- By CNI
- Category: နိုင်ငံရေး
- Hits: 1488
ရန်ကုန်-ဒလ မြစ်ကူးသင်္ဘော ဗုံးပေါက်ကွဲမှု NUG နှင့် နစက အပြန်အလှန် စွပ်စွဲ
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီ(၂) သင်္ဘောပေါ်မှာ ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)တို့သည် အပြန်အလှန် စွပ်စွဲ ပြစ်တင်နေကြသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာ မောင်းနှင်လာ သည့်သင်္ဘော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် အရပ်သား ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကို ဒေသကာကွယ်ရေးတပ်(PDF)မှ မိုင်းထောင်ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်က နစကမှ ထုတ်ပြန်ခဲ့သလို NUG ကလည်း ထိုအကြမ်းဖက် လုပ်ရပ်သည် မိမိတို့နှင့် သက်ဆိုင်ခြင်း မရှိ ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နစက၏ ထုတ်ပြန်ချက်နဲ့ အရပ်သား ထိခိုက်ထားမှုကိုတွေ့ရစဉ်
သာမန်ပြည်သူများ သွားလာလှုပ်ရှားသည့် နေရာများတွင် ဖောက်ခွဲမှုမှာ အကြောက်တရားဖြင့် ထိန်းချုပ်လိုသည့် အခါမျိုး၌ လုပ်ဆောင်လေ့ရှိကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးသိန်းထွန်းဦးက “ဒါကြတော့ ဘယ်လို သွားသုံးသပ်လို့ ရတယ်ဆိုရင် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုရဲ့ အကြမ်း ဖက်တဲ့ စိတ်ဓါတ်နဲ့ လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုပေါ့၊ ဘာကြောင့်လဲဆိုတော့ သွားနေတဲ့ ဖယ်ရီပေါ်မှာဗျာ ရုံးဆင်း ချိန် ရှိမယ်၊ သာမန် အရပ်သားပြည်သူတွေ လက်လုပ်လက်စားတွေ ပါမယ်၊ သူတို့အတွက် အဓိက သွားနေတဲ့ နေရာမှာ သွားဖောက်ခွဲတယ်ဆိုတော့ ဒါကတော့ အဲဒါကို သီအိုရီအရ ပြန်ကြည့်မယ်ဆိုရင် ဒီအကြမ်းဖက်သမားက လူတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ချင်တဲ့ အခါမျိုးမှာ သာမန်ပြည်သူလူထုရဲ့ ကြားထဲမှာ ဝင်ပြီးတော့ ဖောက်ခွဲရေး လုပ်တာရှိတယ်” ဟု ပြောသည်။
အဆိုပါ ဖောက်ခွဲမှုကို PDF မှ လုပ်ဆောင်ခြင်း မဖြစ်နိုင်ကြောင်း၊ ယခင်ကတည်းက အတွေ့အကြုံများ ရှိခဲ့ ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

NUG ၏ ထုတ်ပြန်ချက်နဲ့ အရပ်သား ထိခိုက်ထားမှုကိုတွေ့ရစဉ်
ဒေါက်တာလှကျော်ဇောက “ဒါကတော့ PDF ဖက်က လုပ်တာ ဟုတ်ချင်မှ ဟုတ်မှာပေါ့၊ ကျမတို့ မဆလကတည်းက အတွေ့အကြုံတွေ ရှိတာပဲ၊ တရုတ်-ဗမာ အရေးအခင်း တုန်းကလည်း MRS ဝင်ပြီး တရုတ်ပါရဂူ တစ်ယောက်ကို ဓါးနဲ့ ထိုးတာပဲ၊ အဲဒီတော့ စစ်တပ်က စကစက မလုပ်ဘူးလို့ ဘယ်ပြောနိုင်မလဲ၊ တောက်လျှောက်လည်း သူတို့ နဝတခေတ်၊ နအဖခေတ် လုပ်ချင်တာတွေ လုပ်လာတာပဲ၊ အဲဒီတော့ ပြောလို့မရပါဘူး” ဟု ပြောသည်။
လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာပြီး လုပ်ဆောင်သင့်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးဟာလည်းပဲ ကျမတို့ ဒီနေ့ ဒီအချိန်မှာဆိုလို့ရှိရင် ဂျီနီဗာကွန်ဗင်းရှင်းအရပဲ အလုပ်လုပ်နေကြတာ ဖြစ်တယ်၊ အဲဒါဆိုတော့ ကျမတို့ ဒီပြည်သူအတွက် အလုပ်လုပ် တယ်၊ လက်နက်ကိုင် တော်လှန်ရေး ဆိုတာလည်း ပြည်သူအတွက် အလုပ်လုပ်တယ်၊ ဆိုတော့ ပြည်သူတွေ ထိခိုက် နစ်နာမှု မရှိစေတဲ့ အနေအထားမျိုးကို လုပ်သင့်ပါတယ်၊ အတတ်နိုင်ဆုံး ရှောင်ရှားပြီးတော့မှ လုပ်သင့် တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ရန်ကုန်-ဒလ မြစ်ကူး သင်္ဘောများကို အောက်ခြေ လူတန်းစားများသာ အဓိက စီးနင်း လိုက်ပါလေ့ရှိပြီး ဒလ ဘက်မှ ရန်ကုန်သို့ အလုပ်လာရောက် လုပ်ကိုင်သူများ အများစု စီးနင်းကြကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2360
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀
မလေးရှားနိုင်ငံရှိ UNHCR ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား ယာယီ အလုပ် လုပ်ကိုင်ခွင့်ပါမစ် ထုတ်ပေးရန် မလေးရှားအစိုးရသစ်ထံသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း ရခိုင်ဒုက္ခသည် များဗဟို(CAR)မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် မလေးရှားအစိုးရ လက်ထက်တွင် ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သော်လည်း ထူးခြားမှု မရှိသည့် အတွက် ယခုအစိုးရသစ် လက်ထက်၌ ထပ်မံတောင်းဆို ဆွေးနွေးရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးညီညီလွင်က “အရင်အစိုးရ လက်ထက်က ဆွေးနွေးခဲ့တဲ့ ဟာတွေ ရှိတယ်လေ။ မြန်မာနိုင်ငံမှာ ပဋိပက္ခ ဖြစ်နေ တဲ့ အခါကျတော့ မြန်မာလူမျိုးတွေ သိန်းပေါင်းများစွာ မလေးရှားကို နယ်စပ်ဖြတ်ကျော်ပြီး လာကြတယ်။ မြန်မာ နိုင်ငံ အပြောင်းအလဲကတော့ ကြာမယ်ထင်တယ်။ အပြောင်းအလဲကတော့ ဖြစ်မှာပဲလေ။ မြန်မာနိုင်ငံ အပြောင်း အလဲ ဖြစ်ရင် သူတို့ ပြန်သွားမှာပေါ့နော်။ ဆိုတော့ ဒီကြားကာလမှာ ဒီအတိုင်း ဖမ်းမယ်၊ ဆီးမယ်။ ပြန်ပို့ဖို့ကလည်း နိုင်ငံတကာဖိအားတွေနဲ့ ခက်နေတဲ့အခါကျတော့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ခွင့်ပေါ့နော်။ ထိုင်းနိုင်ငံတို့ ဘာတို့ မှာလို ယာယီအလုပ်လုပ်ခွင့်လေးပေးဖို့၊ နောက်ပြီးတော့ UNHCR နဲ့ ပူးပေါင်းဆောင်ရွက် ပြီးတော့ အွန်လိုင်းက မှတ်ပုံတင်တာက သိန်းနဲ့ချီ ရှိတယ်လေ။ အဲဒါတွေကိုလည်း မှတ်ပုံတင်ပေးပြီးတော့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ ပေါ့နော်။ အဲဒါတွေကို ကျနော်တို့ တောင်းဆို ညှိနှိုင်း ပြောဆိုသွားဖို့ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

UNHCR က ဒုက္ခသည်စာရင်း ကောက်ယူနေစဉ်
ထိုသို့ တောင်းဆိုရာတွင် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများနှင့် NGOs များဖြင့် ပူးပေါင်း၍ ဆွေးနွေးသွားရန် ပြင်ဆင်နေကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ အစိုးရသစ်တစ်ရပ် တက်လာသော်လည်း အဖမ်းအဆီးများမှာ လျော့ကျမသွားဘဲ များပြားနေဆဲသာဖြစ်ကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူ များထံက သိရသည်။
