CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၇

အိန္ဒိယအစိုးရနှင့်  နာဂလက်နက်ကိုင် NSCN/GPRN (Niki) တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယခုနှစ် စက်တင်ဘာ ၇ ရက်မှ လာမည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ ၁ နှစ် သက်တမ်းတိုးခဲ့‌ကြောင်း သိရသည်။

NSCN/GPRN CFSB အဖွဲ့မှ ကွပ်ကဲရေးမှူး Abel Zingrü Thuer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ နိုင်ငံ၊ နယူးဒေလီမြို့ရှိ The Hotel Ashoka တွင် ဗဟိုအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးစာချုပ်ကို ယနေ့ (စက်တင်ဘာ ၇ ရက်)တွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စက်တင်ဘာ ၅ ရက်တွင် နယူး‌ဒေလီမြို့သို့ စတင်ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။

နီကီဆူမီကို တွေ့ရစဉ်

NSCN(Niki)အဖွဲ့သည် မြန်မာဘက်ခြမ်းတွင် နေထိုင်ကာ အိန္ဒိယဗဟိုအစိုးရကို တော်လှန်တိုက်ခိုက်နေသော  နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)မှ ခွဲထွက်သွားသည့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင် သော အဖွဲ့ဖြစ်သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ ဒီမာပူဒေသမှာ အခြေစိုက် နေထိုင်လျက်ရှိသည်။

NSCN ကို ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် မြန်မာနာဂ ကပ္ပလန်နှင့် အိန္ဒိယနာဂ မွီးဗာ၊ အိုက်ဇက်ချီရှီဆူတို့ ဦးဆောင် ဖွဲ့စည်းကာ နာဂနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေစဉ် သဘောထားကွဲလွဲ၍ ကပ္ပလန် ဦးဆောင်သည့် NSCN-K နှင့် မွီးဗာ-အိုက်ဇက်ချီရှီဆူတို့ ဦးဆောင်သော NSCN-IM ဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့သည်။

ထို့နောက် ကပ္ပလန်ဦးဆောင်သော NSCN-K သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေစိုက်၍ အိန္ဒိယအစိုးရကို တော်လှန် လျက်ရှိပြီး မွီးဗာနှင့် အိုက်ဇက်ချီရှီဆူ ဦးဆောင်သည့် NSCN-IM ကမူ အိန္ဒိယဘက်ခြမ်းမှာ အခြေစိုက် ကာ အိန္ဒိယအစိုးရ အား တော်လှန်လျက်ရှိသည်။

အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေးယူထားသည့် NSCN-IM ခေါင်းဆောင် မွီးဗာ

လက်ရှိမှာတော့ NSCN-IM သည် အိန္ဒိယအစိုးရနှင့် ၁၉၉၇ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေး သဘောတူညီချက် လက်မှတ်ရေးထိုးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညှိနှိုင်းလျက်ရှိနေသလို NSCN-K ကတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလ မှာ မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral)ရေးထိုးထားသည်။

NSCN-K ကိုတည်ထောင်ခဲ့သူ  ကပ္ပလန်

သို့သော် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် အတွက် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K ၏ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ဖြုတ်ချခံလိုက်ရပြီး ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့သည်။

ထို့နောက် ဦးယုံးအောင် ဦးဆောင်သော အုပ်စုနှင့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင်သည့် အုပ်စုကြား ငြိမ်းချမ်း ရေး ဆွေးနွေးရန် သဘောထားကွဲလွဲကာ နှစ်ခြမ်းကွဲသွား၍ နီကီဆူမီက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ NSCN-(Niki) ဆိုသော အမည်ကိုသုံးပြီး ဦးယုံးအောင်က NSCN-YA ဟု အတိုကောက် ခေါ်ဝေါ်ကြသည်။