CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ဥရောပနှင့်တကမ္ဘာလုံး၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု CNN ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အိမ်နီးချင်းနိုင်ငံအပေါ် ကရင်မလင် တိုက်ခိုက်မှုကို ရှုတ်ချရာတွင် သက်ရှိထင်ရှား နိုင်ငံ့ခေါင်းဆောင်ဟောင်း၊ သမ္မတဟောင်း များလည်း ပါဝင်လျက်ရှိရာ ဂျင်မီကာတာကလည်း သူ့သဘောထားကို အထက်ပါအတိုင်း ဖွင့်ဟပြောကြားခဲ့ခြင်း ဖြစ်သည်။

“စစ်ရေးနဲ့ ဆိုင်ဘာ လက်နက်တွေသုံးပြီး ယူကရိန်းကို ရုရှားက မနာလိုစိတ်နဲ့ တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေနဲ့ ယူကရိန်း ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်လိုက်တာပဲ ဖြစ်တယ်” ဟု ဂျင်မီကာတာက တွစ်တာ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဥရောပနှင့် ကမ္ဘာတဝန်း၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ယူကရိန်း အချုပ်အခြာအာဏာအပေါ် အင်အားမမျှ တိုက်ခိုက် နေသော ရုရှားကို ကာတာက ရှုတ်ချခဲ့ပြီး စစ်ရေးအရ အရေးယူမှု အားလုံးကို ရပ်တန့်၍ ငြိမ်းချမ်းရေးပြန်ယူရန် ပူတင်ကို တောင်းဆိုခဲ့သည်။

ပူတင်ကိုတွေ့ရစဉ်

အမေရိကန်နှင့်မဟာမိတ်များသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ထောက်ခံသည့်အနေဖြင့် ယူကရိန်း ပြည်သူများနှင့် ရပ်တည်ပေးရမည်ဖြစ်ကြောင်း သမ္မတဟောင်း ကာတာက ဆက်လက်ပြောကြားခဲ့သည်။

ရုရှားသည် ဖေဖော်ဝါရီ ၂၄ ရက်အစောပိုင်းတွင် ဆိုဗီယက်အုပ်စုဝင်ဟောင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး မြေပြင် တပ်ဖွဲ့ များကိုလည်း အလုံးအရင်းဖြင့် စေလွှတ်ခဲ့သည်။ မြို့တော်ကိယက်ဗ် အနီးရှိ နေရာအနှံ့အပြားသို့ ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ ရာ ကမ္ဘာ့ခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ရှုတ်ချ အပြစ်တင်ခဲ့ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မော်စကို၏ ကျူးကျော်မှုကို အပြစ်ပေးရန်အတွက် ပြင်းထန်သည့်ပိတ်ဆို့ အရေးယူမှု အသစ်များကို ချမှတ်ခဲ့ပြီး ၎င်းရှေ့မှ တာဝန်ထမ်းခဲ့ကြသော သမ္မတဟောင်းများကလည်း ရုရှား၏လုပ်ရပ်ကို ရှုတ်ချ အပြစ် တင်ရာတွင် ပါဝင်ခဲ့ကြသည်။

ကာတာသည် နိုင်ငံခြားရေးမူဝါဒကို အထူးစိတ်ဝင်စားပြီး လူ့အခွင့်အရေး အာရုံစိုက်သည့် အမေရိကန်သမ္မတဟောင်း တစ်ဦး အဖြစ် အများက ကြည်ညိုလေးစားကြသည်။

ယူကရိန်းနိုင်ငံသားများကိုတွေ့ရစဉ်(GETTY IMAGES)

Notre Dame တက္ကသိုလ်၏ ၁၉၇၇ ခုနှစ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကာတာက နိုင်ငံခြားရေးမူဝါဒအပေါ် ၎င်း၏အမြင် ကို ပြောကြားရာတွင် “ကျနော်တို့မူဝါဒဟာ ကမ္ဘာ့သမိုင်းတလျှောက် အမေရိကန်ရဲ့အခန်းကဏ္ဍအပေါ်မှာ အခြေခံပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုရဲ့ ကြီးမားတဲ့အမြင်ကနေ ကျနော်တို့မူဝါဒ ဆင်းသက်လာပါတယ်။ အခုဆိုရင် ကျနော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ အမြစ်တွယ်ပြီး ခိုင်မာနေပါပြီ။ ဒီမူဝါဒထဲမှာ ကိုယ့်ကျင့်တရားတန်ဖိုးတွေ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ လူသားတွေကို အကျိုးပြုဖို့ ဦးတည်ရေးဆွဲထားတဲ့ မူဝါဒလည်း ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့ ဖူး သည်။

အလားတူ အမေရိကန် သမ္မတဟောင်းများဖြစ်ကြသည့် ဘားရက်စ်အိုဘားမား၊ ဂျော့ချ်ဒဗလျူဘုရှ်နှင့် ဘီလ်ကလင်တန်တို့ ကလည်း ပူတင်၏ ကျူးကျော်မှုကို အသီးသီးရှုတ်ချခဲ့ကြပြီး ဖေဖော်ဝါရီ ၂၄ ရက်၌ ၎င်းတို့သဘောထားများကို ကိုယ်ပိုင် ထုတ်ပြန် ကြေညာခဲ့ကြသည်။

“ယူကရိန်းပြည်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အနာဂတ်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ကိုရှာရင်း တစည်းတလုံး တည်း ရပ်တည်ရမယ်။ ပူတင်ရဲ့ အာဏာရှင်ဆန်တဲ့ အနိုင်ကျင့်မှုနဲ့ အန္တရာယ်ကို ကျနော်တို့ သည်းမခံနိုင်ပါဘူး" ဟု ဘုရှ်က ၎င်း၏ ကြေညာချက်တွင် ပြောကြားထားသည်။

Source: CNN