မလေးရှားနိုင်ငံတွင် အစိုးရသစ်တက်လာမှ ယခုကဲ့သို့ အဖမ်းအဆီးများနေခြင်း မဟုတ်ဘဲ နှစ်စဉ် နှစ်ကုန်ခါနီး ချိန်တွင် အဖမ်းအဆီးမှာ ပုံမှန်များပြားလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးစု ဒုက္ခသည်များ အဖမ်းခံရသည့် အထဲတွင် UNHCR ကတ် ကိုင်ဆောင်ထားသူ ဦးရေမှာ အနည်းငယ်သာ တွေ့ရပြီး အများစုမှာ UNHCR ကတ် မရှိသည့် အထောက်အထားမဲ့များသာ ဖြစ်ကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက ပြောသည်။
Alliance of Chin Refugees (ACR)မှ အတွင်းရေးမှူး စတီဗင်က “အစိုးရသစ် လက်ထက်မှာတော့ ကျနော်တို့ မျှော်လင့်ထားတာကတော့ ၅၀၊ ၅၀ ပါပဲ။ အစိုးရသစ်ကနေ နိုင်ငံခြားပေါ်လစီ ဒါမှမဟုတ် ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့မှ ပေါ်လစီ အဲဒီလိုမျိုး တရားဝင် ချပြတာမျိုး မရှိသေးဘူး။ တစ်ဖက်တစ်လမ်းမှာတော့ အခုလက်ရှိ အနိုင်ရ ရွေးကောက်ခံပုဂ္ဂိုလ်တွေက NGO နဲ့ မစိမ်းတဲ့ လူတွေများတယ်။ ဆိုတော့ ဒီဒုက္ခသည်အရေးနဲ့ ပတ်သက် ရင် အရင်ကထက်စာရင် နည်းနည်း ကောင်းလာမယ့် အနေအထားတော့ မျှော်လင့်ရတာပေါ့နော်။ UN နဲ့ ပတ်သက်ရင်တော့ အစိုးရသစ် လက်ထက်မှာက ဘယ်လို ဘယ်ပုံ ကိုင်တွယ်ရမယ်ဆိုတဲ့ ပေါ်လစီချမှတ်ရမယ်။ UN နဲ့ကတော့ ပြောလည်း ပြောနိုင်တယ်။ ဒါပေမယ့် public နဲ့တော့ ထုတ်ပြတာမျိုး မရှိသေးဘူး။ ဆိုတော့ UN နဲ့ ဒီအစိုးရသစ် လက်ထက်နဲ့က အရင်က အစိုးရထက် စာရင်တော့ သဘောတူညီမှု ဒါမှမဟုတ် လက်တွဲ ပူးပေါင်း နိုင်မယ့် အနေအထားတော့ ကျနော်တို့ မျှော်လင့်တယ်။ ဆိုတော့ နည်းနည်း အကောင်းဘက်တော့ မျှော်လင့်ရတာ ပေါ့လေ အရင်ကထက် စာရင်ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာအလုပ်သမားများကို တွေ့ရစဉ်
ဒုက္ခသည်များအား ယာယီ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ထုတ်ပေးသည့် ဆွေးနွေးတောင်းဆိုမှု အဆင်ပြေပါက UNHCR ကတ် ကိုင်ဆောင်ထားသော ဒုက္ခသည်များသာ အကျုံးဝင်မည်ဖြစ်သည်။
ထို့ကြောင့် လက်ရှိ မလေးရှားအစိုးရသစ် လက်ထက်တွင် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံမှ ဒုက္ခသည်များအနေဖြင့် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းကတ်များ လုပ်ဆောင်၍ UNHCR ၌ မှတ်ပုံတင်ခြင်း ပြုလုပ်ကြရန် ဒုက္ခ သည်အရေး ဆောင်ရွက်နေသည့် တိုင်းရင်းသားအဖွဲ့အစည်းများက အကြံပြုကြသည်။
ထို့အပြင် လက်ရှိ၌ အဖမ်းအဆီးခံရသည့် နေရာများတွင် ဆူညံမှုများကြောင့် ရဲတပ်ဖွဲ့သို့ အတိုင်ကြား ခံရသည့် အတွက် အဖမ်းခံခဲ့ရသည်များလည်း တွေ့ရှိနေရသည်။
လုပ်ငန်းခွင် အတွင်းနှင့် မိမိနေထိုင်သည့် နေရာများတွင် ဆူညံမှုများ၊ ခိုက်ရန် ဖြစ်ပွားခြင်းများ၊ သောက်စား မူးယစ်ခြင်းများအား ရှောင်ကြဉ်ကြရန်လည်း မလေးရှားရှိ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများက သတိပေးထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2119
