတ်သည် ရုရှားကို ဟန့်တားမည့်အစား ယူကရိန်းအပေါ် ရုရှားစစ်ရေး အစီအစဉ်များနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေး သတင်းများကို ကရင်မလင် သမ္မတနန်းတော်သို့ လွှဲပြောင်းပေးရေးကိုသာ ရွေးချယ်ခဲ့ကြောင်း ဘိုင်ဒန် အစိုးရက ပြောထားသည်။

နယူးယောက်တိုင်းမ် မီဒီယာ၏အဆိုအရ “ဘေဂျင်းသည် မော်စကိုသို့ သတင်းအချက်လက်များ မျှဝေခဲ့ကြောင်း၊ ရုရှား၏ အစီအစဉ်နှင့် လုပ်ရပ်များကို တရုတ်ဟန့်တားမည် မဟုတ်ကြောင်း” အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းက တွေ့ရှိ ခဲ့သည်ဟု သိရသည်။

ပိုမိုရှင်းလင်းသည့် အချက်တစ်ချက်မှာ တရုတ် အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ရုရှားကျူးကျော် တိုက်ခိုက်နေသည့် ကာလ ဤမျှလောက် တာရှည်သွားမည်ဟု မမျှော်လင့်မိခဲ့ခြင်း ဖြစ်သည်။  

လက်ရှိ အခြေအနေတွင် ရုရှားသည် ယူကရိန်းသို့ ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့ဖြင့် ဘက်ပေါင်းစုံ စစ်ဆင်ရေး ဆင်နွှဲနေသော်လည်း အနည်းငယ်သာ တိုးတက်မှုရှိပြီး စစ်မျက်နှာအားလုံးတွင် သိသိသာသာ တွန့်ဆုတ်မှု ရှိနေကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ပြောရမည်ဆိုလျှင် ရုရှားနှင့်တရုတ် နှစ်နိုင်ငံစလုံးသည် ယူကရိန်းသို့ ကျူးကျော်မှုအပေါ် အနောက်အုပ်စု တုံ့ပြန်သည့် ပိတ်ဆို့ အရေးယူမှု အသစ်များကို လျှော့တွက်ထားပုံရသည်။

ရုရှားဗဟိုဘဏ်နှင့် ထိပ်တန်းခေါင်းဆောင်များပင်လျှင် မမျှော်လင့်ထားသည့် ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရပြီ ဖြစ် သည်။ ထို့အတွက် အထီးကျန်ဖြစ်သွားရသည့် မော်စကိုသည် တရုတ်၏ ထောက်ပံ့ကူညီမှု အပေါ်မှာပဲ မျှော်လင့်ချက် အားလုံး ပုံချရလေတော့၏။

ရုရှားနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်နီးပါးမှာ ထုတ်သုံးနိုင်ခြင်း မရှိသေးဘဲ ပိတ်ဆို့ခံထားရသည်။ မော်စကိုအစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး အန်တွန်စီလူယာနော့ဗ် (Anton Siluanov) က “တရုတ်နိုင်ငံနဲ့ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်ထိန်းထားနိုင်တုန်းပါ။ အနောက်အုပ်စုဈေးကွက်တွေ ပိတ်ထားတဲ့ နေရာတွေမှာလည်း ထိန်းထားနိုင်တယ်” ဟု ကြေညာ ခဲ့သည်။

ပြီးခဲ့သည့်လက ကရင်မလင်အကြံပေး ဆာဂျေကာရာဂါနော့ဗ်က “တရုတ်ဟာ ကျနော်တို့နဲ့ မဟာဗျူဟာမြောက် ဆက်ပြီး လက်တွဲ ရဦးမှာပါ။ ခက်ခဲကျပ်တည်းတဲ့ အခြေအနေတစ်ရပ်မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အထောက်အပံ့တွေအတွက် ဘေဂျင်းကိုပဲ အားကိုးရတော့မယ်ဆိုတာ ကျနော်တို့ ကောင်းကောင်းသိပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုအသစ်နှင့် စစ်ရေးမျက်နှာစာတွင် ရုရှားက စိတ်ပျက်စရာ လုပ်ပြနေသဖြင့် တရုတ်သည် မဟာမိတ်အပေါ် ၎င်း၏ ကတိကဝတ် အတိုင်းအတာကို ပြန်စဉ်းစားဖို့ အလားအလာရှိနေသည်။

တရုတ်နိုင်ငံသည် စွမ်းအင် တင်သွင်းမှုအနေဖြင့် ရုရှားက ဈေးပေါပေါဖြင့် ထုတ်ရောင်းနေရသော သယံဇာတများ၊ ရုရှား၏ မဟာဗျူဟာမြောက် တည်နေရာများနှင့် စစ်ရေးနည်းပညာများကို လတ်တလော လိုသလောက် သဲ့ယူနိုင်နေသည်။

သို့သော် ထိုသို့ သဲ့ယူခြင်းအတွက် တရုတ်ထံတွင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ထိတွေ့ရမည့် အန္တရာယ် လည်း ရှိသည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဘေဂျင်းအခြေစိုက် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) သည် ရုရှားနိုင်ငံသို့ ချေးငွေများကို ဆိုင်းငံ့ထားခဲ့ပြီး တရုတ်ကုမ္ပဏီများက မော်စကိုသို့ လေယာဉ်အပိုပစ္စည်းများ ထောက်ပံ့ပေးရန် ငြင်းဆိုထားသည်။

ခေတ်မီသော အနောက်တိုင်း လက်နက်များ အပါအဝင် ကမ္ဘာ့အကောင်းဆုံး တပ်ဆင်ထားသော လက်နက်ကိုင် တပ်ဖွဲ့များထဲ မှတစ်ခု ကြွားဝါလာကာ ယခုအခါ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ကြည်း၊ ရေနှစ်သွယ် ကျူးကျော်ဝင်ရောက်လာမှုကို တွန်းလှန် ရန် ပိုမိုယုံကြည်မှုရှိသည်ဟု ယူဆရသည်။

ရုရှား၏ ရန်လိုမှုကို ရင်ဆိုင်ရချိန်တွင် အနောက်နိုင်ငံများက စစ်ရေးနှင့် သံတမန်ရေးအရ ပံ့ပိုးကူညီမှုများဖြင့်  ထိုင်ဝမ်ကို အားပေးဖွယ်ရှိသည်။ ယူကရိန်းသည် အမေရိကန်၏ မဟာမိတ် မဟုတ်သော်လည်း ဘိုင်ဒန်အစိုးရက ဥရောပနိုင်ငံအတွက် ကာကွယ်ရေး အကူအညီ ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံကို ရက်ရက်ရောရော ထုတ်ပေးခဲ့သည်။

ဂျာမနီ အပါအဝင် ဥရောပ အင်အားကြီး နိုင်ငံများသည် ရုရှားစီးပွားရေး၏ အဓိကကဏ္ဍများတွင် ပြင်းထန်သော ပိတ်ဆို့အရေး ယူမှုများကို ညှိနှိုင်းဆောင်ရွက်နေချိန်၌ ယူကရိန်းသို့ သက်ရောက်မှု မြင့်မားသော လက်နက်များကို လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။

အရေးကြီးဆုံးမှာ ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခမှန်သမျှအပေါ် လူအများ၏ သဘောထားတွင် ကြီးမားသော အသွင်ကူးပြောင်းမှု ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအထိ ထိုင်ဝမ်စစ်တမ်းဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက သာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို ကာကွယ်ရေးအတွက် စစ်တိုက်လိုကြောင်း ဖော်ပြခဲ့ကြဖူးသည်။

ထိုင်ဝမ်စစ်တပ်ကိုတွေ့ရစဉ်(AFP)

သို့သော် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ထိုအရေအတွက်သည် ၇၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ကြောင်း တိုင်ပေအခြေစိုက် ထိုင်ဝမ်နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအသင်းမှ သိရသည်။

ထို့အပြင် ထိုင်ဝမ် အရပ်သား အများအပြားသည် ကြီးမားသော စစ်ပွဲတွင်မဆို ကြီးမားသော ကြိုးပမ်းအားထုတ်မှုတွင် ပါဝင် ကူညီနိုင်စွမ်းရှိစေမည့် ဖင်လန်ပုံစံ “အလုံးစုံကာကွယ်ရေး” အယူဝါဒအတွက် လူထုထောက်ခံမှု တိုးပွားလာနေသည်။

ဆိုင်စုဝမ် အစိုးရအဖွဲ့သည် အသက် ၁၈ နှစ်မှ ၃၈ နှစ်ကြား အမျိုးသားများအတွက် နိုင်ငံ၏ မဖြစ်မနေ စစ်မှုထမ်းရမည့် သက်တမ်းကို လေးလမှ အနည်းဆုံး တစ်နှစ်အထိ တိုးချဲ့လုပ်ဆောင်လို့ နေသည်။ မကြာသေးမီက စစ်တမ်းများအရ ထိုင်ဝမ် လူဦးရေ၏ ၇၀ ရာခိုင်နှုန်း နီးပါးသည် ထိုကဲ့သို့သော လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသနေသည်။

