CNI International News
ကိယက်ဗ်၊ မတ်လ ၅
ယူကရိန်းနိုင်ငံသားများက စစ်ဆန့်ကျင်ရေးအတွက် Pornhub ဝက်ဘ်ဆိုက်သို့ ရုရှားကျူးကျော်ပုံဗီဒီယိုဖိုင်များ လွှင့်တင်နေကြသကဲ့သို့ ရုရှားနိုင်ငံသားများလည်း ၎င်းတို့စစ်ဆန့်ကျင်ရေးအာသီသကို အွန်လိုင်းမှပင် နောက်ဆုံး ထွက်ပေါက်အဖြစ် ထုတ်ဖော်နေကြကြောင်း vice.com တွင် ရေးသားထားသည်။
Pornhub ဝက်ဘ်ဆိုက်သို့ မတ်လ ၄ ရက်၌ upload လွှင့်တင်ခဲ့သော ဗီဒီယိုဖိုင်တစ်ခုထဲတွင် မှောင်မည်း တိတ်ဆိတ်နေသည့် ကိယက်ဗ်မြို့၏ညမြင်ကွင်းကို ပြသခဲ့ကြောင်း၊ မီးခပ်မှိန်မှိန်ထွန်းထားသော တိုက်ခန်း အဆောက်အအုံများနှင့် မြို့အနှံ့အနေအထားကို ကိတ်ဟုခေါ်သည့် အမျိုးသမီးတစ်ဦးက ရိုက်ကူး လွှင့်တင် ခဲ့ခြင်းဖြစ်ပြီး အဝေးမှ လေကြောင်းသတိပေးဥဩဆွဲသံနှင့်အတူ ပေါက်ကွဲသံများဖြင့် ကျူးကျော်မှု ပဥ္စမြောက်ည၌ ကိယက်ဗ်မြို့သူ၊ မြို့သားများ နိုးထလာပုံ ပါဝင်ကြောင်း vice.com က ဆက်လက်ရေးသား ဖော်ပြသည်။
ယင်းဗီဒီယိုဖိုင်၌ Pornhub ဖျော်ဖြေတင်ဆက်သူ ကိတ်သည် သူ့ဘဝတွင် ကိယက်ဗ်မြို့၌ လေကြောင်းသတိပေး ဥဩဆွဲသံများကို ပထမဆုံးကြားဖူးခြင်းဖြစ်ကြောင်း ရင်ဖွင့်ခဲ့သည်။ သူမသည် ယခင်က လိင်ပိုင်းဆိုင်ရာ အသား ပေး ဗီဒီယိုများကို တင်နေကျဖြစ်သော်လည်း ယခုစစ်ဖြစ်သည့်ကာလတွင်တော့ ပကတိတိုက်ပွဲမြင်ကွင်းနှင့် လူထု တုန်လှုပ်ခြောက်ခြားမှုများကိုသာ လွှင့်တင်နေခဲ့သည်။
“အဲဒီလို လေကြောင်းသတိပေး ဥဩဆွဲသံ ဘဝမှာ တစ်ခါမှ မကြားခဲ့ဖူးဘူး။ ဗုံးခိုကျင်းထဲလည်း တစ်ခါမှ မရောက်ခဲ့ဖူးဘူး။ လူဦးရေ ၃ သန်းကျော်ရှိတဲ့ မြို့မှာ ကျမ အခုနေတုန်းပါပဲ” ဟု ကိတ်က တိုက်ရိုက်မတ်ဆေ့ချ်ဖြင့် ပြောကြားခဲ့သည်။
“ကျမတို့က စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ရုပ်ရှင်ရုံတွေပဲ သွားချင်ကြတာ။ ဒီဗီဒီယိုလေးနဲ့အတူ ဒီနေ့တောင် စစ်ပြီးပါစေလို့ ပြောလိုက်ချင်ပါတယ်” ဟု ၎င်းက ရင်ဖွင့်ခဲ့သည်။
ကိတ်ကဲ့သို့ပင် ယူကရိန်းရှိ အခြားပြည်သူများကလည်း ၎င်းတို့အသီးသီး ရင်ဆိုင်နေရသည့်အခြေအနေများကို ထုတ်ဖော်ရန် Pornhub ကိုပင် အသုံးပြုနေကြသည်။
တစ်ကိုယ်တော်ဖျော်ဖြေသူ မီခေးလ်ပရာဒိုက “ကျနော်တို့ဘဝ မလုံခြုံတော့ဘူး။ ဒီနေ့ မနက်ကတည်းက လေ ကြောင်းကနေ ကျနော်တို့မြို့ အတိုက်ခံနေရတယ်။ ရုရှားဖက်ဆစ်ကောင်တွေက ဒီနေ့ခင်းမှာ စာသင်ကျောင်းကို ဗုံးကြဲချလိုက်တော့ လုံးဝနီးနီး ပျက်စီးသွားတယ်ဗျာ။ ကြောက်စရာကြီးပါ။ လေကြောင်းသတိပေး ဥဩသံတွေ ကြားရတာလည်း မရေမတွက်နိုင်တော့ဘူး။ ကျနော် အသက်နဲ့ခန္ဓာ မြဲနေသေးရင် ကျနော် ပြန်ဆက်သွယ်ပါ့မယ်” ဟု အွန်လိုင်းမှ သူ့ခံစားချက်ကို ထုတ်ဖော်ခဲ့သည်။
ယူကရိန်းမှ ပြည်သူများအပြင် ရုရှားနိုင်ငံရှိ ညစ်ညမ်းသရုပ်ဆောင်များကလည်း ယခု ရုရှားကျူးကျော်စစ်ကို ဆန့်ကျင်ဖို့ ၎င်းတို့၏ပလက်ဖောင်းအသီးသီးမှ ဆန္ဒထုတ်ဖော်နေခဲ့ကြသည်။
မဖွယ်မရာ ဗီဒီယိုဖိုင်အတိုများကို တင်လေ့ရှိသည့် bisexcouplefamilyfree ဖြင့် ရုရှားလူမျိုး စုံတွဲတစ်တွဲကလည်း “တကမ္ဘာလုံးရဲ့အမြင်မှာ ကျနော်တို့နိုင်ငံဟာ အာဏာပိုင်တွေကြောင့် ရန်လိုတယ်လို့ ယူဆတာ ခံနေရတယ်။ အခု ကျနော်တို့ လုပ်နိုင်တာကတော့ နှုတ်ဆိတ်နေပြီး ကျနော်တို့ထင်မြင်ယူဆချက်တွေကို အွန်လိုင်းပေါ်တင်ဖို့ပါပဲ” ဟု ရုရှားဘာသာဖြင့် ပြောကြား၍ လွှင့်တင်ခဲ့သည်။
ရုရှားနိုင်ငံသားများအဖို့ ပူတင်ကို ဆန့်ကျင်ပြောဆိုခြင်းသည် အလွန်အန္တရာယ်များလှသည်။ ယခင်သီတင်းပတ် ကပင် စစ်ဆန့်ကျင်ရေးပိုစတာကိုင်ဆောင်၍ လှည့်လည်ခဲ့ကြသည့် ကျောင်းသား ၅ ဦးအပါအဝင် ရုရှားလူမျိုး ဆန္ဒပြသူပေါင်း ထောင်နှင့်ချီ၍ ရုရှားအာဏာပိုင်များ ဖမ်းဆီးနှိပ်ကွပ်ခဲ့သည်။
Source: vice.com