CNI International News
ကိယက်ဗ်၊ မတ်လ ၅
ရုရှားနှင့်ယူကရိန်းတို့သည် ယူကရိန်းမြို့ကြီးများဖြစ်ကြသည့် မာရီပေါလ်နှင့် ဗော်နိုဗာခါတို့မှ အရပ်သားများ ဘေးကင်းစွာ သွားလာနိုင်ရေးအတွက် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြကြောင်း CNBC.Com က မတ်လ ၅ ရက် (ယနေ့) မွန်းလွဲပိုင်း သတင်းဖော်ပြသည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးကို မော်စကို စံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်မည်ဟု မျှော်လင့်ရသည်။
“လူသားချင်းစာနာမှု စင်္ကြန်လမ်းကြောင်းများ” ပြင်ဆင်ထားကြောင်း ယူကရိန်းအစိုးရ အရာရှိတစ်ဦးက တွစ်တာ လူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။
“မာရီပေါလ်နှင့် ဗော်နိုဗာခါမြို့တွေမှာ အရေးပေါ် ကယ်ဆယ်ရေးစင်္ကြန်များ ဖွင့်ပေးဖို့ ပြင်ဆင်နေပါတယ်။ ရွှေ့ပြောင်းရမယ့် စစ်ကြောင်းတွေကို ဖွဲ့စည်းဆောင်ရွက်နေပါပြီ။ အဲဒီစင်္ကြန်ဧရိယာတလျှောက် အပစ်အခတ် ရပ်ထားပါတယ်” ဟု ယူကရိန်း သမ္မတ၏အကြံပေး မိုင်ခယ်လိုပိုဒိုလိပ်က သူ၏တွစ်တာလူမှုကွန်ရက်တွင် ပြောကြားထားသည်။
အဆိုပါ မြို့နှစ်မြို့၌ မကြာသေးမီ ရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံထဲ အပြင်းထန်ဆုံး တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်။ ထိုမြို့များ ၏ တည်နေရာသည် ယူကရိန်း၏ အရှေ့တောင်ဘက်စွန်း၊ ရုရှားနယ်စပ်နှင့် ခရိုင်းမီးယားကျွန်းဆွယ်တို့ ထိစပ်နေသဖြင့် မော်စကို(ရုရှား)အတွက် မဟာဗျူဟာကျသည့် ပစ်မှတ်နေရာများ ဖြစ်ကြသည်။
၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်က ယူကရိန်းနဲ့ရုရှား ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်(TASS)
အကယ်၍ ထိုမြို့များ ရုရှားလက်သို့ ကျရောက်သွားပါက ၂၀၁၄ ခုနှစ်၊ ယူကရိန်းထံမှ မော်စကိုသိမ်းယူခဲ့သော ခရိုင်းမီးယား ကျွန်းဆွယ်ရှိ တပ်ဖွဲ့များနှင့် ပူးပေါင်းလိုက်ရုံသာ ဖြစ်သည်။
မာရီပေါလ်သည် အေဇော့ (Azov) ပင်လယ်ရှိ စည်ကားလှသော ဆိပ်ကမ်းမြို့ဖြစ်သည်။
ထိုမြို့များသည် ရုရှားကျူးကျော်စစ်(ရုရှားက ငြိမ်းချမ်းရေး အထူးစစ်ဆင်ရေးဟုပြော) မတင်မီ ဗလာဒီမာပူတင်က လွတ်လပ် ရေး အသိအမှတ်ပြုလိုက်သည့် ယူကရိန်းဒေသနှစ်ခုအနက် တစ်ခုဖြစ်သည့် ဒွန်နက်ဆက်ဒေသအတွင်း တည်ရှိကြသည်။
မာရီပေါလ် မြို့ခံပြည်သူများ မြို့တွင်းမှ စတင်ထွက်ခွာရန် မော်စကိုက တိုက်တွန်းခဲ့သော်လည်း အမြောက်ကျည်ဆန်များ ကျရောက်ပေါက်ကွဲခြင်းမရှိ၍ ပြောင်းရွှေ့ရန် မြို့ခံများက ငြင်းဆန်ခဲ့ကြသည်။
ယူကရိန်းစစ်မြေပြင် အခြေအနေသည် အလွန် မတည်မငြိမ်ဖြစ်နေပြီး ဖြစ်စဉ်တစ်ခုချင်းအပေါ် အတည်ပြုရန် ခက်ခဲနေသည်။
Source: CNBN.Com