အမျိုးသမီး သမ္မတဆိုင်သည် ယူကရိန်း၏ ခုခံမှုကိုကြည့်ရင်း စိတ်အားထက်သန် နေသောကြောင့် ၎င်း၏ ထိပ်တန်း လက်ထောက်များနှင့်အတူ ဥရောပရှိ ယူကရိန်းနိုင်ငံအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများအတွက် သမ္မတ၏လစာ တစ်လစာ အပြည့် လှူဒါန်းရန် ဆုံးဖြတ်ခဲ့သည်။

“ကမ္ဘာ့ဒီမိုကရေစီရဲ့ မိတ်ဖက်အဖွဲ့ဝင် နိုင်ငံတစ်ခုအနေနဲ့ ထိုင်ဝမ်ဟာ  ပျက်ကွက်မှာ မဟုတ်ပါဘူး။ ယူကရိန်းကို ကျမတို့ အပြည့်အဝ ထောက်ခံပါတယ်” ဟု ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန် ၎င်း၏ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် ထိုင်ဝမ်သမ္မတက ပြောကြားခဲ့သည်။

Source: Asia Times

(Asia Times ဝက်ဘ်ဆိုက်တွင် မတ်လ ၁၉ ရက် ရက်စွဲဖြင့် ဖော်ပြထားသော မူရင်းဆောင်းပါးရှင် Richard Javad Heydarian ၏ရေးသားချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)

 

Share
Tweet
Share
Share
powered by social2s
အာဆတ်နဲ့ ယူအေအီးခေါင်းဆောင်တို့ တွေ့ဆုံစဉ်(AP)

ဆီးရီးယားစစ်ပွဲနောက်ပိုင်း အာရပ်ပထမဆုံးခရီးစဉ်အဖြစ် UAE သို့ သမ္မတအာဆတ် ရောက်ရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1950

CNI International News

ဒမတ်စကတ်၊ မတ်လ ၁၉

ဆီးရီးယားသမ္မတ ဘာရှာအာဆတ်သည် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)သို့ မတ်လ ၁၈ ရက်တွင် ရောက်ရှိ လာခဲ့ရာ ၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ်နောက်ပိုင်း အာရပ်နိုင်ငံတစ်နိုင်ငံသို့ ၎င်း၏ ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အာဆတ်သည် ယူအေအီး၏ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူဘိုင်းအုပ်ချုပ်သူ စသည့် တာဝန်များ ယူထားသူ ရှိတ်မိုဟာမက် ဘင်ရာရှစ်အယ်လ်မက်ခ်တွမ်းနှင့် တွေ့ဆုံခဲ့ကြောင်း ဆီးရီးယားသမ္မတရုံးက လူမှုကွန်ရက်မီဒီယာများပေါ် ကြေညာချက် လွှင့် တင်ခဲ့သည်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှု၌ နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုခရီးစဉ်သည် တစ်ချိန်က ဖယ်ကြဉ်ထားသည့် ဆီးရီးယားသမ္မတနှင့် ပြန်လည်ဆက်ဆံလိုကြောင်း အာရပ်ကမ္ဘာအနေဖြင့် အထင်ရှားဆုံး ပြသလိုက်ခြင်း ဖြစ်သည်။

အာဆတ်၏ အဓိကမဟာမိတ် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းတွင် စစ်ရေးဖြင့် ကျူးကျော်နေပြီး ယခု ရက်သတ္တပတ် လေးပတ်မြောက်တွင် မြို့တော်ကိယက်ဗ် အပါအဝင် ယူကရိန်းမြို့ကြီးများကို သည်းသည်းမည်းမည်း တိုက်ခိုက်နေသည်။

အာဆတ်နဲ့ ဒူဘိုင်းအုပ်ချုပ်သူကိုတွေ့ရစဉ်(AP)

ဆီးရီးယားက ရုရှား၏ ကျူးကျော်မှုကို ထောက်ခံခဲ့ပြီး အနောက်အုပ်စုနိုင်ငံများကို အပြစ်တင်ခဲ့သည်။
၎င်းနိုင်ငံသည် ပြီးခဲ့သည့် ၁၁ နှစ်က ပြည်တွင်းပဋိပက္ခ ပြင်းထန်ခဲ့ပြီးနောက် အဖွဲ့ဝင်နိုင်ငံ ၂၂ နိုင်ငံပါဝင်သော အာရပ်အဖွဲ့ချုပ် မှ ထုတ်ပယ်ခံရကာ အိမ်နီးချင်း တိုင်းပြည်ကလည်း ဆန့်ကျင်ခဲ့ကြသည်။

ဆီးရီးယားစစ်ပွဲအတွင်း လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး ဆီးရီးယားလူဦးရေ၏ ထက်ဝက်ခန့်မှာ နေရပ်အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
ပြည်တွင်းစစ်အဖြစ်သို့ ပြောင်းလဲပြင်းထန်စေခဲ့သည့် ၂၀၁၁ ခုနှစ် ဆန္ဒပြမှုများကို အသေအပျောက်ရှိသည်အထိ ဖြိုခွင်းခဲ့သဖြင့် အာရပ်ကမ္ဘာနှင့်အနောက်အုပ်စုနိုင်ငံများကို အာဆတ်ကို အပြစ်တင်ခဲ့ကြပြီး ဆီးရီးယားစစ်အစပိုင်းတွင် အတိုက်အခံများကို ၎င်းတို့က ထောက်ခံခဲ့ကြသည်။

အာဆတ်၏ ယူအေအီးခရီးစဉ်နှင့်ပတ်သက်၍ ဝါရှင်တန်၏ သဘောထားအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရင့်စ်ကို မေးမြန်းခဲ့ရာ ၎င်းက “ဆီးရီးယားနိုင်ငံသားတွေ မရေတွက်နိုင်လောက်အောင် သေဆုံးခဲ့မှု၊ ဒုက္ခရောက်စေခဲ့မှုနဲ့ မတရားဖမ်းဆီးမှုနဲ့ ပျောက်ဆုံးစေခဲ့မှုတို့အတွက် တာဝန်ရှိတဲ့ ဘတ်ရှာအာဆတ်ကို တရားဝင်ဖြစ်စေဖို့ အခုလို ထင်ရှားတဲ့ကြိုးပမ်းမှုကြောင့် အင်မတန်စိတ်ပျက်မိပါတယ်” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

အာဆိတ်ရဲ့ ယူအေအီးခရီးစဉ်(AP)

ဆီးရီးယား ပြည်တွင်းစစ်အတွင်း အာဆတ်သည် နိုင်ငံ၏ပြင်ပသို့ ခရီးသွားလာမှု အလွန်နည်းပါးခဲ့ပြီး သွားလာခဲ့လျှင်လည်း ရုရှားနှင့်အီရန်တို့ဆီသာ ဖြစ်သည်။ အီရန်သည် ဆီးရီးယားအစိုးရကို ဒေါ်လာဘီလီယံနှင့်ချီသော အကူအညီများ ပေးအပ် သည့်အပြင် အီရန်ကျောထောက် နောက်ခံပြု တိုက်ခိုက်ရေးသားများကိုလည်း ဆီးရီးယားသို့ စေလွှတ်ပေးခဲ့သည်။

အလားတူ ရုရှားလေတပ်ကလည်း အာဆတ်အတွက် စစ်မျက်နှာဖွင့်နိုင်ရန် အဓိကအထောက်အကူပေးခဲ့သည်။
အဆိုပါ ပြည်တွင်းစစ်သည် ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် ကြာမြင့်ခဲ့ပြီး အာဆတ်သည် ရုရှားနှင့်အီရန် မဟာမိတ် နှစ်နိုင်ငံထံမှ စစ်ရေးအကူအညီများဖြင့် နိုင်ငံ၏ နေရာအများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းနောက် အာရပ်နိုင်ငံ များက မကြာသေးမီ နှစ်များအတွင်း ဆီးရီးယားနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် နီးကပ်လာခဲ့ကြသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
မိုဒီ၊ ပူတင်နဲ့ ရှီကျင့်ဖျင်တို့ကိုတွေ့ရစဉ်(GETTY IMAGES)

အိန္ဒိယသို့ ရုရှားရေနံရောင်းချမှု ဘိုင်ဒန်၏ကြိုးပမ်းချက်ကို ရှုပ်ထွေးစေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2702

CNI International News

ဝါရှင်တန်၊ မတ်လ ၁၉

ကပ်ရောဂါကြောင့် စီးပွားရေးနာလန်ထူဖို့ ရုန်းကန်နေချိန် စွမ်းအင်လိုအပ်ချက်အတွက် ရုရှားရေနံတင်သွင်းခြင်းကို တိုးမြှင့် လုပ်ဆောင်သွားမည်ဟု အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးက မတ်လ ၁၈ ရက်တွင် ပြောကြားခဲ့ခြင်း ကြောင့် ဘိုင်ဒန်၏ ရုရှားကို ပိတ်ဆို့ရေး ကြိုးပမ်းချက်များ ရှုပ်ထွေးစေခဲ့သည်ဟု အေပီသတင်းက ဖော်ပြသည်။

