CNI International News

လိုဗစ်၊ မတ်လ ၇

ယူကရိန်းနိုင်ငံတွင် ရုရှားက မတ်လ ၇ ရက်(ယနေ့)နံနက်ပိုင်းမှစတင်ပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာ လျက် လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြန်လမ်းကြောင်း ဖွင့်ထားပေးသည်ဟု ပြောကြားခဲ့သော်လည်း ရုရှားတပ်ဖွဲ့ များက ယူကရိန်းမြို့များကို ဒုံးကျည်များဖြင့် ဆက်လက်ပစ်ခတ်နေခဲ့ရာ လူနေအဆောက်အဦများ ထိမှန်ခဲ့ ကြောင်း အေပီက ရေးသားဖော်ပြသည်။

ယူကရိန်းနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ယူကရိန်းအရပ်သားများ ထောင်နှင့်ချီ၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြပြီး နောက်တစ်ရက်အကြာတွင် ရုရှားဘက်မှ အကန့်အသတ်ဖြင့် အပစ်အခတ်ရပ်စဲရေး ကြေညာ ချက်ပေါ်ထွက်လာခဲ့သည်။ မတ်လ ၇ ရက်(ယနေ့)၌ ယူကရိန်း-ရုရှားကိုယ်စားလှယ်များ၏ တတိယအကြိမ် ဆွေးနွေးပွဲ စီစဉ်ထားသည်။

ရုရှားတပ်ဖွဲ့များသည် ကိယက်ဗ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၄၈၀ အကွာရှိ မာလ်ကိုလိုင်ဗ် (Mykolaiv) မြို့ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က မတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် ပြောကြား ခဲ့သည်။ ရုရှားဒုံးကျည်ထိမှန်၍ မီးလောင်မှုဖြစ်ပွားခဲ့သော လူနေရပ်ကွက်များထဲသို့ ကယ်ဆယ်ရေးသမားများ ဝင်ရောက်ပြီး ငြှိမ်းသတ်ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ယူကရိန်းနိုင်ငံ၊ Irpin မြို့တွင် ၂၀၂၂ ခုနှစ် မတ်လ ၆ ရက်နေ့က ရုရှား၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ပြန်ကျဲ့နေသည့် ရုပ်အလောင်းများကို ဖုံးအုပ်ထားစဉ်(ဓါတ်ပုံ-အေပီ)

အီရာပင်ဒေသအပါအဝင် ကိယက်ဗ်မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း လျှပ်စစ်မီး၊ ရေနှင့် အနွေးပေး စနစ်တို့ ၃ ရက်ကြာပြတ်တောက်ခဲ့ပြီး ပစ်ခတ်မှုများ ဆက်တိုက်ရှိနေခဲ့သည်။“ယူကရိန်းမြို့တွေနဲ့ လူအများစုအခြေချနေထိုင်တဲ့ဒေသတွေကို ရုရှားက ဒုံးကျည်တွေ၊ ဗုံးတွေ၊ အမြောက်တွေနဲ့ ဆက်တိုက်နေတုန်းပါ။ သူတို့က ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ ဘီလာရုစ်နိုင်ငံရဲ့ လေယာဉ် ကွင်းတွေကို သုံးနေပါတယ်” ဟု ယူကရိန်းစစ်ဦးစီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

စစ်ပွဲဖြစ်ပွားမှု ၁၂ ရက်မြောက်နေ့ဖြစ်သော မတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး စတင်မည်ဟု ရုရှားအစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သို့သော် အပစ်အခတ်ရပ်စဲရေးထုတ်ပြန်ချက်တွင် ဖော်ပြ ထားသော နယ်မြေများ ကျော်လွန်၍ တိုက်ပွဲများ ရပ်တန့်သွားခြင်း ရှိ/မရှိနှင့် အပစ်အခတ်ရပ်စဲရေး မည်သည့် အချိန်ကာလ၌ ပြီးဆုံးမည်ကို လတ်တလော မသိရသေးပေ။

မာရီယူပေါလ်ဆိပ်ကမ်းမြို့၌ ပိတ်မိနေသော အရပ်သားများကို ကယ်ထုတ်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သော် လည်း မအောင်မြင်ခဲ့ဘဲ ခန့်မှန်းခြေ ပိတ်မိနေသူ ၂ သိန်းခန့်ရှိနိုင်ကြောင်း နိုင်ငံတကာကြက်ခြေနီကော်မတီက ပြောကြားခဲ့သည်။

မြို့ပြများတွင် မီးများလောင်ကျွမ်းပျက်ဆီးနေစဉ်(ဓါတ်ပုံ-အေပီ)

နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့ သဘောတူထားသော လူသားချင်းစာနာမှုဘေးလွတ်ရာ စင်္ကြန်လမ်းကြောင်းများ အတိုင်း ယူကရိန်းအရပ်သားများ ရုရှားနှင့်ဘီလာရုစ်နိုင်ငံများဆီသို့ ဦးတည်ထွက်ခွာနိုင်ကြောင်း ရုရှား ကာကွယ် ရေးဝန်ကြီး၏ ထုတ်ပြန်ချက်ကို ကိုးကားလျက် RIA နိုဗိုစတီသတင်းဌာနက ဖော်ပြသည်။

ယခုအကန့်အသတ်ဖြင့် အပစ်အခတ်ရပ်စဲရေးအခြေအနေကို မောင်းသူမဲ့ဒရုန်းလေယာဉ်များဖြင့် ရုရှားတပ်ဖွဲ့ များက စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Source: AP