CNI International News

ဝါရှင်တန်၊ မတ်လ ၅

ရုရှားအစိုးရသည် ၎င်း၏ပြည်တွင်း၌ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက် ပလက်ဖောင်းဖြစ်သည့် Facebook အသုံးပြုခွင့်ကို မတ်လ ၄ ရက်တွင် ပိတ်ပင်ခဲ့ပြီး ဘိုင်ဒန်အစိုးရကို ရှုတ်ချအပြစ်တင်ခဲ့ကြောင်း CNN သတင်းတစ်ပုဒ်၌ တွေ့ရသည်။

“၂၀၂၂ ခုနှစ်၊ မတ်လ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံအတွင်း Meta Platforms Inc. ပိုင်ဆိုင်သော Facebook လူမှုကွန်ရက် ဝင်ရောက်ခွင့်ကို ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ကြောင်း” ရုရှားဆက်သွယ်ရေး လုပ်ငန်းဖြစ်သည့် ရိုစကွန်နက်ဇွာ (Roskomnadzor) ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယခင်သီတင်းပတ်က Facebook သည် RT နှင့် Sputnik(စပွတ်နစ်)အပါအဝင် ရုရှားမီဒီယာများကို ၎င်းကွန်ရက်သုံးစွဲခွင့် ကန့်သတ်လိုက်ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ကြေညာခဲ့သည်။

ရုရှားမီဒီယာများအပေါ် Facebook အနေဖြင့် ခွဲခြားဆက်ဆံမှုပေါင်း နှစ်ဒါဇင်ကျော်ရှိကြောင်း ရုရှားအာဏာပိုင်များက စွပ်စွဲခဲ့ကြသည်။

ရုရှားပြည်သူများကိုတွေ့ရစဉ်(GETTY IMAGES)

ယင်းသို့ Facebook နှင့် ရုရှားတို့ အပြန်အလှန် ကန့်သတ်နေကြသည့် ဖြစ်စဉ်အပေါ် မတ်လ ၄ ရက် သတင်းစာ ရှင်းလင်းပွဲ၌ အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီထံသို့ သတင်းထောက်များက မေးမြန်းခဲ့ရာ “ဒါကတော့ အများသူငှာ သတင်းအချက်အလက် အများအပြားကို ဖြတ်တောက်ဖို့ သူတို့ကြိုးပမ်းမှုရဲ့တစိတ်တပိုင်းပါပဲ” ဟု ယူကရိန်းစစ်သတင်းကို ရုရှားကန့်သတ်ခဲ့သည့် ခြေလှမ်းများကို ရည်ညွှန်းလျက် ပြန်လည်ဖြေကြားခဲ့သည်။

“ဒါက စံနမူနာတစ်ခုပါ။ သူတို့ပြည်သူတွေဆီ ရောက်သွားမယ့် သတင်းအချက်အလက်တွေ သူတို့နိုင်ငံထဲမှာ ကန့်သတ်တဲ့ သဘော ဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

“ဒါကြောင့် သူတို့နိုင်ငံထဲ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ခြိမ်းခြောက်မှုအတွက် ကျမတို့ စိုးရိမ်မိပါတယ်” ဟု ဂျန်ဆာကီက ဆက်လက် ပြောကြားခဲ့သည်။

Source: CNN