ထို့နောက် ယူကရိန်းသို့ ရုရှားကျူးကျော်မှုကို ဆန့်ကျင်ရန် ကမ္ဘာတဝန်းစုစည်းနိုင်ရေး သမ္မတဂျိုးဘိုင်ဒန်၏ ကြိုးပမ်းချက်အား တရုတ်ကဲ့သို့ ယှဉ်ပြိုင်ဘက်များသာမက ကမ္ဘာ့လူဦးရေ အများဆုံးနှင့် ဒီမိုကရေစီကျင့်သုံးသည့် အိန္ဒိယကပါ စိန်ခေါ်လာခဲ့ကြောင်း အေပီက ဆက်လက် ဖော်ပြခဲ့သည်။
အမည်မဖော်လိုသူ အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးက “နောက်ဆုံးဝယ်ယူမယ့် ရေနံစည်ပေါင်း ၃ သန်းဖြစ်ပါ တယ်” ဟု အတည်ပြု ပြောကြားခဲ့သည်။

အိန္ဒိယတစ်နိုင်ငံတည်း ရုရှားစွမ်းအင် ဝယ်ယူခြင်း မဟုတ်ဘဲ ဂျာမနီကဲ့သို့ ဥရောပမဟာမိတ်များလည်း ဆက်လက် ဝယ်ယူနေကြသဖြင့် ရုရှားကို စီးပွားရေးပိတ်ဆို့၍ အထီးကျန်ဖြစ်စေလိုသည့် ဘိုင်ဒန်၏ ကြိုးပမ်းချက်နှင့် ကွဲလွဲနေခဲ့သည်။

မိုဒီနဲ့ပူတင်ကိုတွေ့ရစဉ်(GETTY IMAGES)

ထို့ပြင် အိန္ဒိယသည် မကြာသေးမီက ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်ကို စမ်းသပ်ဝယ်ယူရေး လုပ်ဆောင် နေပြီး ဝါရှင်တန်နှင့် နယူးဒေလီတို့အကြား ဆက်ဆံရေးမှာ ယခုရေနံကိစ္စကြောင့် တင်းမာလာခဲ့သည်။

အိမ်ဖြူတော်သည် ယခုကဲ့သို့ ရုရှားထံ ရေနံဝယ်ယူခြင်းအတွက် အိန္ဒိယအပေါ် အရေးယူပိတ်ဆို့မှု ပြဋ္ဌာန်းရန် စဉ်းစားနေဆဲ ဖြစ်သည်။
ယူကရိန်းသို့ ရုရှားကျူးကျော်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် အဆိုပါကိစ္စရပ်ကို လှည့်ကွက်တစ်ခုအဖြစ် မိမိတို့ သုံးသပ်လေ့လာနေကြောင်း ဘိုင်ဒန်အစိုးရနှင့်နီးစပ်သော အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရုရှားနှင့်အိန္ဒိယ ရေနံသဘောတူညီချက်သည် ဘိုင်ဒန်အတွက် ပထဝီဝင်နိုင်ငံရေး ဟန်ချက်ညီစေမှုကို ရှုပ်ထွေးစေ ခဲ့သည်။ ရုရှား၏ ကျူးကျော်မှုကို ဆန့်ကျင်ရန် ကမ္ဘာ့နိုင်ငံများကို ဘိုင်ဒန်က စည်းရုံးဖို့ ကြိုးပမ်းနေသည့်တိုင် အာရှ တိုက်တွင် တရုတ်ဩဇာ လွှမ်းမိုးလာမှုအား တန်ပြန်ရန်အတွက် အိန္ဒိယသည် ဝါရှင်တန်၏ အရေးပါသော မိတ်ဖက် နိုင်ငံအဖြစ်လည်း တည်ရှိနေပြန်သည်။

အိန္ဒိယသည် အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်တို့နှင့်အတူ နိုင်ငံတကာမိတ်ဖက်အဖွဲ့ Quad(ကွက်ဒ်)တွင် ပါဝင် ထားပြီး အဆိုပါ ၄ နိုင်ငံစလုံးမှ ခေါင်းဆောင်များသည် ယခုနှစ် တိုကျိုမြို့တွင် တွေ့ဆုံကြရန် စီစဉ်ထားပြီး ဖြစ် သည်။

မိုဒီနဲ့ဘိုင်ဒန်ကိုတွေ့ရစဉ်(GETTY IMAGES)

အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းကောင်းများ ရှိနေပြီး လာမည့် ဒီဇင်ဘာလ တွင် အွန်လိုင်းမှတဆင့် ကျင်းပမည့် ဘိုင်ဒန်ဦးဆောင်သည့် ဒီမိုကရေဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက် ရောက်ရန် ဖိတ်ကြားခြင်း ခံထားရသည်။

လက်ရှိမှာတော့ အိမ်ဖြူတော်သည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားနှင့်လက်တွဲခြင်းမပြုရန် တရုတ်ကို သတိပေးထား သည့် အချိန်တွင် ရုရှားနှင့်ဆက်စပ်၍ အိန္ဒိယ၏အခန်းကဏ္ဍလည်း ပေါ်ပေါက်လာခဲ့သည်။

Source: AP

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မော်စကိုက လူထုစုဝေးပွဲမှာ ပူတင်ကို တွေ့ရစဉ်(AP)

ယူကရိန်းကို တိုက်ခိုက်နေချိန် မော်စကိုက လူထုစုဝေးပွဲမှာ ပူတင်ထွက်ပေါ်လာ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1228

CNI International News

မော်စကို၊ မတ်လ ၁၉

မတ်လ ၁၈ ရက်၌ အလံများ ဝှေ့ယမ်းရင်း လူစုလူဝေး အထူးစည်ကားနေသော မော်စကို အားကစားကွင်းထဲသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် ရောက်ရှိလာခဲ့ပြီး ရက်သတ္တပတ် ၃ ပတ်ကြာ ယူကရိန်းထဲ ကျူးကျော်တိုက်ခိုက်နေသော ၎င်း၏တပ်ဖွဲ့ဝင် များကို ချီးကျူးဂုဏ်ပြုသွားခဲ့ကြောင်း အေပီသတင်းက ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းနှင့် သံတမန်ရေး ဆွေးနွေးမှုများ အခြေအနေနှင့် ပတ်သက်၍ ရုရှားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က နှစ်ဘက် သဘောထားကွဲမှုများ ပိုမိုကျဉ်းမြောင်းလာခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ယူကရိန်းဘက်ကတော့ ၎င်း၏ရပ်တည်ချက်မှာ မပြောင်းလဲသေးကြောင်း တုံ့ပြန်ပြောကြားထားသည်။
ကျူးကျော်တိုက်ခိုက်မှုအပေါ် မကျေနပ်ကြ၍ ရုရှားပြည်တွင်း၌ စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားနေသော် လည်း မတ်လ ၁၈ ရက်နေ့ မော်စကို လူထုစုဝေးပွဲသည် ကရင်မလင်သမ္မတနန်းတော်မှ ဖန်တီးလာသည့် မျိုးချစ်စိတ်ဓာတ် များကို ပြသလာခြင်းအဖြစ် သံသယရှိနေကြကြောင်း ကရင်မလင်အပေါ် ဝေဖန်သည့် တယ်လီဂရမ်ချန်နယ် အများအပြားက ဖော်ပြခဲ့ကြသည်။

မော်စကိုက လူထုစုဝေးပွဲကို တွေ့ရစဉ်(AP)

ယူကရိန်းလက်ဝယ်မှ ခရိုင်းမီးယား ကျွန်းဆွယ်ကို မော်စကို သိမ်းယူခဲ့သည့် ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ချီတက်ပွဲများ၊ ဖျော်ဖြေပွဲများ ကျင်းပပေးခဲ့ပြီး ရုရှားနိုင်ငံအနှံ့အပြားမှ အစိုးရအဖွဲ့အစည်းများ၊ ကျောင်းသားများနှင့် အမှုထမ်း၊ အရာထမ်းများကို တက်ရောက်ကြရန် အာဏာပိုင်များက လှုံ့ဆော်စည်းရုံးခဲ့သည်။

ထိုသတင်းများနှင့်ပတ်သက်၍ အေပီက သီးခြားအတည်ပြုချက် မရရှိသေးကြောင်း ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် ရုရှားတပ်များသည် ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်းမြို့ကြီးများကို အင်အားအလုံးအရင်းဖြင့် ပစ်ခတ်တိုက်ခတ်နေခဲ့ပြီး ပိုလန်နိုင်ငံနှင့်နယ်စပ်အနီး လိုဗစ်မြို့ ဆင်ခြေဖုံး၌ လေယာဉ်ပြုပြင်တပ်ဆင်ရေးကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ရပ်များဖြင့် ရုရှားတပ်များသည် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခု ဆိုက်ရောက်အောင် မိမိတို့ အကြီးဆုံး မြို့များကို ပိတ်ဆို့ထားကြောင်း၊ ယူကရိန်းနိုင်ငံသားအားလုံး ပူးပေါင်းပါဝင် တွန်းလှန်ကြရန် လိုကြောင်း သမ္မတ ဇာလန်းစကီး က ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်(AP)

