CNI International News
အန်ကာရာ၊ မတ်လ ၇
ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးကြေညာဖို့၊ လူသားချင်းစာနာမှုစင်္ကြန်တွေဖွင့်ပြီး ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တူရကီသမ္မတအာဒိုဂန်က မတ်လ ၆ ရက်တွင် တိုက်တွန်းခဲ့ကြောင်း အာဒိုဂန်၏ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး) အဖွဲ့ဝင်ဖြစ်သည့် တူရကီသည် ပင်လယ်နက်တွင် ရုရှား၊ ယူကရိန်းတို့နှင့် ရေပြင် နယ်နိမိတ်ချင်း မျှဝေထိစပ်နေပြီး အဆိုပါနှစ်နိုင်ငံစလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိနေသည်။
အန်ကာရာသည် ရုရှား၏ ကျူးကျော်စစ်ကို လက်မခံကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲများကို မိမိနိုင်ငံအတွင်း လက်ခံ ကျင်းပပေးဖို့ ကမ်းလှမ်းခဲ့သော်လည်း မော်စကိုအပေါ် အနောက်အုပ်စု၏ ပိတ်ဆို့ဒဏ်ခတ်မှုများကို ဆန့်ကျင်ခဲ့သည်။
ပူတင်နှင့် တစ်နာရီကြာ တယ်လီဖုန်းခေါ်ဆိုပြီးနောက် တူရကီဘက်မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ သမ္မတ အာဒိုဂန်က လက်ရှိပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရာ၌ ပါဝင်ကူညီပေးဖို့ တူရကီ အသင့်ရှိနေကြောင်း ပူတင်ကို အသိပေး ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“ချက်ချင်း အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုရင် ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်မှုတွေ ပြေလည်ရုံမက နိုင်ငံရေး အရ အဖြေရှာဖို့ အခွင့်အလမ်းတစ်ခု ပေးစွမ်းမှာပါလို့ သမ္မတအာဒိုဂန်က တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး အတွက် အတူတကွ လမ်းခင်းကြပါစို့လို့ တောင်းဆိုလိုက်ပါတယ်” ဟု တူရကီသမ္မတရုံး၏ ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။
တူရကီသမ္မတအာဒိုဂန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)
မော်စကို၏ တောင်းဆိုချက်များကို ယူကရိန်းက လိုက်လျောညီထွေ တုံ့ပြန်ခဲ့ရင် တိုက်ပွဲများ ရပ်သွားမှာဖြစ်ကြောင်း အာဒိုဂန် ကို ရုရှားသမ္မတ ပူတင် ပြန်လည်ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်ကလည်း သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားသည် ၎င်း၏ ကျူးကျော်တိုက်ခိုက်မှုကို အထူးစစ်ဆင်ရေးဟု ခေါ်ဆိုနေသည်။ ယူကရိန်းနိုင်ငံအတွင်းမှ ဒုက္ခသည် ၁ ဒသမ ၅ သန်းကျော် ထွက်ပြေး တိမ်းရှောင်ကြရသည့်အတွက် ဥရောပတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အလျင်မြန်ဆုံး ကြီးထွားလာသည့် ဒုက္ခသည် အကျပ်အတည်းဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေချိန်၌ ယူကရိန်း-ရုရှား စေ့စပ်ညှိနှိုင်းရေးမှ ရလဒ်များကို မျှော်လင့်နေခြင်းသည် နုံအ,သည့် သဘောသာဖြစ်ကြောင်း တူရကီက ဆက်လက်ပြောကြားခဲ့သည်။
တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအေကာသည် ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီးရီဇနီကော့ဗ်ထံသို့ တယ်လီဖုန်း ခေါ်ဆိုခဲ့ပြီး အရပ်သားများ ရွှေ့ပြောင်းပေးရေးနှင့် အထောက်အပံ့များ ပို့ဆောင်ပေးရေးတို့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ အပစ်အခတ်ရပ်စဲခြင်း အရေးတကြီး လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ပူတင်ကို မိတ်ဆွေဟု ရင်းရင်းနှီးနှီး ခေါ်လေ့ရှိသည့် အာဒိုဂန်သည် ရုရှားကျူးကျော်မှု မစတင်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၂၃ ရက်ကပင် ၎င်းတို့နှစ်ဦး နောက်ဆုံးအကြိမ် ဆက်သွယ်၍ စကားပြောခဲ့သေးသည်။ ထို့ကြောင့် အာဒိုဂန်သည် ဂျာမနီနှင့် ပြင်သစ်ပြီးလျှင် ပူတင်နှင့် စကားပြောခဲ့သည့် တတိယမြောက် နေတိုးခေါင်းဆောင် ဖြစ်လာခဲ့သည်။
Source: Nikkei Asia