CNI International News
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၅
ရုရှားက ယူကရိန်းကို ဆက်လက် ထိုးစစ်ဆင်နေသဖြင့် ယူကရိန်းနိုင်ငံသားအချို့က ဥရောပအလယ်ပိုင်းသို့ စစ်ဘေးရှောင် ထွက်ပြေးနေကြသော်လည်း ယူကရိန်းပြင်ပ နိုင်ငံရပ်ခြားရောက် နိုင်ငံသားများကတော့ အမိမြေအတွက် တိုက်ပွဲဝင်ရန် ပြန်လာနေကြသည်ဟု vice.com သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့နောက် ယူကရိန်းပြင်ပ နိုင်ငံရပ်ခြားရောက် အချို့နိုင်ငံသားများကတော့ အမိမြေ တိုင်းပြည်အတွက် တိုက်ပွဲဝင်ပြီး ချစ်ခင်ရသူများနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ယူကရိန်းနိုင်ငံကို ပြန်ဖို့ မီးရထားများ၊ ဘတ်စ်ကားများပေါ်သို့ တက်နေကြပြီဟု vice.com သတင်းဝက်ဘ်ဆိုက်က ဆက်လက် ရေးသား ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂၄ ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်း၌ ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်ကြေညာလိုက်ပြီးနောက် ရုရှားတပ်များ ကြည်းကြောင်းနှင့် ရေကြောင်းတို့မှ အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်ခဲ့ရာ ယူကရိန်းနိုင်ငံ အနှံ့အပြားရှိ မြို့ကြီးများတွင် ပေါက်ကွဲသံများ စတင်ကြားခဲ့ရသည်။
အဆိုပါ အခြေအနေများသည် အိမ်နီးချင်း နိုင်ငံအသီးသီးသို့ ရောက်ရှိနေထိုင်လျက်ရှိသည့် ယူကရိန်း နိုင်ငံသားအချို့ကို အိမ် ပြန်ဖို့ လှုံ့ဆော်ပေးခဲ့သည်။
ယူကရိန်းတပ် စစ်ရေးပြင်ဆင်နေစဉ်(AFP)
ပိုလန်နိုင်ငံတဝန်း နေထိုင်ကြသော ယူကရိန်းနိုင်ငံသားအချို့သည် ၎င်းတို့ မိခင်တိုင်းပြည်သို့ ပြန်ရန် လမ်းကြောင်းပေါ် ရောက်နေပြီဟု TVN24 ရုပ်သံလိုင်းသို့ ပြောကြားခဲ့ကြသည်။ တဆက်တည်းမှာပင် ယူကရိန်း ကာကွယ်ရေးဝန်ကြီးကလည်း ယူကရိန်းနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများ စစ်မှုထမ်းကြရန် တိုက်တွန်းနှိုးဆော်ပေးခဲ့သည်။
ပိုလန်တွင် အလုပ်လုပ်နေသည့် ယူကရိန်းနိုင်ငံသား တစ်ဦးဖြစ်သူ အီဗန်ကာက မိဘများနှင့်အသက် ၁၀ နှစ်အရွယ် သမီး နှစ်ယောက်ကို ယူကရိန်းမှ ပိုလန်သို့ ဘေးလွတ်ရာ ခေါ်ဆောင်ရန် ယူကရိန်းအလယ်ပိုင်းရှိ ဗင်နစ်စီးယားသို့ ဦးတည် ထွက်ခွာ နေကြောင်း ပိုလန်သတင်းစာ တစ်စောင်ဖြစ်သည့် Gazeta Wyborcza သို့ ပြောကြားခဲ့သည်။
မိဘနှင့်သမီးများကို ဘေးလွတ်ရာပို့ပြီးလျှင် အမိမြေအတွက် တိုက်ပွဲဝင်ရန် အိမ်ပြန်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။
“ကျမအမျိုးသား အီဂေါက ပိုလန်မှာ ကျမကလေးတွေ၊ မိဘတွေနဲ့ အတူရှိနေမှာပါ။ သူက ကျမတို့ ဆွေမျိုးတွေကို ကျွေးမွေး မယ်၊ ငွေရှာပေးမယ်ပေါ့။ ကျမကတော့ ယူကရိန်းကို ပြန်မှာရှင့်” ဟု ကော်လင်ညက် အမည်ရှိ ယူကရိန်းနိုင်ငံသူ တစ်ဦးက ပြောသည်။
“ကျမတို့က ပုံမှန်လူ့အဖွဲ့အစည်းမှာပဲ နေချင်တာပါ။ ပူတင်ရဲ့လူ့အဖွဲ့အစည်းကတော့ အကြမ်းဖက်မှုနဲ့ လူသတ်ဖို့ပဲ လိုလားနေ ကြတယ်” ဟု ၎င်းက ပိုလန်ဘာသာစကားဖြင့် ရင်ဖွင့်ခဲ့သည်။
ယူကရိန်းနိုင်ငံသားများကိုတွေ့ရစဉ်(GETTY IMAGES)
ကော်လင်ညက်သည် ၎င်းနှင့်ခင်ပွန်းသည်တို့ ယူကရိန်းအလယ်ပိုင်းရှိ ဗင်နစ်စီးယားဒေသတွင် အိမ်တစ်လုံး ဆောက်နေကြပြီး အခြေချနေထိုင်ရန် အစီအစဉ်ရှိကြောင်း၊ ပိုလန်နိုင်ငံတွင် လတ်တလော ငွေရှာရင်း စုဆောင်းနေကြကြောင်း ဆက်လက် ပြော ကြားခဲ့သည်။
ပိုလန်တွင် အလုပ်လုပ်နေသည့် နောက်ထပ် ယူကရိန်းနိုင်ငံသား တစ်ဦးဖြစ်သည့် ဒီမာကိုလည်း ယူကရိန်းသို့ ပြည်တော်ပြန် ခရီးအတွက် ဘူတာရုံတစ်ရုံသို့ ရောက်နေခိုက် တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်။ သူကလည်း ရုရှားဝင် တိုက်ပြီဆိုသည့် သတင်း ကြားကတည်းက အထုပ်အပိုးများ အသင့်ပြင်ထားကြောင်း Gazeta Wyborcza သတင်းစာသို့ ပြောကြားခဲ့သည်။
“ယူကရိန်းမှာ စစ်ဖြစ်နေပြီဗျ။ ကျနော့်နိုင်ငံအတွက် ကျနော်တိုက်ပွဲဝင်သွားမှာပါ” ဟု ဒီမာက ပိုလန်ဘာသာစကားဖြင့် ပြော ကြားခဲ့သည်။
သမ္မတ ဇာလန်းစကီးသည် ယူကရိန်း အရန်တပ်အင်အား ၉ သိန်းကျော် စုစည်းရန် အမိန့်ပေးထားပြီး အများစုမှာ ၂၁ ရာစုကျ မှ မွေးဖွားသူများနှင့် Gen-Z များ ဖြစ်ကြကြောင်း၊ ၎င်းတို့ထက် အင်အားသာလွန်သော ရန်သူကို ရင်ဆိုင်နေရပြီ ဖြစ် ကြောင်း vice.com သတင်းဝက်ဘ်ဆိုက်က ဆက်လက် ရေးသားဖော်ပြသည်။
Source: vice.com