စစ်ပွဲစတင်ခဲ့သည့်နောက်ပိုင်း ယခု ပထမဆုံးအကြိမ် လူထုမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့သော ပူတင်က “ရုရှားတပ်တွေဟာ အချင်းချင်း ပခုံးဖက်ပြီး အပြန်အလှန် အကူအညီ ပေးနေကြတယ်။ ကျနော်တို့ ဒီလိုမျိုး စည်းလုံးညီညွတ်မှု မတွေ့ရတာ ကြာပါပြီ” ဟု ချီးကျူးပြောကြားခဲ့သည်။

လူဇာနီကီ (Luzhniki) အားကစားကွင်းအတွင်းနှင့် အနီးတဝိုက်သို့ လူပေါင်း ၂ သိန်းကျော် စုဝေးခဲ့ကြကြောင်း မော်စကို ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အခမ်းအနားတွင် U.S.S.R ဖျော်ဖြေတင်ဆက်မှု အပါအဝင် “ယူကရိန်းနှင့် ခရိုင်းမီးယား၊ ဘယ်လာရုစ်နှင့် မော်လ်ဒိုဗာတို့သည် ကျွန်ုပ်တို့နိုင်ငံဖြစ်သည်” ဟု ရေးစပ်ထားသော တေးသီချင်းများကို သီဆိုခဲ့ကြသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)

ရုရှားထိုးစစ်ရပ်တန့်ဖို့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးပွဲများလိုအပ်ဟု ဇာလန်းစကီးပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1348

CNI International News

ကိယက်ဗ်၊ မတ်လ ၁၉

ယူကရိန်းသမ္မတ ဇာလန်းစကီးက ၎င်း၏ဇာတိမြေကို ကျူးကျော်နေခြင်းမှ ရပ်တန့်ရန်အတွက် မော်စကိုနှင့် အဓိပ္ပာယ်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ဖို့ မတ်လ ၁၈ ရက်တွင် တောင်းဆိုခဲ့သည်။

စစ်ပွဲအတွင်း ဆုံးရှုံးရမှုနှင့် အတိဒုက္ခရောက်ခဲ့ရမှုတို့မှ ပြန်လည်ထူထောင်ရေးအတွက် ရုရှားသည် မျိုးဆက်များစွာတိုင် ပေးဆပ်ရလိမ့်မည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက် စတင်တိုက်ခိုက်ချိန်မှ ယခုအချိန်အထိ ရုရှားတပ်များသည် အပြင်းအထန် ခုခံတွန်းလှန်မှုများဖြင့် ရင်ဆိုင် နေရပြီး မြို့တော်ကိယက်ဗ်သို့ ထိုးစစ်များ အရှိန်နှေးသွားခဲ့သည်။ မြို့ကြီးများကို ရုရှားတပ်များ ဆက်လက် ဝိုင်းရံထားဆဲ ဖြစ် ပြီး မြို့ပြအဆောက်အအုံများ ပြိုကျပျက်စီးခဲ့သည်။

ကိယက်ဗ်၊ ချန်နီဟက်ဗ်နှင့် ဇိုတိုမီယာမြို့များအနီးတွင် မတ်လ ၁၈ ရက်အစောပိုင်းက လေကြောင်းအန္တရာယ်သတိပေး ဥဩသံများ ထွက်ပေါ်ခဲ့သော်လည်း ထပ်မံဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအကြောင်း လတ်တလော သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

ရုရှားတိုက်ခိုက်မှုကြားက ယူကရိန်းစစ်သား(GETTY IMAGES)

ရုရှားစီးပွားရေး အထီးကျန်ဖြစ်စေဖို့ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများသည် ဗလာဒီမာပူတင်က အထူးစစ်ဆင် ရေးဟု တံဆိပ်ကပ်ထားသော ကျူးကျော်မှုကို တားဆီးနိုင်ရန် အနည်းငယ်သာ ထိရောက်မှုရှိခဲ့သည်။

မာရီယူပေါလ် အဓိကဆိပ်ကမ်းမြို့တဝိုက် ရုရှားက တင်းကြပ်စွာ ထိန်းချုပ်လိုက်ပြီးနောက် ပင်လယ်နက်နှင့် ဆက်စပ် တည် ရှိသော အေဇော့ပင်လယ်ထဲသို့ ယူကရိန်း ဝင်ရောက်ခွင့် ယာယီဆုံးရှုံးသွားခဲ့ကြောင်း၊ ကြီးမားသော နစ်နာမှုဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၈ ရက်၌ အတည်ပြုခဲ့သည်။

သို့သော် ရုရှားသည် ၎င်း၏တပ်ဖွဲ့ဝင်များအကြား စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုတ်လျော့ကျဆင်းမှုနှင့် ရင်ဆိုင်နေရကြောင်း အနောက်နိုင်ငံများမှ အစိုးရအရာရှိများက သုံးသပ်နေကြသည်။

ရုရှားတိုက်ခိုက်မှုကြားက ပျက်စီးမှု(Reuters)

စစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုများ လမ်းကြောင်းသစ်တစ်ခု ဖွင့်ရန် ဇာလန်းစကီးက ဗွီဒီယိုမက်ဆေ့ချ်တစ်ခုဖြင့် တိုက်တွန်းခဲ့သည်။
“မော်စကိုကနေပြီးတော့ ကျနော်ပြောတဲ့အသံကို လူတိုင်းကြားစေချင်ပါတယ်။ စေ့စပ်ဆွေးနွေးပွဲစဖို့ အချိန်ကျပါပြီ။ စကား ပြောကြရမယ့် အချိန်ကျပါပြီ”ဟု ၎င်းက မတ်လ ၁၈ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ယူကရိန်းအတွက် ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာနဲ့ တရားမျှတမှု ပြန်လည်အရယူဖို့ အချိန်ပါပဲ။ အဲဒါမှ မဟုတ်ရင် ရုရှားဆီမှာ ဆုံးရှုံးသွားတာတွေအတွက် ကျနော်တို့မျိုးဆက်ပေါင်းစွာ အချိန်ယူရဦးမှာ ဖြစ်ပါတယ်” ဟု ဇာလန်းစကီးက ဆက်လက် ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပါတီငယ်များပါဝင်သည့် မဟာမိတ်အင်အားစု ဖွဲ့စည်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1970

CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၉

နိုင်ငံရေးပါတီငယ်များဖြင့် စုဖွဲ့ထားသည့် ဒီမိုကရက်တစ် ဖက်ဒရယ်ညွန့်ပေါင်းအဖွဲ့ချုပ်(DFA)ကို ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ မဟာမိတ်အဖွဲ့တွင် ပါဝင်မည့် ပါတီခေါင်းဆောင်များထံမှ သိရသည်။

အဆိုပါမဟာမိတ်အဖွဲ့တွင် နိုင်ငံရေးပါတီ ၁၂ ပါတီ ပါဝင်မည်ဖြစ်ပြီး ပါဝင်သည့် နိုင်ငံရေးပါတီများကို မတ်လကုန်တွင် ရုံးဖွင့် ပွဲလုပ်ကာ တရားဝင်ထုတ်ပြန်သွားရန်ရှိကြောင်း၊ လက်ရှိအချိန်တွင် ပါတီနာမည်များကို လုံခြုံရေးအရ ထုတ်ပြန်ထားခြင်း မရှိ သေးကြောင်း အမည်မဖော်လိုသည့် ပါတီခေါင်းဆောင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဖွဲ့တာမှန်ပါတယ်၊ အကြမ်းဖျင်းတော့ ၁၂ ပါတီဖွဲ့တယ်၊ ၁၇ ရက်နေ့ကပေါ့၊ ဘယ်ပါတီတွေ ပါတယ်ဆိုတာ လောလောဆယ်မှာ ပြောခွင့် အတိအကျ မရသေးတဲ့အတွက် ပြောလို့မရလို့ပါ၊ ကျနော်တို့ လကုန်ရင်တော့ သိရမှာပါ” ဟု ပြော သည်။

နိုင်ငံရေးပါတီ(၁၂)ပါတီ ပါဝင်သည့် အဆိုပါ ဒီမိုကရက်တစ် ဖက်ဒရယ်ညွန့်ပေါင်းအဖွဲ့ချုပ် (DFA) မဟာမိတ်အဖွဲ့ကို မတ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းလိုက်ကြောင်း သဘောတူလက်မှတ်ထိုးခဲ့သည်ဟု ဖွဲ့စည်းရာတွင် ပါဝင်သည့် အမျိုးသား ညီညွတ် သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက ၎င်း၏ လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

ထို့နောက် အဆိုပါအဖွဲ့၏ ရုံးချုပ်ကို လာမည့် မတ်လကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ညွန့်ပေါင်းအဖွဲ့ချုပ်၏ မူဘောင်၊ ပဋိညာဉ်စာချုပ်ကို ဧပြီလကုန်တွင် အပြီးရေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။

