CNI International News

ကိယက်ဗ်၊ မတ်လ ၁၂

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းမြို့တော် ကိယက်ဗ်သို့ ဦးတည်လျက် အရှေ့မြောက်ဘက်မှ ထိုးဖောက်ချီတက် လျက်ရှိပြီး တင့်ကားများ၊ အမြောက်များဖြင့် အပြင်းအထန် ပစ်ခတ်ခဲ့ရာ မြို့သူမြို့သားများမှာ သေဆုံးသူဦးရေ အလွန်အမင်းတိုးလာ၍ မသင်္ဂြိုဟ်နိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်လာကြောင်း အေပီသတင်းဌာနက မတ်လ ၁၂ ရက် (ယနေ့) မွန်းလွဲပိုင်းတွင် ရေးသားဖော်ပြသည်။

ဆီးရီးယားနှင့်ချေချင်းညှာစစ်မြေပြင်တွင် ယခင်က ရုရှားထိုးစစ်များ၌ လူဦးရေအများဆုံးစုဝေးရာမြို့များကို ဗဟို ပစ်မှတ်ထား၍ လေကြောင်းမှ တိုက်ခိုက်ပြီး လက်နက်ကိုင်တွန်းလှန်နေသူများကို ချေမှုန်းရေးနည်းဗျူဟာ ကျင့် သုံးခဲ့သည်။ ယင်းသို့ ချေမှုန်းရေးဗျူဟာကိုပင် ယခု ယူကရိန်းစစ်မျက်နှာ၌ ဆက်လက်သုံးစွဲခဲ့ပြီး ယူကရိန်း တောင် ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် မာရီယူပေါလ်မြို့၏ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ခဲ့သည်။ ယူကရိန်းရှိ အခြားဒေသများတွင် အလားတူဗျူဟာမျိုး ကျင့်သုံးတော့မည်ဟု အေပီသတင်းက ဆက်လက် ရေးသားထားသည်။


မာရီယူပေါလ်မြို့တွင်းသို့ဝင်ရန် အတားအဆီးများ ရှိနေဆဲဖြစ်၍ အစားအစာနှင့်ရေများ သယ်ယူရေးနှင့် ပိတ်မိ နေသည့်အရပ်သားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး ကြိုးပမ်းမှုမှာ ထပ်တလဲလဲ ပျက်ပြားနေခဲ့သည်။

လူနေတိုက်တစ်လုံးပေါ်သို့ တင့်ကားတစ်စီးက တိုက်ရိုက်ပစ်ခတ်ခဲ့ရာ တဖက်တချက်၌ လိမ္မော်ရောင်မီးတောက် ဝင်းလက်တောက်ပသွားပုံအခိုက်အတန့်ကို မတ်လ ၁၁ ရက်၌ အေပီသတင်းဌာနမှ ဓာတ်ပုံသတင်းထောက် တစ်ဦးက ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့သည်။

ယခုသီတင်းပတ်အတွင်း မာရီယူပေါလ်မြို့၌ သားဖွားဆေးရုံတွင် လူအသေအပျောက်များခဲ့သော တိုက်ခိုက်မှု တစ်ခုကြောင့် နိုင်ငံတကာက ဒေါသထွက်ခဲ့ပြီး စစ်ရာဇဝတ်ဆိုင်ရာစွပ်စွဲချက်များ ပေါ်ပေါက်လာစေခဲ့သည်။ အဆိုပါမြို့ကို ရုရှားတပ်များ သည်းသည်းမည်းမည်း တိုက်ခိုက်ခဲ့၍ ၁၂ ရက်အတွင်း သေဆုံးသူအရေအတွက်မှာ ၁၅၀၀ ကျော်သွားပြီဟု မြို့တော်ဝန်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ကျူးကျော်တိုက်ခိုက်နေသည့် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းဘက်မှ တွန်းလှန်ခုခံနေသူများကို မျှော်မှန်းထား သည်ထက် အဆပေါင်းများစွာ ရုန်းကန်ရင်ဆိုင်နေရသည်။

ယူကရိန်း၏ အနောက်မျှော်အယူအဆဖြင့် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံရသော အစိုးရအတွက် အနောက်အုပ်စုနိုင်ငံများထံမှ စစ်ရေးနှင့်အခြားအကူအညီများ ဆက်လက်စီးဆင်းနေသော်လည်း ရုရှားတို့က အား ကောင်းသည့် စစ်ရေးအရ ယူကရိန်းတပ်အားလုံးကို ချေမှုန်းသွားမည်ဟု ကြုံးဝါးထားသည်။

Source: AP