CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၁
ရုရှားတင်းနစ်မယ် ကာလင်စကာယာဟာ အင်ဒီးယန်းဝဲလ် ပြိုင်ပွဲကစားနေချိန်အတွင်းမှာ စစ်ပွဲအလိုမရှိဘူးဆိုတဲ့ စာသားကို သူမရဲ့ အက်ဒီးဒက်စ်ဖိနပ်မှာ ရေးသားကာ ပြသသွားခဲ့ပါတယ်။
ကာလင်စကာယာဟာ ဒီပြိုင်ပွဲရဲ့ ပထမအဆင့်အဖြစ် ပြင်သစ်တင်းနစ်မယ် ဟာမိုနီတန်နဲ့ ကစားခဲ့ရတာဖြစ်ပြီး (၆-၂)၊ (၁-၀)နဲ့ အနိုင်ရခဲ့ကာ ဒုတိယအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
အသက်(၂၃)နှစ်အရွယ်ရှိ ရုရှားတင်းနစ်မယ်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ အပတ်က သူမရဲ့ အင်စတာဂရမ်မှာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ပါသေးတယ်။ သူမဟာ အခုအချိန်ထိ စစ်ပွဲဆန့်ကျင်ရေးတွေကို ဆက်လက် ပြုလုပ်နေသေးတာပါ။
နိုင်ငံတကာတင်းနစ်အဖွဲ့ ချုပ်က ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ အစိတ်အပိုင်း အဖြစ် ကြားနေအလံ အောက်မှာသာ ပါဝင်ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားတာပါ။
ဘယ်လာရုစ်တင်းနစ်မယ် ဆာဘလန်ကာ ကလည်း ငြိမ်းချမ်းရေးအလိုရှိကြောင်း ပြောခဲ့တာပါ။
ရုရှားတင်းနစ်မယ် ကာလင်စကာယာကိုတွေ့ရစဉ်(TennisUpToDate)
ဆာဘလန်ကာက “စစ်ပွဲအတွင်း အိုးအိမ်ဆုံးရှုံးခဲ့တဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် အလွန်ဝမ်းနည်းရပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒါတွေက ကျမရဲ့ ထိန်းချုပ်မှု အောက်မှာမရှိပါဘူး။ ငြိမ်းချမ်းရေးကိုပဲ အလိုရှိ ပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျမတို့လည်း စိတ်မကောင်း ဖြစ်ရပါတယ်”လို့ ပြောခဲ့ပါတယ်။
ရုရှားအမျိုးသား တင်းနစ်ကစားသမား မက်ဗီးဒပ်ဗ်ကလည်း ကမ္ဘာ့တစ်ဝှမ်း ငြိမ်းချမ်းရေးကို လိုချင်ပြီး တင်းနစ် ကစားသမား တိုင်း ဒီလိုပဲပြောမယ်လို့ ထင်ကြောင်း ပြောထားခဲ့တာပါ။ ကမ္ဘာ့ကျော် ကစားသမားတွေဖြစ်ကြတဲ့ မာရီယာရှာရာပိုဗာနဲ့ အန်ဒီ မာရေး တို့ကလည်း ကျူးကျော်မှုဒဏ်တွေခံရတဲ့ ကလေးတွေအတွက် ကယ်ဆယ်ရေး ရန်ပုံငွေတွေကို ပံ့ပိုးပေးသွားမယ်လို့ ကတိပြုထားကြ ပါတယ်။
ယူကရိန်းတင်းနစ် ကစားသမားတွေကလည်း ပြိုင်ပွဲတွေ ယှဉ်ပြိုင်ပြီး ရရှိလာတဲ့ ဆုကြေးငွေတွေကို နိုင်ငံအတွက် လှူဒါန်း သွားမှာ ဖြစ်တယ်လို့ ပြောထားကြပါတယ်။
Souce: Metro/ Essentially Sports