မတ်လ ၁၇ ရက်က ဖွဲ့စည်းခဲ့သည့် မဟာမိတ်အဖွဲ့တွင် မိမိတို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)လည်း ပါဝင်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသုဝေက CNI သတင်းဌာနသို့ အတည်ပြု ပြောသည်။

“ကျနော်တို့ရဲ့ ပါတီပါပါတယ်၊ ဝင်လုပ်တယ်လေ၊ ကျနော်ကတော့ meeting တွေက ကြာပြီ ငြိမ်းချမ်းရေးမှာကော၊ ဘာကော ဆိုတော့ ကျနော်ကတော့ မပါတော့ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း နိုင်ငံရေးပါတီများ မဟာမိတ်စုဖွဲ့မှုတွင် တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) ၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) စသည့် အစုအဖွဲ့များ ရှိနေ သည်။

နစကသည် လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်ကိုလည်း ကျင့်သုံးသွားရန်လည်း ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီငယ်များသည် မဟာမိတ်စုဖွဲ့၍ ကြိုးတင်ပြင်ဆင်ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
သမ္မတဟောင်း အယ်လ်ဘာတိုဖူဂျီမိုရီကိုတွေ့ရစဉ်(AP)

သမ္မတဟောင်း ဖူဂျီမိုရီကို ထောင်မှလွှတ်ရန် ပီရူးတရားရုံးအမိန့်ထုတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 818

CNI International News

လီမာ၊ မတ်လ ၁၈

လူသတ်မှုနှင့် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရသည့် သမ္မတဟောင်း အယ်လ်ဘာတိုဖူဂျီမိုရီ (Alberto Fujimori)ကို ပီရူးနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက မတ်လ ၁၇ ရက်တွင် ပြန်လွှတ်ပေးဖို့ အတည် ပြု လိုက်ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

၂၀၁၇ ခုနှစ်၊ ခရစ္စမတ်အကြိုကာလ၌ ဖူဂျီမိုရီအပေါ် လူသားချင်းစာနာမှုဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ကို ထိုစဉ်က ပီရူးသမ္မတ ပါဘလိုကက်ဇိုင်စကီ (Pablo Kuczynski)က ပေးအပ်ခဲ့ကြောင်း ပီရူးတရားရေးဆိုင်ရာ တာဝန်ရှိတစ်ဦးက အေပီသတင်းဌာန သို့ ပြောသည်။ ၎င်း၏အမည်ကိုတော့ အေပီက တရားဝင်ထုတ်ဖော်ရေးသားခွင့် မရှိပါ။

ကွန်ဂရက်(လွှတ်တော်)အတွင်း ဖူဂျီမိုရီ၏ မဟာမိတ်ဖွဲ့ခြင်းအပေါ် စွပ်စွဲအပြစ်တင်မှုကို တားဆီးရန် ကြိုးပမ်းခဲ့သော်လည်း သမ္မတကက်ဇိုင်စကီ (Kuczynski)က ဖူဂျီမိုရီ၏ထောင်တွင်း ကျန်းမာရေးအခြေအနေမှာ နှလုံးရောဂါကြောင့် ပိုဆိုးလာ၍ ၂၀၁၇ ခုနှစ်၌ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ထို့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ကက်ဇိုင်စကီလည်း သမ္မတရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်အရောက်တွင် ပီရူးနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက သမ္မတဟောင်း ဖူဂျီမိုရီသည် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများကြောင့် ၂၀၃၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အထိ ထောင်ဒဏ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ သည်။

သို့သော် လက်ရှိတွင် သမ္မတဟောင်း ဖူဂျီမိုရီ၏ ကျန်းမာရေး အခြေအနေကြောင့်ဟုဆိုကာ ပီရူးနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးရန် မတ်လ ၁၇ ရက်က အတည်ပြုခဲ့သည်။

အသက် ၈၃ နှစ်အရွယ်ရှိ ဖူဂျီမိုရီ လွတ်မြောက်မည့် အခြေအနေကို ပီရူးအာဏာပိုင်များက လတ်တလော ထုတ်ဖော် ပြောကြားခြင်း မရှိသေးသော်လည်း အကျဉ်းထောင်အပြင်ဘက်တွင် သတင်းများထွက်ပေါ်မှုကြောင့် လူစုလူဝေးရှိခဲ့သည်။

ပီရူးပြည်သူများ ကန့်ကွက်နေစဉ်(AP)

သမ္မတဟောင်း ဖူဂျီမိုရီအတွက် တရားရေးဆိုင်ရာ လုပ်ငန်းစဉ်တချို့ပြီးဆုံးလျှင် မတ်လ ၂၀ ရက် (သို့မဟုတ်) ၂၁ ရက်တွင် ထောင်မှလွတ်မည်ဟု မျှော်လင့်ထားကြောင်း ၎င်း၏ရှေ့နေ ဆီဇာနာကာဇကီ (Cesar Nakazaki) က ပြောကြားခဲ့သည်။

ပီရူးနိုင်ငံ၏မြို့တော် လီမာရှိ အချို့နေရာများတွင် ယခုကဲ့သို့ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေသည်။
လက်ရှိသမ္မတ ပီဒရိုကာစတီလို (Pedro Castillo) က မတ်လ ၁၇ ရက်တွင် တွစ်တာလူမှုကွန်ရက်၌ “ပီရူးနှင့် ချိတ်ဆက်ထား သည့် နိုင်ငံတကာ စီရင်ရေးအဖွဲ့များသည် မိမိတို့ ပြည်သူများအတွက် ထိရောက်သည့် တရားမျှတစွာ ကျင့်သုံးမှုကို အကာ အကွယ် ပေးရမည်” ဟု ရေးသားလွှင့်တင်ခဲ့သည်။

ယခုကဲ့သို့ တရားရုံး ဆုံးဖြတ်ချက်သည် တိုင်းပြည်ကို ထိခိုက်နစ်နာစေသော်လည်း လိုက်နာရတော့မည်ဖြစ်ကြောင်း ပီရူး ဝန်ကြီးချုပ် အန်နီဘောတောရက်စ်က ပြောကြားခဲ့သည်။

ပီရူး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ၎င်းထံမှ ပေါ်ထွက်လာသော ဆုံးဖြတ်ချက်များကို ပုံမှန်အားဖြင့် ရှင်းလင်း ထုတ်ပြန်လေ့ရှိသော်လည်း ယခုဖြစ်စဉ်အတွက်မူ ရှင်းလင်းခဲ့ခြင်း မတွေ့ရပေ။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူ ဖူဂျီမိုရီလက်ထက်တွင် တောင်အမေရိကတိုက်ရှိ အင်ဒီးယန်းနိုင်ငံ တစ်နိုင်ငံဖြစ်သော ပီရူးတွင် ဆန့်ကျင်ဘက် အုပ်စုနှစ်စု ဖြစ်တည်၍ အကွဲကွဲအပြားပြား ရှိနေခဲ့သည်။

ဖူဂျီမိုရီသည် မော်စီတုန်း ဝါဒသုံး၍ ပြောက်ကျား လှုပ်ရှားနေခဲ့သည့် ပီရူးလက်ဝဲအုပ်စုကို အရေးနိမ့်စေခဲ့ခြင်းကြောင့် ပီရူးနိုင်ငံသားအချို့က ချီးကျူးကြသော်လည်း ၎င်းလက်ထက်တွင် လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားရှိခဲ့၍ နိုင်ငံသားတချို့ကတော့ စက်ဆုပ်ရွံရှာကြသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့အာဒိုဂန်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းအရေး တူရကီသို့ဖုန်းခေါ်ပြီး လိုလားချက်များ ပူတင်တောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1891

CNI International News

မော်စကို၊ မတ်လ ၁၈

မတ်လ ၁၇ ရက် မွန်းလွဲပိုင်းတွင် ဗလာဒီမာပူတင်က တူရကီသမ္မတ အာဒိုဂန်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ရုရှားဘက်မှ လိုလားတောင်းဆိုချက်များကို ပြောကြားခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ် ပိုင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

တူရကီသည် ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံကြား အထူးအာရုံစိုက်လျက် အပြန်အလှန်အသွားအလာလုပ်၍ အပေးအယူ လုပ်နေ ဟန်ရှိကြောင်း ဆက်လက် ဖော်ပြထားသည်။

၎င်းတို့ တယ်လီဖုန်း ခေါ်ဆိုမှုအပြီး နာရီဝက်အတွင်းမှာပင် သမ္မတ အာဒိုဂန်၏ အကြံပေးနှင့် ပြောရေးဆိုခွင့်ရှိသူ အီဘရာ ဟင်ကာလင်းထံသို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့သည်။ ၎င်းသည် သမ္မတနှစ်ဦး ဖုန်းခေါ်ဆိုမှုကို နားထောင်သိရှိခွင့်ရသော အရာရှိ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

ရုရှား၏တောင်းဆိုချက်မှာ အပိုင်းနှစ်ပိုင်းဖြစ်သည်။ ပထမပိုင်းတောင်းဆိုချက် ၄ ချက်မှာ ယူကရိန်းအတွက် လိုက်လျောညီ ထွေ ဖြစ်စေဖို့ အခက်အခဲမရှိကြောင်း ကာလင်းက ဘီဘီစီသို့ ပြောကြားခဲ့သည်။