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ဥရောပသမဂ္ဂ(EU)နှင့် အာဆီယံ ထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲ ကြေညာချက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ကို မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် ထောက်ခံခြင်း မရှိကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့သည့် EU နှင့် ASEAN ခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာ နိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်နှင့် လူသားချင်း စာနာမှု အကူအညီများအား ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာ ပေးအပ်နိုင်ရေးတို့အတွက် တောင်း ဆို ထားသည်။
အဆိုပါ တောင်းဆိုမှုများသည် အသစ်အဆန်း မဟုတ်သကဲ့သို့ အရေးပါသည့် အချက်အလက်များလည်း မပါဝင်ဘဲ ကျန်ရှိနေသည်ကို တွေ့ရှိရကြောင်း NUG က ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြသူများကိုတွေ့ရစဉ် (GETTY IMAGES)
NUG က “ပူးတွဲကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စား လှယ် အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်း မရှိသည့်အပြင် တရားမဝင် အကြမ်းဖက် စစ်အာဏာရှင်များ၏ ကြမ်းကြုတ် ယုတ်မာ ရက်စက်မှုများကို ရှုတ်ချကြောင်း ဖော်ပြရန်လည်း ပျက်ကွက်ခဲ့သည်” ဟု ထုတ်ပြန် ချက် တွင် ဖော်ပြထားသည်။
ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိရန် ပြည်တွင်းတွင် အဓိကထား ကြိုးစားစေချင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာလှကျော်ဇော်က “NUG ကို နိုင်ငံတကာက ထောက်ခံခံ၊ မထောက်ခံခံ အရေးမကြီးပါဘူး။ အရေးကြီး တာ ပြည်သူလူထုက ဆက်ထောက်ခံဖို့ပဲ၊ အဲဒီအတွက်ပဲ NUG က ဆက်ကြိုးစားသင့်တယ်၊ NUG အနေနဲ့က ပြည်သူလူထုကို ပိုမိုစည်းရုံးအောင်၊ ပိုမိုသွေးစည်းအောင် ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရအောင် ပြည်တွင်းမှာ ပဲ အဓိကထားပြီးတော့ ကြိုးစားစေချင်တယ်၊ နိုင်ငံတကာမှာလည်း ဝင်လုပ်ပါ၊ မလုပ်နဲ့လို့တော့ မပြောပါဘူး။ လုပ်ဖို့လိုပါတယ်၊ ဒါပေမဲ့ နိုင်ငံကြီးတွေရဲ့ သဘောထားကို ကိုယ်ကသိထားဖို့ လိုတာတစ်ခုပါပဲ” ဟု ပြောသည်။
မြန်မာပြည်အတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မတည်မငြိမ် ဖြစ်ပေါ်နေပြီး ဘက်ပေါင်းစုံ အကျပ်အတည်းများကို ကူညီဖြေရှင်းရန် EU နှင့် ASAEN တို့မှ ကြိုးပမ်း အားထုတ်မှုများအား မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်က ဒီမိုကရေစီအရေး တောင်းဆိုသူများနဲ့ လုံခြုံရေးအဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံစဉ် (GETTY IMAGES)
