CNI International News
ကိယက်ဗ်၊ မတ်လ ၁၀
ယူကရိန်းမင်းသားနှင့် ရုပ်သံအစီအစဉ်တင်ဆက်သူ ပါရှာလီသည် အမိမြေအတွက် တိုက်ပွဲဝင်ရင်း မတ်လ ၆ ရက်က ရုရှား တပ်ဖွဲ့ဝင်များ၏ ထိုးစစ်ကြောင့် ကျဆုံးသွားကြောင်း indiatimes.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။
၎င်းသည် ယူကရိန်းနိုင်ငံ၏မြောက်ပိုင်း အီပင်ဒေသရှိ စစ်မျက်နှာတွင် ကျဆုံးခဲ့ခြင်းဖြစ်ပြီး အသက်မှာ ၃၃ နှစ်သာ ရှိသေး သည်။
ရုရှားကျူးကျော်ဝင်ရောက်ပြီး နောက်ပိုင်း၌ ပါရှာလီသည် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့သည်။ထို့နောက် စစ်ဝတ်စုံဖြင့် ရိုက်ကူးထားသော သူ၏ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်သို့ လွှင့်တင်ခဲ့သည်။
မကျဆုံးမီ တစ်ရက်အလို မတ်လ ၅ ရက် ရက်စွဲဖြင့် ပို့စ်တစ်ခုတွင် ၎င်းက “ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ကျနော်တို့ ဗုံးကြဲခံရတာ ကို ဓာတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။ ကျနော်တို့ကတော့ အပြုံးမပျက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေအားလုံးက ယူကရိန်း အတွက် ကျနော်တို့ လုပ်နေတာကြောင့်ပါပဲ” ဟု သူက ရေးသားထားသည်။ ထိုပို့စ်အတွက် like အရေအတွက် ၂၈,၀၀၀ ကျော် ရှိခဲ့သည်။
ပါရှာလီသည် 1019 ဟာသ ဇာတ်မြူးဖြစ်သည့် Meeting of Classmates တွင် နာမည်ရလာခဲ့ပြီး ၂၀၁၇ ခုနှစ် အားကစား အက်ရှင် The Fight Rules ဇာတ်ကား ထွက်ရှိချိန်မှာတော့ အောင်မြင်ကျော်ကြားလာခဲ့သည်။ ၎င်းသည် DOM ရုပ်သံ ချန်နယ် တွင်လည်း စီစဉ်တင်ဆက်သူအဖြစ် တာဝန်ယူခဲ့ဖူးပြီး ဟောလိဝုဒ်ရုပ်ရှင် The Hobbit နှင့် The Lion King ဇာတ်ကားတို့ကို ယူကရိန်းဘာသာသို့ အသံသွင်း ပြောင်းလဲရာတွင် အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။
ပါရှာလီနဲ့ ပူတင်ကိုတွေ့ရစဉ်
၎င်းနှင့်တွဲဖက် လုပ်ကိုင်ခဲ့ဖူးသည့် သရုပ်ဆောင် အသိုင်းအဝိုင်းက “၎င်းသည် လူချစ်လူခင် ပေါသူဖြစ်ကြောင်း၊ ရွှင်လန်း တက်ကြွနေတတ်ပြီး ယခုကျူးကျော်စစ်ကို ခုခံတွန်းလှန်ရာတွင်လည်း ရွပ်ရွပ်ချွံချွံ လက်နက်ကိုင်ခဲ့၍ ချီးကျူး ဂုဏ်ပြုပါ ကြောင်း” အသိအမှတ်ပြု ပြောကြားခဲ့ကြသည်။
အင်စတာဂရမ်တွင် ပါရှာလီ နောက်ဆုံး တင်ခဲ့သည့်ပို့စ်၌ ၎င်းသည် ရဲဘော်တစ်ဦးနှင့်အတူ စစ်မြေပြင်၌ ယူကရိန်းစစ်တပ် ယူနီဖောင်းဖြင့် ပင်ပန်းနွမ်းနယ်နေသည့်ပုံကို မြင်တွေ့ခဲ့ရသည်။ အဆိုပါပုံ၌ ပါရှာလီ၏ ဘယ်ဘက်လက်တွင် ယူကရိန်းအလံရှိ အရောင်များဖြစ်ကြသော အပြာနှင့်အဝါများကို ဆင်မြန်းထားသည်။
၎င်းကို သူရဲကောင်းတစ်ဦးအဖြစ် Odesa နိုင်ငံတကာရုပ်ရှင်ပွဲတော်က ဂုဏ်ပြုခဲ့ပြီး ၎င်းကဲ့သို့ပုဂ္ဂိုလ်မျိုး ဆုံးရှုံးရခြင်းအတွက် ဘယ်တော့မှ ခွင့်မလွှတ်နိုင်ကြောင်း ပြောကြားခဲ့ကြသည်။
ထို့ပြင် ယူကရိန်းရုပ်ရှင် အကယ်ဒမီအဖွဲ့က Facebook လူမှုကွန်ရက်တွင် တင်ထားသည့် ဗွီဒီယိုဖိုင်တွင်လည်း ပြည်တွင်း သရုပ်ဆောင်များက ပါရှာလီကို အသီးသီးချီးကျူးထောပနာပြုခဲ့ကြသည်။
အဆိုပါ ဗွီဒီယိုဖိုင်တွင် ပါဝင်သည့် ရုရှားဘာသာဖြင့် စာတန်းဆိုင်းဘုတ်တစ်ခု၌ “ပါရှာ … ခင်ဗျားဟာ ကျနော်တို့ သိဖူးသမျှ လူတွေထဲမှာ အတောက်ပဆုံး လူတစ်ယောက်ပါပဲ။ အခုဆိုရင် ခင်ဗျားဟာ ကြယ်တွေအားလုံးရဲ့ ဘုရင်ဖြစ်တဲ့ Osiris ကြယ် တစ်ပွင့် ဖြစ်သွားပါပြီ”ဟု ရေးသားထားသည်။
Source: indiatimes.com