အဆိုပါ အချက်များအနက် အဓိကအချက်မှာ ကြားနေဖြစ်ရေးနှင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)ထဲ မပါဝင် ရေးဖြစ်ကြောင်း ယူကရိန်းက လက်ခံထားပြီး ဖြစ်သည်။ ထိုအချက်ကိုလည်း သမ္မတဇာလန်းစကီးက ခေါင်းညိတ်ထားသည်။ ရုရှားဘက်မှ ဂုဏ်သိက္ခာအရ တောင်းဆိုသည်ဟု ယူဆရသော ပထမပိုင်းများတွင် အခြားတောင်းဆိုချက်များလည်း ပါဝင် သေးသည်။

ယူကရိန်းစစ်ပွဲ(AFP)

ယူကရိန်းသည် ရုရှားအပေါ် ခြိမ်းခြောက်မှုမရှိကြောင်း သိသာစေရန်အတွက် လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို လုပ်ဆောင် ပေးရမည်ဖြစ်သည်။ ယူကရိန်းနိုင်ငံအတွင်း ရုရှားဘာသာစကား သုံးစွဲမှုအတွက် အကာအကွယ်ပေးရမည် ဖြစ်သည်။ ထို့ပြင် နာဇီဆန့်ကျင်ရေးကိစ္စလည်း ဆောင်ရွက်ရန် ရုရှားက တောင်းဆိုသည်။

ထိုအချက်သည် ဂျူးလူမျိုး တစ်ယောက်ဖြစ်ပြီး ဘိုးဘွားမိဘ ဆွေမျိုးသားချင်းများ ဂျူးအမုန်းတရားဖြင့် သတ်ဖြတ်ခံရဖူးသူ ဇာလန်းစကီးကို အပြင်းအထန် စော်ကားထားခြင်းဖြစ်သော်လည်း တူရကီအနေဖြင့် ဇာလန်းစကီး အလွယ်တကူ လက်ခံမည့် အချက်ဟု ယုံကြည်ထားသည်။

နာဇီလက်သစ်ပုံစံ အားလုံးကို ကျောခိုင်း၍ ဖိနှိပ်ခြင်းကင်းကြောင်း ကတိပြုမှသာ ယူကရိန်းအတွက် ရုရှားတောင်းဆိုချက် လုံလောက်မည်ဖြစ်ကြောင်း ဘီဘီစီက ဆက်လက်ရေးသားဖော်ပြသည်။

ရုရှား၏တောင်းဆိုချက် ဒုတိယပိုင်းမှာတော့ ယူကရိန်းအတွက် အခက်အခဲ ရှိလာမည်ဖြစ်ပြီး ယင်းအချက်များ သဘောတူညီ မှု မရရှိမီ မိမိနှင့် ဇာလန်းစကီးတို့ မျက်နှာချင်းဆိုင် ညှိနှိုင်းရေး လိုအပ်မည်ဟု တူရကီနှင့်ဖုန်းခေါ်ဆိုရာ၌ ပူတင်က ထည့်သွင်း ပြောကြားခဲ့သည်။

အလားတူ ဇာလန်းစကီးကလည်း ရုရှားသမ္မတ ပူတင်နှင့် လူချင်းတွေ့၍ ညှိနှိုင်းဖို့ ပြင်ဆင်ထားပြီးဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားနေခဲ့သည်။
အဆိုပါ ဒုတိယပိုင်း အချက်များကို အာဒိုဂန်၏အကြံပေး ကာလင်းက ဘီဘီစီသို့ အတိအကျချပြခြင်း မရှိဘဲ ယူကရိန်း အရှေ့ပိုင်းရှိ ဒွန်ဘတ်စ်ဒေသ အခြေအနေနှင့် ယူကရိန်းထံမှ ၂၀၁၄ ခုနှစ်၌ ရုရှားသိမ်းပိုက်ခဲ့သော ခရိုင်းမီးယား အခြေအနေ တို့ကို နှိုင်းယှဉ်၍သာ အလေးပေး ပြောကြားသွားခဲ့သည်။

ဇာလန်းစကီး(GETTY IMAGES)

ကာလင်းက အတိအကျ အသေးစိတ် ထုတ်ဖော်မပြောသော်လည်း ယူကရိန်း အရှေ့ပိုင်းနယ်မြေကို ယူကရိန်းအစိုးရအနေဖြင့် စွန့်လွှတ်ဖို့ ရုရှားတောင်းဆိုမည်ဟု ခန့်မှန်းရသည်။ ထိုအချက်မှာ အပြင်းအထန် အငြင်းပွားစရာ အချက်ဖြစ်လာနိုင်သည်။

အခြားရှုထောင့်မှ ကြည့်လျှင် ရုရှားက ယခင်တရားမဝင် သိမ်းပိုက်ခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်ကို ယခု ရုရှား အမှန် တကယ် ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း ယူကရိန်းဘက်မှ တရားဝင်လက်ခံရန် တောင်းဆိုမည့် အလားအလာ ရှိနေသည်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
မွန်ညီညွတ်ရေးပါတီကိုတွေ့ရစဉ်

ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အသစ်များကို MUP ပါတီ ပြန်ရွေးမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 892

CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈

မွန်ညီညွတ်ရေးပါတီ (MUP)သည် ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အသစ်များကို ပါတီညီလာခံမှတဆင့် ရွေးချယ် သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်က CNI သတင်းဌာနသို့ ပြောသည်။

မွန်ညီညွတ်ရေးပါတီ(MUP)သည် ပါတီညီလာခံကို ယနေ့ (မတ်လ ၁၈ ရက်)မှ ၂၀ ရက်နေ့ထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တွင် ကျင်းပလျက်ရှိကြောင်း၊ ထိုညီလာခံတွင် ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အသစ်များကို ပြန်လည်ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

MUP ပါတီ တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်က “စီးအီးစီအသစ်တွေ ပြန်လည်ဖွဲ့စည်းမှာပေါ့ဗျာ၊ အဟောင်းပါရင်ပါမယ်၊ အသစ်တွေ ပြန်ပါရင်ပါမယ်၊ တက်လာတဲ့ပါတီ ကိုယ်စားလှယ်တွေရဲ့ ရွေးချယ်မှုတွေအပေါ်မှာ မူတည်တာပေါ့”ဟု ပြောသည်။

မွန်ညီညွတ်ရေးပါတီ မဲဆွယ်နေစဉ်

မွန်ညီညွတ်ရေးပါတီဥက္ကဋ္ဌဖြစ်သူ နိုင်အောင်တင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ကွယ်လွန်သွားခဲ့ကြောင်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင် တချို့လည်း ပါတီမှ နုတ်ထွက်သွားခဲ့သည်။

ထို့ကြောင့် လက်ရှိ ကျင်းပသည့် ညီလာခံတွင် နုတ်ထွက်သွားသည့် ဗဟိုအလုပ်အမှုဆောင် နေရာများအတွက် အသစ်များ ပြန်လည် ရွေးချယ်မည်ဖြစ်ပြီး ညီလာခံ နောက်ဆုံးရက်တွင် ပါတီဥက္ကဋ္ဌ နေရာကိုပါ ရွေးချယ်သွားမည်ဟု နိုင်စံတင်က ပြော သည်။

မွန်ညီညွတ်ရေးပါတီသည် ပါတီညီလာခံကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း နိုင်ငံရေး အခြေအနေများကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ယခုလ(မတ်လ)မှ ပြန်လည် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းများ ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း၊ လက်ရှိ ပါတီ၏ နိုင်ငံရေး ရပ်တည် ချက်အပေါ်လည်း တက်ရောက်လာမည့် ကိုယ်စားလှယ်များ၏ သဘောထားများအပေါ် မူတည်မည်ဖြစ်ကြောင်း နိုင်စံတင်က ပြောသည်။

ကွယ်လွန်သွားပြီးဖြစ်သည့် မွန်ညီညွတ်ရေးပါတီဥက္ကဋ္ဌ နိုင်အောင်တင်ကိုတွေ့ရစဉ်

၎င်းက “ညီလာခံမှာတော့ တက်လာတဲ့ ကိုယ်စားလှယ်တွေအပေါ်မှာ မူတည်တယ်လေ၊ ကျနော်တို့ ဘယ်လိုရွေးချယ်မလဲ ကျနော်တို့ ပြောလို့မရဘူး၊ တက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ သဘောထားအပေါ်မှာ ကြည့်ပြီးတော့ သူတို့ရဲ့ အမြင်သဘော ထားအပေါ်မှာ ကြည့်ပြီးတော့ ပြောင်းလဲသွားမှာပဲ၊ ကျနော်တို့ ညီလာခံလုပ်ရတဲ့ ရည်ရွယ်ချက်က အဲဒါလည်း ပါတယ်၊ လော လောဆယ် ကျနော်တို့ ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း မပြည့်စုံဘူး၊ ကျနော်တို့ သိပြီးသား၊ ကမန်းကတန်းနဲ့ ရေးရတာရယ်၊ ပေါင်းစည်း ထားတာရယ်၊ ဒါကြောင့် ဒီပါတီညီလာခံမှာ အချိန်ယူပြီးတော့ ပြင်ဆင်ဖြည့်စွက်သွားမယ်လို့ တက်လာတဲ့ ကိုယ်စားလှယ်တွေအပေါ်မှာ မူတည်နေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီသည် တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် နစကတွင် ကိုယ်စားလှယ် အဖြစ် ပါဝင်လျက်ရှိသည်။ ထို့နောက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၁ ဦးအနက် ၁၀ ဦး နုတ်ထွက်ခဲ့သလို ဗဟိုကော်မတီဝင်များ၊ မြို့နယ်အလုပ်အမှုဆောင်များနှင့် ပါတီဝင်များ နုတ်ထွက်မှုများရှိခဲ့သည်။

