CNI International News

မော်စကို၊ မတ်လ ၁၁

ယူကရိန်းကို ကျူးကျော်ခဲ့သော ရုရှားအား အထီးကျန်ဖြစ်စေရေး အနောက်အုပ်စုက ကြိုးပမ်းနေချိန်တွင် မော်စကိုသည် ၎င်းနှင့်နှစ်ရှည်လများ ထိတွေ့ခဲ့သည့် အာဖရိကမဟာမိတ်ဖြစ်သော ဆူဒန်နှင့် ဆက်ဆံရေး တိုးမြှင့်နေကြောင်း အေအက်ဖ်ပီ က ရေးသားဖော်ပြထားသည်။

ဆူဒန်စစ်ခေါင်းဆောင် အက်ဒယ်ဖာ တာအယ်လ်ဘာဟန် ယမန်နှစ် အောက်တိုဘာလက အာဏာသိမ်းပြီးနောက် ဆူဒန်နိုင်ငံ သည် အနောက်နိုင်ငံများ၏ ထောက်ခံအားပေးမှု ဆုံးရှုံးခဲ့ပြီး အမေရိကန်အကူအညီ ဒေါ်လာ သန်း ၇၀၀ ဆိုင်းငံ့ထားခြင်း အပါအဝင် ရှုတ်ချအပြစ်တင်ခြင်းနှင့် ဒဏ်ခတ် အရေးယူခြင်းတို့ကို ချမှတ်ခံခဲ့ရသည်။

ဆူဒန်၌ ဩဇာကြီးမားသော ဆူဒန်တပ်မှူး မိုဟာမက် ဟမ်ဒန်ဒါဂလို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ ရုရှားက အိမ်နီးချင်း ယူကရိန်းသို့ မကျူးကျော်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၂၃ ရက်၌ ၈ ရက်ကြာ အလည်အပတ်ခရီးအဖြစ် သွားရောက်ခဲ့သည်။

ရုရှားနှင့်ဆူဒန် နှစ်ဘက်စလုံးက သံတမန်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာများအပြင် အမျိုးသားလုံခြုံရေး ပူးပေါင်း ဆောင် ရွက်မှုနှင့် အကြမ်းဖက်မှု တုံ့ပြန်ရေးတို့လည်း ဆွေးနွေးခဲ့ကြောင်း တပ်မှူး ဒါဂလိုက ဆူဒန်နိုင်ငံသို့ ပြန်ရောက်ပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“မော်စကိုသည် ၎င်း၏ အကျိုးစီးပွားကို ရှေးရှု၍ ဆူဒန်အပေါ် ရှင်းလင်းပြတ်သားပြီး ရှေ့နောက်ညီသော မူဝါဒကို လိုက်နာ ကျင့်သုံးခဲ့ကြောင်း” ဆူဒန်နှင့်အာဖရိကအရေး ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်သူ ခါလစ်အယ်လ်တီဂျန်နီက ပြောကြားခဲ့ သည်။

ရုရှားနိုင်ငံခြားရေး၀န်ကြီးနဲ့ ဆူဒန်တပ်မှူး မိုဟာမက် ဟမ်ဒန်ဒါဂလိုကိုတွေ့ရစဉ်

အထူးသဖြင့် ဆူဒန်တွင် ရုရှားရင်းနှီးမြှုပ်နှံမှုများကို ဖုံးကွယ်ထားခဲ့ကြောင်း၊ ထိုဖုံးကွယ်မှု၌ ရွှေသယံဇာတနှင့် လုံခြုံရေးတပ်ဖွဲ့ ဆက်ဆံရေးတို့လည်း ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကရင်မလင်နှင့် ချိတ်ဆက်ထားသည့် ရုရှားပုဂ္ဂလိက စစ်ရေးကန်ထရိုက်တာ ဝက်ဂါနာအုပ်စု (Wagner Group)သည် ဆူဒန် ၏ အိမ်နီးချင်း အာဖရိက အလယ်ပိုင်းသမ္မတနိုင်ငံနှင့် လစ်ဗျားနိုင်ငံတို့ မငြိမ်သက်မှုများတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲ ချက်များနှင့် ရင်ဆိုင်နေရသည်။

ထို့ပြင် ပြီးခဲ့သည့် လကလည်း မာလီနိုင်ငံ၌ ပုန်းလျှိုးကွယ်လျှိုးဖြင့် အာဏာစက် ထူထောင်နေသော အလားတူအုပ်စုများ၊ ဂိုဏ်းများနှင့်ပတ်သက်၍ ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်က သတိပေးခဲ့သေးသည်။  

Source: AFP