CNI International News
မော်စကို၊ မတ်လ ၅
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ရုရှားအစိုးရ၏ရပ်တည်ချက်ကို ဆန့်ကျင်သည့်သတင်းအချက်အလက် ဖြန့်ဝေလျှင် ရုရှားနိုင်ငံသားများအဖို့ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပြီး အာဏာပိုင်များက လက်ရှိ အနေအထားတွင် နိုင်ငံခြားမီဒီယာများ ဝင်ရောက်သတင်းယူခြင်းကို ပိတ်ပင်ထားလိုက်သည်။
“သတင်းအမှား” ဟု ယူဆသောအကြောင်းအရာများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခြင်းကို အရေးယူမည့် ရာဇဝတ်မှု ဆိုင်ရာဥပဒေမူကြမ်းကို မတ်လ ၄ ရက်တွင် ရုရှားလွှတ်တော်အတွင်း အတည်ပြုရန် တညီတညွတ်တည်း မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။
ယူကရိန်းတွင် ရုရှားစစ်တပ်၏လုပ်ရပ်များ (သို့မဟုတ်) အရပ်သားသေဆုံးမှုဆိုင်ရာသတင်းများကို သတင်းအမှား (အတုအယောင်)များအဖြစ် ရုရှားအာဏာပိုင်များက အကြိမ်ကြိမ် ရှုတ်ချခဲ့သည်။
ယူကရိန်းသို့ ရုရှားကျူးကျော်ခြင်းအား ရုရှားပြည်တွင်း၌ အစိုးရမီဒီယာများက စစ်ပွဲ(သို့မဟုတ်)ကျူးကျော်မှုဟု ဖော်ပြခြင်းထက် “အထူးစစ်ဆင်ရေးတစ်ရပ်” အနေဖြင့်သာ ရည်ညွှန်းဖော်ပြနေသည်။
အဆိုပါဥပဒေမူကြမ်းကို အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့က ဆက်တိုက်ဆိုသလို အတည်ပြုပေးခဲ့ ကြောင်း ရုရှားအစိုးရမီဒီယာများက ရေးသားကြသည်။ ၎င်းမူကြမ်းအား သမ္မတ ဗလာဒီမာပူတင်က လက်မှတ် ရေးထိုးပြီး မတ်လ ၅ ရက်နောက်ပိုင်း မကြာမီအသက်ဝင်နိုင်သည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဗီယာချက် စလက်ဗိုလိုဒင်က ပြောကြားခဲ့သည်။
ရုရှားစစ်တပ်နှင့်ပတ်သက်သည့် သတင်းအမှားများ ဖြန့်ဝေခြင်းအတွက် ထောင်ဒဏ် ၃ နှစ်(သို့မဟုတ်) ငွေဒဏ် ချမှတ်ရန် အာဏာပိုင်များက မျှော်မှန်းထားသော်လည်း ပြင်းထန်သောအကျိုးဆက်များ ဖြစ်ပေါ်စေသည်ဟု ယူဆသောအမှုများအတွက် အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါဥပဒေမူကြမ်းအတည်ပြုပြီးနောက် ရုရှားနိုင်ငံထုတ် Novaya Gazeta သတင်းစာသည် ၎င်း၏ ဝက်ဘ်ဆိုက် မှ ယူကရိန်းအရေး ရုရှားစစ်ဘက်ဆောင်ရွက်ချက်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သတင်းစာ၏အယ်ဒီတာ ဒီမီထရီမူရာတော့ဗ်သည် ယမန်နှစ်က နိုဗယ်ငြိမ်းချမ်းရေးဆု ပူးတွဲရရှိခဲ့သူဖြစ်သည်။
ပိုမိုဆိုးရွားလာသည့် တိုင်းပြည်စီးပွားရေးအကျပ်အတည်း၊ အတိုက်အခိုက်များကို နှိပ်ကွပ်မှုအပါအဝင် လတ်တ လော ရုရှားရင်ဆိုင်နေရသော အကျိုးဆက်များကိုသာ ဆက်လက်ရေးသားသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာက ပြောကြားခဲ့သည်။
ထိုသို့ ဥပဒေသစ်နှင့်ပတ်သက်၍ ဂယက်ရိုက်ခတ်နေစဉ် ဘီဘီစီက ရုရှားနိုင်ငံအတွင်း ၎င်း၏မီဒီယာလုပ်ငန်း များကို ယာယီရပ်ဆိုင်းလိုက်ကြောင်း၊ ရုရှားပြည်ပမှနေ၍ ရုရှားဘာသာစကားဖြင့် မီဒီယာဝန်ဆောင်မှု ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Source: Aljazeera