အဆိုပါ မွန်ညီညွတ်ရေးပါတီကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ပြည် သစ်ပါတီ(NMSP)ကိုယ်စားလှယ်ဟောင်းများ ပူးပေါင်း၍ ဖွဲ့စည်းခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဗီဒီယိုကွန်းဖရန့်ဖြင့် တွေ့ဆုံမှု ရုပ်သံသတင်းကို ဟောင်ကောင်မြို့တွင် ပြသနေစဉ်(ဓါတ်ပုံ-ရိုက်တာ)

ယူကရိန်းစစ်ကြောင့် ဘိုင်ဒန်နှင့်ရှီကျင့်ဖျင် ထိပ်တိုက်တွေ့ဖို့ အလားအလာများနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2422

CNI International News

ဝါရှင်တန်၊ မတ်လ ၁၈

ယူကရိန်းတွင် ရုရှား၏စစ်ဆင်ရေးများကို တရုတ်က ဆက်လက်ပံ့ပိုးနေမည်ဆိုလျှင် ဘေဂျင်းအတွက် ပြန်လည်ပေးဆပ်ရမည့် ပမာဏကြီးမားလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မတ်လ ၁၈ ရက်(ယနေ့) ပြောကြားရန် ပြင်ဆင်ထားဟန်ရှိသည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။ နိုင်ငံအချင်းချင်း ပဋိပက္ခများ ပြင်းထန်နေချိန် အမေရိကန်ဘက်မှ ထိုသို့သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဘိုင်ဒန်နှင့် ရှီကျင့်ဖျင်တို့သည် ကမ္ဘာ့အရှေ့ခြမ်းစံတော်ချိန် နံနက်(၉) နာရီ (ဂရင်းနစ်စံတော်ချိန် နံနက် ၁ နာရီ) တွင် တယ်လီဖုန်းခေါ်ဆိုကြရန် စီစဉ်ထားသည်။

ရုရှားကို ထပ်မံပံ့ပိုးပေးဦးမည်ဆိုလျှင် ဘေဂျင်းအထီးကျန်ဖြစ်စေမည်ဟု အောက်ခြေအဆင့်တရုတ်အစိုးရအရာရှိများကို ဝါရှင်တန်က အများသိအောင် ခြိမ်းခြောက်ခဲ့ပြီးဖြစ်သည်။

ယမန်နှစ် နိုဝင်ဘာလကတည်းက ၎င်းတို့နှစ်ဦး၏ ဆွေးနွေးပြောကြားမှုများသည် တင်းမာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“ရုရှားရဲ့ ရန်လိုမှုကို တရုတ်က ပံ့ပိုးပေးတယ်ဆိုရင် တရုတ်ရဲ့လုပ်ရပ်အတွက် ပြန်လည်ပေးဆပ်မှုတွေ ချမှတ်ဖို့ ဘိုင်ဒန်က တွန့်ဆုတ်နေမှာမဟုတ်ဘူး” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က မတ်လ ၁၇ ရက်တွင် ပြောကြား ခဲ့သည်။

“ယူကရိန်းမှာ သုံးဖို့ ရုရှားစစ်လက်နက်ပစ္စည်းတွေအတွက် တိုက်ရိုက်ပေးဖို့အရေး သူတို့(တရုတ်တွေ) စဉ်းစားနေတယ်ဆိုတာ သိရလို့ ကျနော်တို့ စိုးရိမ်နေပါတယ်” ဟု ဘလင်ကင်က ဆက်လက်ပြောကြားခဲ့သည်။

ထိုသို့အစီအစဉ်များနှင့်ပတ်သက်၍ တရုတ်ကတော့ ငြင်းဆိုထားသည်။
အနောက်အုပ်စုနိုင်ငံများက ရုရှားအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲနိုင်အောင် ကူညီ နိုင်ခြင်းကိုလည်း ဝါရှင်တန်က စိုးရိမ်မကင်းဖြစ်နေသည်။

ယူကရိန်းသို့ ရုရှားကျူးကျော်မှု ယနေ့ဆိုလျှင် ရက်သတ္တ ၄ ပတ်မြောက်ရှိလာခဲ့ပြီး အရပ်သားပေါင်း ရာနှင့်ချီသေဆုံးကာ မြို့ပြဧရိယာများ ပျက်စီးဆုံးရှုံးခဲ့သည်။ တိုက်ပွဲရှောင်သူ သန်းနှင့်ချီ၍ နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ရပြီး လူသားချင်း စာနာမှု ဆိုင်ရာအကျပ်အတည်းများ ယူကရိန်းပြည်တွင်း၌ ဆက်လက်တည်ရှိနေသည်။

ထိုသို့ ယူကရိန်းစစ်ပွဲသည် မူလကတည်းက အငြင်းပွားနေကြသည့် အမေရိကန်-တရုတ်ဆက်ဆံရေးအတွက် နောက်ထပ် စာမျက်နှာသစ်တစ်ရွက် တိုးလာခဲ့ပြီး ပုဂ္ဂိုလ်ရေးတိုက်ရိုက်ဆွေးနွေးမှုပုံစံဖြင့် လက်ရှိအငြင်းပွားမှုများကို ဖြေလျော့ရန် ဘိုင်ဒန်က ကနဦး မျှော်လင့်ထားသည်။

ဘိုင်ဒန်သည် ယမန်နှစ် နိုဝင်ဘာလတွင် ပြုလုပ်သည့် ဗီဒီယိုကွန်ဖရင့်၏ပထမဆုံးထိတွေ့မှုတွင် ရှီကို နွေးထွေးစွာ နှုတ်ခွန်း ဆက်ခဲ့သည်။ ရှီကလည်း ဘိုင်ဒန်ကို “မိတ်ဆွေဟောင်း” ဟု တုံ့ပြန်ခေါ်ဆိုခဲ့သည်။

အမေရိကန်အစိုးရသည် စစ်အေးကို ရှောင်ရှားလိုသော်လည်း ပြိုင်ဘက်အင်အားကြီးနိုင်ငံများအကြား တိုက်ရိုက်ထိပ်တိုက် မတွေ့လိုသော်လည်း ဘေဂျင်းနှင့်ဝါရှင်တန်တို့၏ဆက်ဆံရေးမှာ မွေးရာပါပြိုင်ဆိုင်မှုဖြစ်နေခဲ့ကြောင်း ကမ္ဘာ့အရေး လေ့လာ သူများက ရှုမြင်ကြသည်။

Source: Reuters

Share
Tweet
Share
Share
powered by social2s
တပ်မတော်နဲ့ TNLA ကိုတွေ့ရစဉ်

ပြည်တွင်းမှာ အားစိုက်ရခြင်းကြောင့် မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုနည်းဟုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1637

CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈

လက်ရှိ ပြည်တွင်းမှာ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှု နည်းလာခြင်းဖြစ်ကြောင်း တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ဒေသကာကွယ်ရေးတပ် (PDF)နှင့် တပ်မတော်တို့အကြား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယား(ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဒေါက်တာ လှကျော်ဇောက “တရုတ်ကလည်း ဒီနယ်စပ်က လူတွေကို ဖိအားပေးထားတာတော့ ရှိတော့ရှိပါတယ်၊ တတ်နိုင် သမျှ တည်ငြိမ်အောင်လို့ နောက်တစ်ခုကလည်း ဒီလိုဗျ၊ ကိုဗစ်ကလည်း ဒီဖက်မှာ တော်တော် အခြေအနေ ဆိုးနေတယ်လေ၊ တရုတ်နယ်စပ်မှာကိုက အဲဒါကြောင့်မို့ ပိတ်ဆို့ တားဆီးတာတွေလည်း တော်တော်များတယ်၊ အဲဒီကိုဗစ်ကို အကြောင်းပြပြီး တော့ နယ်စပ် တစ်လျှောက်မှာလည်း တရုတ်က တော်တော်တင်းတင်းကြပ်ကြပ်တွေ လုပ်ထားတာလည်း ရှိတယ်၊ နောက်တစ် ခုက ဒီလိုနဲ့ တူတယ်ဗျ၊ ခါတိုင်းက နယ်စပ်မှာ ဖြစ်တာက တကယ်တော့ စစ်ကောင်စီက ဝင်ဝင်တိုက်လို့လေ၊ ဗမာစစ်တပ်က ဝင်ဝင်တိုက်လို့ ဖြစ်တာကိုး၊ အခုဟာက စစ်တပ်က ပြည်တွင်းမှာ မဲနေရတာကို ဖြစ်တာကိုနော်၊ PDF တွေကို ဟုတ်လား၊ စစ်ကိုင်းတိုင်းတို့၊ ကရင်ပြည်နယ်တို့ ဘာတို့မှာ အဲဒီဖက်မှာ ပိုပြီးတော့ သူတို့ အားစိုက်နေရတာ ဖြစ်တော့ ဒီဖက်မှာ အလို အ‌လျောက် သဘာဝအလျောက် နည်းသွားတာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကိုတွေ့ရစဉ်