NUG သည် ပြည်သူရွေးချယ် တင်မြောက်ထားသည့် အစိုးရဖြစ်သည့်အတွက် နိုင်ငံတကာမှ လက်ခံလာနိုင် ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “NUG သည် အများပြည်သူ ရွေးချယ်တင်မြောက်တဲ့ အစိုးရတစ်ရပ်ဖြစ်တာ ကမ္ဘာသိအောင် ပြည်သူတွေက ကြေညာထားပြီး ဖြစ်တဲ့အတွက် တဖြည်းဖြည်း လက်မခံတဲ့နိုင်ငံက လက်ခံလာနိုင်တဲ့ အနေအထားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ NUG အစိုးရက လက်နက်ကိုင်ပြီးတော့ သောင်းကြမ်းတဲ့ အုပ်စု၊ တစ်ဦးတစ်ယောက်ထံ၊ အဖွဲ့အစည်း တစ်ခုခုထံက အာဏာယူထားတဲ့ အစိုးရမဟုတ်ဘူးပေါ့၊ ဖောင်တိန် ကိုင်ထားပြီးတော့ အများပြည်သူ ကို မိမိတို့အဖွဲ့အစည်းရဲ့ ဆင်ခြင်တုံဉာဏ်နဲ့ အုပ်ချုပ်တဲ့ အစိုးရတစ်ရပ် ဖြစ်တဲ့အတွက် NUG ဟာ တချိန်ချိန်မှာ ပေါ့၊ အများပြည်သူ တင်မြောက်ရကျိုးနပ်တဲ့ အစိုးရဖြစ်လာမယ် ဆိုတာကိုတော့ အတိအလင်း ပြောလိုတယ်ဗျ” ဟု ပြောသည်။
လက်ရှိတွင် နစကနှင့် NUG တို့သည် နိုင်ငံတကာမှ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရေး သံတမန်ရေးရာ၌ အားပြိုင်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1475
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထု၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
မည်သည့်အစိုးရမဆို လူထု၏မျက်နှာကို ကြည့်ရမှာဖြစ်ကြောင်း၊ လူထု၏ဆန္ဒမှာ အလွန်အရေးကြီးကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “အဲဒီတော့ လူထုရဲ့ ဆန္ဒဆိုတာ အလွန်တရား အရေးကြီးပါတယ်၊ မည်သည့်အစိုးရမဆို လူထုရဲ့ မျက်နှာကိုပဲ ကြည့်ရတာကိုဗျ၊ လူထုကို အုပ်ချုပ်တဲ့ ကောင်းမွန်တဲ့ ယန္တရားတစ်ရပ်ကို အပ်နှင်းချင်လို့သာ အစိုးရဆိုတာ လူထုကိုယ်စား အုပ်ချုပ်ပေးကြရတာကိုး၊ အစိုးရတိုင်းကတော့ဗျာ ဘယ်လိုပဲပြောပြော ကောင်းမွန် တဲ့ အမွေတစ်ခုတော့ ပေးခဲ့ချင်တာပဲ၊ လူထုကို ဆိုတော့ လူထုရဲ့ ဆန္ဒအရေးကြီးပါတယ်၊ လူထုက ဘယ်လို အစိုးရ တစ်ရပ်ကို လိုသလဲ၊ လူထုက ဘယ်လို ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးဖို့အတွက် အဆင်သင့် ဖြစ်နေကြပြီလား၊ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်၊ လူ့အခွင့်အရေး ပြည့်ဝတဲ့ ပတ်ဝန်းကျင်၊ တိုင်းရင်းသားအားလုံး ချစ်ကြည်ပြီးတော့ လက်တွဲနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် တို့တတွေ မတည်ဆောက်နိုင်တော့ဘူးလား။ တည်ဆောက်ဖို့အတွက် အချိန် မကျသေးဘူးလား။ ဒီလောက် ၇၅ နှစ်လောက် ပေးဆပ်ခဲ့ရတာကိုက နောင်တမရကြသေးဘူးလားဆိုတာ ကျနော်တို့ကပဲ သုံးသပ်ရတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေးတောင်းဆိုကြသူများကိုတွေ့ရစဉ် (GETTY IMAGES)
ထို့ကြောင့် လူထု၊ အစိုးရ၊ လက်နက်ကိုင် အင်အားစုများ၊ တိုင်းရင်းသားများ အနေဖြင့် အကောင်းဆုံးလမ်းကို ရွေးချယ်ရမှာဖြစ်ကြောင်း၊ သွေးမြေကျမှုကင်းသည့် နိုင်ငံတစ်ခု ပေါ်ထွန်းလာစေချင်ကြောင်း ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သက်ဆိုင်သူ အားလုံးပါဝင်မှ ငြိမ်းချမ်းရေးမှာ ရှေ့ဆက်၍ ရမှာဖြစ်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးဖြစ်စဉ်က အဲဒီတုန်းက ပြောခဲ့ပြီးသားပဲ၊ ကျနော်တို့ ဒီမြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က သက်ဆိုင်တဲ့သူတွေ အားလုံးပါဝင်မှ ရမယ်၊ သက်ဆိုင်တဲ့လူတွေ အားလုံးပါဝင်တဲ့ အနေအထားတစ်ခု ရှိဖို့လိုတယ်၊ အဲဒါမှပဲ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို ဆက်သွားလို့ရမယ်လို့ ကျနော်တို့ ပြောခဲ့ပြီးပြီ” ဟု ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)
မိမိတို့ တည်ဆောက်လိုသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် အားလုံး၏ ညှိနှိုင်းဆွေးနွေးမှုဖြင့် တဆင့်ခြင်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဖော်ဆောင်လိုတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ကျနော်တို့ တည်ဆောက်လိုတဲ့ ခုနက ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အတွက်ဆိုရင်တော့ ဒီမိုကရေစီလို့ ပြောလိုက်မယ်ဆိုရင်လည်းပဲ ဒီမိုကရေစီ အင်အားစုတွေ အားလုံး ပါဝင်ရမှာ ဖြစ်သလို ဖက်ဒရယ်လို့ ပြောလိုက်မယ်ဆိုရင်လည်းပဲ တိုင်းရင်းသား အင်အား စုတွေ အားလုံးပေါ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေလည်း ရှိရင် ရှိမယ်၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ လည်း ရှိရင်ရှိမယ်၊ အဲဒီလိုမျိုး သက်ဆိုင်တဲ့သူတွေ အားလုံး ပါဝင်စုပေါင်း ညှိနှိုင်း အဖြေရှာနိုင်မယ့် အခင်းအကျင်း ကသာလျှင် ကျနော်တို့ ခုနက ပြောနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကျနော်တို့ တည်ဆောက်လိုတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အတွက်ကတော့ ကျနော်တို့ အားလုံးရဲ့ ညှိနှိုင်းဆွေးနွေးမှု အပေါ်မှာပဲ တဆင့်ပြီး တဆင့် ကျနော်တို့ ဆက်လက် လုပ်ဆောင် သွားရမှာ ဖြစ်တယ်လို့ ကျနော်အဲဒီလိုပဲ နားလည်မှု ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခု ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1417
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီ(၂) ရေယာဉ်ပေါ်တွင် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့၍ အရပ်သား ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်တွင် ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလ ဆိပ်ကမ်း သို့ ထွက်ခွာမောင်းနှင်လာသည့် ပြည်တွင်းကြောင်းအပိုင် ချယ်ရီ(၂) ရေယာဉ်သည် ဆိပ်ကမ်းမှ စတင်မောင်း နှင်ခဲ့ပြီး ကမ်းမှ မီတာ ၅၀ ခန့် အကွာအဝေးသို့ ရောက်ရှိစဉ် ရေယာဉ်၏ အောက်ထပ် နောက်သံလှေခါးအခြေ၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်လာခဲ့သည်။

ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီ(၂) ရေယာဉ် ဗုံးပေါက်ကွဲ၍ အရပ်သားများ ဒဏ်ရာရသွားစဉ်
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၇ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။
ထိုဖောက်ခွဲမှုကို မည်သည့် လူပုဂ္ဂိုလ် ၊ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခြင်း ဖြစ်သည်ကိုတော့ မသိရ သေးပေ။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1357
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီ သင်္ဘောပေါ်၌ ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရှိမှုများ ရှိခဲ့သည်။
ရန်ကုန်-ဒလ မြစ်ကူး သင်္ဘောများကို အောက်ခြေလူတန်းစားများသာ အဓိက စီးနင်း လိုက်ပါလေ့ရှိသည်။ အထူးသဖြင့် ဒလဘက်မှ ရန်ကုန်သို့ အလုပ်လာရောက် လုပ်ကိုင်သူများ အများစု စီးနင်းကြသည်။
သို့သော် ဘယ်နှဦး ထိခိုက်ဒဏ်ရာရရှိခဲ့လဲ၊ သေဆုံးမှုများ ရှိ/မရှိကိုတော့ လတ်တလော မသိရသေးပေ။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1586
- By CNI
- Category: နိုင်ငံရေး
- Hits: 1399
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဆိုင်ကယ်နှင့် စက်ဘီးစီးခြင်းများကို ပိတ်ပင်ထားပြီး စီးနင်း သူများအား ဖမ်းဆီးမှုများ ရှိသည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် သွားရေးလာရေးနှင့် လုပ်ငန်း ဆောင်ရွက် မှုများတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၊ ပြည်မြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်း မြို့နယ်နှင့် တောင်ညိုကျေးရွာတို့တွင် ယာဉ်ထိန်းရဲများက ဆိုင်ကယ်စီးနင်းခြင်း တားမြစ်ထားသည်။
ထိုသို့ တားမြစ်ထားခြင်းကို မျက်ကွယ်ပြု၍ စီးနင်းသူများကို ဒဏ်ငွေ ဆောင်ခိုင်းစေခြင်းနှင့် ထောင်ဒဏ်များ ချမှတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း နတ်တလင်းဒေသခံ မဖြိုးဖြိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဘက်မှာ ဖမ်းလို့ ဒီဘက်လာတဲ့သူတောင် ဈေးဝယ်တဲ့သူတောင် ကားနဲ့လာရပါတယ်။ စက်ဘီးတွေ တောင် ဖမ်းပါတယ်ရှင့်။ စက်ဘီးတွေလည်း ဖမ်းတယ်၊ ဆိုင်ကယ်တွေလည်း ဖမ်းတယ် အကုန်ဖမ်းပါတယ်ရှင့်။ စက်ဘီးတွေ ဘဲလ်မပါရင် ဖမ်းတယ်ပေါ့။ အခုဆိုရင် ရွာထဲမှာ ဈေးသည်တွေလည်း မလာတော့ဘူး။ ကုန်ပို့တဲ့ သူတွေတောင် နားနေရတယ် အဲလိုဖြစ်နေတယ်။ ကျမတို့ ကုန်သွားသယ်ဖို့ အခုလိုဖမ်းနေတယ် အခက်အခဲ တွေက ရှိနေတယ်။ သုံးဘီးတွေကအစ ဖမ်းတယ်၊ ဆိုင်ကယ်တွေလည်း ဖမ်းတယ်ဆိုတော့ သွားရေးလာရေးက ဘယ်လိုမှ အဆင်မပြေဘူး ဖြစ်နေတယ်။ အခုဟာက သူတို့က ငွေဒဏ်တင်ပါ မဟုတ်ဘူး ထောင်ဒဏ်တွေပါ ချနေတယ်။ ပစ္စည်းတွေပါရင် ပစ္စည်းတွေပါ အကုန်ယူချလိုက်တယ်။ နတ်တလင်း၊ ကြို့ပင်ကောက်၊ ပေါင်းတည် အကုန်ဖမ်းပါတယ်။ ဇီးကုန်းဘက်ကတော့ အတော်အဆိုးဆုံး ဖြစ်ပါတယ်ရှင့်။ အခု တောင်ညိုဘက်ပါ ဆင်းဖမ်း ပါတယ်ရှင့်။ ဈေးမသွားဖြစ်တော့ တောင်ညိုဘက်ကို သွားဝယ်တယ်။ သွားဝယ်တော့ တောင်ညိုဘက်ပါ ပိတ်ထား တဲ့အတွက် အခု ဘယ်မှ မသွားရတော့ဘူး” ဟု ပြောသည်။

ဆိုင်ကယ်စီးနင်းနေသူများကို ယာဉ်ထိန်းရဲက စိစစ်နေစဉ်
ထို့နောက် ပခုက္ကူမြို့နယ်တွင်လည်း ဆိုင်ကယ်စီးနင်းရာတွင် တစ်ဦးတည်းသာ စီးနင်းခွင့် ပြုထားကြောင်း၊ စီးနင်း ရာတွင်လည်း အချိန် အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားကြောင်း၊ မနက် ၈ နာရီမှ ညနေ ၅ နာရီအထိသာ ဖြစ် ကြောင်း သိရသည်။
