CNI International News
ကိယက်ဗ် မတ်လ ၇
ယူကရိန်းဘက်မှ လက်နက်မချလျှင် မိမိ၏ ကျူးကျော်တိုက်ခိုက်မှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပြီးနောက် မတ်လ ၆ ရက်တွင် လူ ၂ သိန်းခန့်ရှိနေသည့် မာရီယူပေါလ်မြို့အား တိုက်ခိုက်မှုမလုပ်သေးဘဲ ရုရှားတပ်များ ဝိုင်းရံထားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
ဆိပ်ကမ်းမြို့ဖြစ်သည့် မာရီယူပေါလ်တွင် ပိတ်မိနေသူ အများစုမှ အစားအစာ၊ ရေ၊ လျှပ်စစ်ဓာတ်အားနှင့် အနွေးဓာတ် ပံ့ပိုး ကိရိယာများ ကင်းမဲ့နေပြီး ရုရှားတပ်များ၏ တိုက်ခိုက်မှုမှ ပုန်းရှောင်ရန် မြေအောက်ခန်းများ၌ ၆ ရက်ကြာ ခိုလှုံနေခဲ့ရ ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
တူရကီသမ္မတ အာဒိုဂန်နှင့် တယ်လီဖုန်းခေါ်ဆိုမှု၌ တိုက်ပွဲများ အဆုံးသတ်ရန် အသင့်ဖြစ်နေသော်လည်း ဆွေးနွေးပွဲများ မအောင်မြင်သေးကြောင်း ရုရှားသမ္မတပူတင်က ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီ ၂၄ ရက် မော်စကို ကျူးကျော်ချိန်မှစ၍ ယူကရိန်းနိုင်ငံအနှံ့အပြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ၃၆၄ ဦးအထိ ရှိလာခဲ့ပြီး ကလေးငယ် ၂၀ ကျော် အပါအဝင် ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက မတ်လ ၆ ရက်၌ သတင်း ထုတ်ပြန်ခဲ့သည်။
ယူကရိန်းနိုင်ငံ၊ မာရီယူပေါလ်မြို့ တိုက်ခိုက်ခံရမှု သေဆုံးသွားသူနှင့်မိသားစု၀င်တစ်ဦးကိုတွေ့ရစဉ်(AP)
အရပ်သား သေဆုံးမှုအများစုမှာ မြေပြင်၌ အမြောက်များ၊ ဒုံးကျည်များ ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့နှင့် ကျယ်ပြန့်စွာ ပေါက်ကွဲစေသော လက်နက်များ အသုံးပြုခြင်းကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားခဲ့သည်။
ရုရှားသည် ယခုအချိန်အထိ ဒုံးကျည်အစင်းရေ ၆၀၀ ခန့် ပစ်လွှတ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ကိယက်ဗ်မြို့တော်ကို အလုံးအရင်းဖြင့် ချီတက်သိမ်းပိုက်ရန်အတွက် ရုရှားတပ်များ အင်အား စုစည်းနေကြောင်း ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့များ၏ ဦးစီးချုပ်က ပြောကြားခဲ့သည်။ သို့သော် ယူကရိန်းအရပ်သား ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း မော်စကိုက အကြိမ်ကြိမ် ငြင်းဆိုနေခဲ့သည်။
ကိယက်ဗ်မြို့၏ အနောက်မြောက်ဘက် ၂၅ ကီလိုမီတာ (၁၆ မိုင်)အကွာ အီရာပင်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာ၍ ထွက်ပြေးရန် ကြိုးပမ်းနေသည့် အမျိုးသား၊ အမျိုးသမီးနှင့်ကလေးငယ်များသည် ဒုံးကျည်များ ကျရောက်ပေါက်ကွဲမှုမှ ရှောင်ရှားဖို့ အနီးအနားတွင် အကာအကွယ်ယူခဲ့ရကြောင်း မျက်မြင်သက်သေများက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ သည်။
တိုက်ခိုက်ခံရသော ယူကရိန်းနိုင်ငံ၊ မာရီယူပေါလ်မြို့(Getty images)
ရုရှား ရေနံတင်သွင်းမှုကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ဘိုင်ဒန်(အမေရိကန်)အစိုးရက မတ်လ ၆ ရက်တွင် ကြေညာခဲ့ပြီး ထိုအပြောင်းအလဲကြောင့် အထွေထွေဈေးနှုန်းများ ထပ်တက်လာမည်ကို စိုးရိမ်မှုများ ရှိနေခဲ့သည်။
ရေနံဈေးနှုန်းသည် ၂၀၀၈ ခုနှစ်ကတည်းက စံချိန်တင်ခဲ့သောနှုန်းထက် ယခုအမြင့်ဆုံးနှုန်းသို့ ခုန်တက်သွားခဲ့ရာ မတ်လ ၇ ရက် (ယနေ့) အစောပိုင်းတွင် အာရှကုန်သွယ်မှုတန်ဖိုးမှာလည်း ၁၀ ရာခိုင်နှုန်း မြင့်သွားခဲ့သည်။ ရုရှားသည် ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအား၏ ၇ ရာခိုင်နှုန်းကို ပံ့ပိုးနေ၍ဖြစ်သည်။
“စစ်ဆိုတာ ရူးသွပ်မိုက်မဲမှုပါ။ အခုတိုက်ခိုက်နေတာတွေ ရပ်တန့်ကြပါ” ဟု ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင်ရှိ လူထု အပတ်စဉ်မိန့်ခွန်းတွင် တိုက်တွန်းခဲ့ပြီး ယူကရိန်းစစ်ပွဲတွင် သွေးနှင့်မျက်ရည်များ ချောင်းစီးနေပြီဟု ထည့်သွင်း ပြောကြားခဲ့ သည်။
ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်နှင့် ပူတင်တို့ နှစ်နာရီနီးပါးကြာ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း ရုရှား မီဒီယာများက သတင်းဖော်ပြခဲ့သည်။ ယူကရိန်း၏ သမိုင်းဝင် ဆိပ်ကမ်းမြို့ဖြစ်သည့် အိုဒစ်ဆာကို ကြည်းကြောင်း၊ ရေ ကြောင်း နှစ်သွယ်ပေါင်း၍ တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေမိကြောင်း မက်ခရွန်က ပူတင်ကို ပြောကြားခဲ့သည်ဟု ပြင်သစ် သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
Source: Reuters