တပ်မတော်အနေဖြင့် ပြည်တွင်းတွင်လည်း ထိန်းသိမ်းနိုင်သည့် အနေအထားမရှိသည့်အတွက် မြောက်ပိုင်းတပ်ဖွဲ့များနှင့် ထိတွေ့မှု မဖြစ်ပွားအောင် စစ်ဆင်ရေးများ လျှော့ချထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခင်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် TNLA၊ MNDAA၊ KIA၊ AA တို့နှင့် တပ်မတော် ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသော်လည်း လက်ရှိမှာတော့ တိုက်ပွဲများ ငြိမ်သက်လျက်ရှိသည်။

တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ် ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ် လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရပ်စဲကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိ ကယား (ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။

ကိုဗညားက “မနေ့က အထိတောင်မှ တိုက်ပွဲတော်တော်လေး ပြင်းထန်တယ်၊ ဒီဖက်ခြမ်းကလည်း ထိခိုက်မှုတွေ တော်တော် များတယ်၊ ကျနော်တို့ အနည်းဆုံး ၂ နေရာ၊ ၃ နေရာ တိုက်ပွဲဖြစ်ပါတယ်၊ ဒီးမော့ဆိုမှာကတော့ ကျနော်တို့ ဒေါငံခါး အကျော် နားလေးမှာပေါ့နော်၊ သူတို့ခေါ်တာ ပုရီရွာဖက်မှာပေါ့နော်၊ အဲဒီဖက်မှာ တိုက်ပွဲတွေဖြစ်တယ်၊ စစ်ကောင်စီကနေတော့ အဓိက ကတော့ လက်နက်ကြီးတွေပေါ့နော် အပြင်းအထန် ပစ်ခတ်တာရှိတာပေါ့နော်၊ နောက် လွိုင်ကော် မြောက်ဖက်ခြမ်းမှာလည်း တိုက်ပွဲတွေဖြစ်တယ်၊ နောက် ဒီဖက်ခြမ်း ဖရူဆိုဖက်မှာလည်း တိုက်ပွဲတွေ ဖြစ်တယ်၊ ရက်တိုင်းကတော့ မဖြစ်ဘူးဆို တစ် နေရာ၊ နှစ်နေရာကတော့ ပုံမှန်ဖြစ်ပါတယ်၊ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တာနဲ့ ကျနော်တို့ ခေါ်တာက ပြောက်ကျားစနစ်နဲ့ ဖြစ်တာပဲ နည်းနည်းပဲ ကွာပါတယ်”ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အ၀င်ကိုတွေ့ရစဉ်

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF တို့ ဆွေးနွေးသင့်ကြောင်း၊ တပ်ပေါင်းစု ဖွဲ့စည်းရန် ကြိုးစားသင့်ကြောင်း ဒေါက်တာလှကျော်ဇောက ပြောသည်။

၎င်းက “အဓိကတော့ ဘယ်လိုခေါ်မလဲ ကျမတို့က မြောက်ပိုင်းအဖွဲ့တွေနဲ့ တစ်စုံတစ်ရာ တည်ငြိမ်နေတာလဲ ကောင်းတဲ့ အချက်ပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ တစ်စုံတစ်ရာ တည်ငြိမ်နေပေမယ့် ကိုယ်ပြင်ဆင်စရာရှိတာ အေးအေးဆေးဆေး ပြင်ဆင်လို့ ရတာပေါ့ဗျာ အဲဒီဖက်က၊ အဲတော့ ကိုယ်ပြင်ဆင်စရာရှိတာ အေးအေးဆေးဆေး ပြင်ဆင်၊ ပြီးတော့ ကျမကြားတာ တော့ PDF က EAO တွေလို့ ခေါ်မှာပေါ့နော်၊ အဲလို တပ်ဖွဲ့တွေနဲ့လည်း တတ်နိုင်သမျှ သူတို့ ဘယ်လိုခေါ်မလဲ ဆွေးနွေးလို့ရ အောင်၊ တပ်ပေါင်းစုဖွဲ့လို့ရအောင် ကြိုးစားနေတာကိုလည်း ကျမတို့က သဘောကျပါတယ်၊ အဲဟာတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာဖို့ ပိုလိုမယ်ထင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တို့နှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွား လျက် ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကျန်းမာရေးနှင့်လုံခြုံရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံပေးမည်ဟုဆို

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2408

CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၇

ကျန်းမာရေးနှင့် လုံခြုံရေးအတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမည့် လုပ်ငန်းများကို နိုင်ငံတော်မှရင်းနှီး မြှုပ်နှံဆောင်ရွက်ပေး သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(မတ်လ ၁၇ ရက်)ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးမှာ ပြောကြားခဲ့သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ စီးပွားရေးများစွာ တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း၊ ပြည်သူများပါသည့် စီးပွားရေးကို ပီပြင်အောင် ဆောင် ရွက်နိုင်မည်ဆိုပါက နိုင်ငံသာယာဝပြောမည်ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ စီမံကိန်းကြီးများနှင့် ပတ်သက်၍ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရန် လို အပ်သည့်၊ နိုင်ငံအတွက် အကျိုးရှိစေမည့် စီမံကိန်းကြီးများကိုသာ ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ လတ်တလော ကာလအတွင်း ဆောင်ရွက်ရန် မလိုအပ်သေးသည့် စီမံကိန်းများကို လျှော့ချဆောင်ရွက်သွားရန်လိုကြောင်း၊ အရှုံး ပေါ်လျက်ရှိ နေသည့် လုပ်ငန်းများနှင့်စီမံကိန်းများကိုလည်း ပြန်လည် စိစစ်ကြပ်မတ်သွားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေး အတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမည့် လုပ်ငန်းများကို နိုင်ငံတော်မှရင်းနှီး မြှုပ်နှံဆောင်ရွက် ပေးသွားမည်”ဟု ပြောသည်။

ကျန်းမာရေးနှင့် လုံခြုံရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမည်ဆိုသည့်အရာမှာ မည်သည့် လုပ်ငန်းစဉ်များ ဖြစ်သည်ကို တော့ နစကဥက္ကဋ္ဌက ထည့်သွင်းပြောသွားခြင်းမရှိပေ။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ နိုင်ငံ တော်မှ ပေးအပ်ခြင်းမှာ လိုအပ်ချက်များရှိနေသလို နိုင်ငံအနှံ့ လက်နက်များ ဝင်ရောက်မှု ပေါများနေခြင်းကြောင့် ပြည်သူ လူထု အသက်အန္တရာယ် ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေကြရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့သည် မူဝါဒချမှတ်ပေးသည့် အဖွဲ့အစည်းများဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်း အဆင့်ဆင့်က အကောင်အထည်ဖော် ဆောင်ရွက်ရကာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များက အနီးကပ် ကြပ်မတ် အကောင်အထည်ဖော်ရခြင်း ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ဖိဖိစီးစီးထိထိမိမိဖြင့် ဆောင်ရွက်ပေးကြရန် နစကဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။

၎င်းက “၂၀၂၀-၂၀၂၁ မီနီဘတ်ဂျက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် အခြားသော အကြောင်း အမျိုးမျိုးကြောင့် ရငွေ များ လျော့နည်းခဲ့ကြောင်း၊ ယင်းကို ကုစားနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် စဉ်းစား ဆောင်ရွက်ခဲ့ကြောင်း၊ ရငွေများ တိုးတက်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ အဓိကကျသည့် ကုန်ထုတ်လုပ်မှု ကို မြှင့်တင်နိုင်ရေး ဆောင်ရွက် ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် မြေ၊ ရေနှင့် လူသား အရင်း အမြစ်များ ရှိပြီးဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များကို အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ် တင်ပို့နိုင်မည်ဆိုပါက ပြည်ပ ဝင်ငွေများ တိုးတက်လာမည်”ဟု ပြောသည်။

ထို့နောက် နစက-က  နိုင်ငံတော်၏လုပ်ငန်း တာဝန်အရပ်ရပ်ကို တာဝန်ယူဆောင်ရွက်နေချိန်တွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အဓိက ရည်မှန်းချက်ထား ဆောင် ရွက်နေသည်မှာ နိုင်ငံသာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

 

Share
Tweet
Share
Share
powered by social2s
  • 127
  • 128
  • 129
  • 130
  • 131
  • 132
  • 133
  • 134
  • 135
  • 136

Page 135 of 136

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar