CNI International News
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၅
ယူကရိန်းနိုင်ငံ မြောက်ပိုင်းရှိ ကမ္ဘာကျော် ချာနိုဘိုင်းနျူကလီးယားစက်ရုံကို ရုရှားတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး စက်ရုံဝန်ထမ်း ဖြစ်ကြသည့် ယူကရိန်းနိုင်ငံသားများအား ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ပြောကြားသည်ဟု CNN သတင်းဌာနမှ ဖော်ပြထားသည်။
အဆိုပါစက်ရုံသည် ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယားဘေးအန္တရာယ် ယခင်က အကြီးအကျယ် ဖြစ်ပွားခဲ့ဖူးသည်။
ယူကရိန်းနိုင်ငံတဝန်းသို့ ရုရှားက အပြည့်အဝ ကျူးကျော်ဝင်ရောက်သည့် ပထမဆုံးနေ့ဖြစ်သော ဖေဖော်ဝါရီ ၂၄ ရက်မှာပင် စက်ရုံကို သိမ်းပိုက်ခံရခြင်းဖြစ်ကြောင်း ယူကရိန်းနိုင်ငံတော်အေဂျင်စီ၏ ပြောခွင့်ရသူ ယွက်ဂျန်နီယာခူနက်ဆိုဗာက CNN သတင်းဌာနသို့ ပြောသည်။
ရုရှားတပ်များသည် အဆိုပါစက်ရုံကို ထိန်းချုပ်ထားပြီး ဝန်ထမ်းများကို ဖမ်းဆီးထားသည့် သတင်းအား ယူကရိန်း မြေပြင် တပ်ဖွဲ့များ၏ အကြံပေးအရာရှိ အယ်ယိုနာရှိဗက်ဆိုဗာကလည်း Facebook လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ချာနိုဘိုင်းနျူကလီးယားစက်ရုံကိုတွေ့ရစဉ်(GETTY IMAGES)
ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ပွားပြီးနောက် ချာနိုဘိုင်းဇုန်၏ ထိန်းချုပ်မှု လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း ယူကရိန်းသမ္မတ အကြံပေး မိုင်ခီလိုပိုဒိုယက်၏ အဆိုအရ သိရသည်။ ယခင် ချာနိုဘိုင်းစက်ရုံမှ နျူကလီးယား စွန့်ပစ်ပစ္စည်းများ သိုလှောင်မှု အခြေအနေကို လတ်တလော မသိရသေးကြောင်း မိုင်ခီလိုပိုဒိုယက်က ပြောကြားခဲ့သည်။
“ဒါဟာ ဒီကနေ့ ဥရောပအတွက် အဆိုးရွားဆုံး ခြိမ်းခြောက်မှုထဲက တစ်ခုပါပဲ။ ရုရှားစစ်သားတွေက ချာနိုဘိုင်း စက်ရုံဝန်ထမ်း တွေကို ဓါးစားခံအဖြစ် ဖမ်းထားတယ်လို့ ယုံကြည်ရတဲ့ အစီရင်ခံစာတွေ တက်လာပါတယ်” ဟု အမေရိကန်သမ္မတ အိမ်ဖြူ တော်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒေါသတကြီးဖြင့် ပြောကြားခဲ့သည်။
“နျူကလီးယား စွန့်ပစ်ပစ္စည်းတွေကို ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တဲ့ ပုံမှန်အရပ်ဘက် ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှု တွေကို ရပ်တန့်အောင် ဥပဒေမဲ့နဲ့ ဓါးစားခံဖမ်းဆီးမှုဟာ အင်မတန် အန္တရာယ်များပါတယ်။ မယုံနိုင်လောက်အောင် အထိတ်တ လန့်နဲ့ စိုးရိမ်နေမိပါတယ်” ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်း၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒါကို ကျမတို့ ရှုတ်ချပါတယ်။ သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Source: CNN