ထိုသို့ လူဦးရေနှင့် အချိန် ကန့်သတ်ထားသည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည်ဟု ပခုက္ကူမြို့မှ ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရင်က မိန်းကလေးနဲ့ ယောင်္ကျားလေး တွဲစီးလို့ရတယ်။ မိန်းကလေး ဒီအတိုင်း စီးလို့ရတယ်။ အခု မရ ဘူး တစ်ယောက်တည်း။ ဆိုင်ကယ်စီးခွင့် မရတော့ မနက် ၈ နာရီပေါ့။ မနက် ၈ နာရီမှ တစ်ယောက်တည်းတဲ့။ လုပ်ငန်းကိုင်ငန်းတွေ အကုန်လင့်(နှေး)သွားကြတာပေါ့၊ အလုပ်ကို မနက် ၉ နာရီထိုးမှ စကြရတယ်။ သွားရေးလာ ရေးက ညနေ ၄ နာရီခွဲလောက်၊ ၅ နာရီလောက်ဆို ရွာပြန်မယ့် အလုပ်သမားတွေက စောစောစီးစီး သိမ်းကုန်ကြ တာပေါ့။ စက်ဘီးနဲ့ကျတော့ အရာမရောက်ဘူးလေ နင်းရပြုရတာ။ ဘာလို့လဲဆိုတော့ နယ်ကလာကြတာ၊ ရွာတွေ ကနေ လာလုပ်ကြတာ” ဟု ပြောသည်။
ပခုက္ကူမြို့နယ်တွင် ဆိုင်ကယ်စီးနင်းရာ၌ တစ်ဦးတည်းသာ ခွင့်ပြုထားသည့်အတွက် နှစ်ယောက် စီးနင်းမိပါက လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုများ ရှိကြောင်း၊ ထိုသို့ ပစ်ခတ်ခံရမှုများကြောင့် ဒေသခံ တချို့လည်း သေဆုံးခဲ့ရသော ဖြစ်ရပ်များရှိကြောင်း ဒေသခံများက ပြောသည်။

ဆိုင်ကယ်စီးနင်းသူက လုံခြုံရေးတပ်ဖွဲ့ရှေ့မှာ ဆန္ဒပြနေစဉ်
တခြားတစ်ဖက်မှာတော့ နယ်ဒေသများရှိ လုံခြုံရေးတပ်ဖွဲ့များကို နွေဦးတော်လှန်ရေး လှုပ်ရှားမှုကနေတဆင့် လက်နက်ကိုင် တိုက်ပွဲဝင်လာကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များသည် ဆိုင်ကယ်များ စီးနင်း၍ ပစ်ခတ် ထွက်ပြေးမှုများ ရှိသည့်အတွက် ယခုလို ဆိုင်ကယ်နှင့်စက်ဘီး စီးနင်းခွင့်များကို ပိတ်ထားလာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နယ်မြို့များတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လုပ်ငန်းများ လုပ်ကိုင်ရာ၌ ဆိုင်ကယ်များကိုသာ အဓိကထား အသုံး ပြုနေကြသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီး၊ အရေးယူခြင်းများသည် ဒေသခံ ပြည်သူများအတွက် အခက်အခဲ များ စွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်သုံးဆီကို ချွေတာသုံးစွဲသည့် အနေဖြင့် စက်ဘီးကဲ့သို့ ယာဉ် များကို အသုံးပြုစေလိုကြောင်း ပြောကြားထားသည်။
သို့သော်လည်း ဆိုင်ကယ်နှင့်စက်ဘီး စီးနင်းခွင့်များနှင့်ပတ်သက်ပြီး စီးနင်းခွင့် ရှိ/မရှိကိုတော့ တရားဝင် ထုတ်ပြန် ထားခြင်း မရှိပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 1242
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ကုလသမဂ္ဂမှာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိသည့်အတွက် သံတမန် ရေးရာတွင် အောင်မြင်မှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ဦးကျော်မိုးထွန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ခန့်အပ်သည့် ဝန်ကြီးဖြစ်သည့်အတွက် သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးကြီးမြင့်က “ဒါကတော့ သံတမန်ရေးအရ အောင်မြင်မှုပေါ့၊ အာဖကန်နစ္စတန်ရယ်၊ ဗမာရယ်ကို ဆက်ထားတယ်၊ သံတမန်ရေးရာ အောင်မြင်မှုလို့ သုံးသပ်လို့ရတယ်၊ ကုလသမဂ္ဂမှာ ဘာဖြစ်ဖြစ် ဗမာရဲ့ အသံကို ပြောခွင့်တော့ ရှိနေသေးတာပဲ၊ အဲဒီသဘောရှိပါတယ်။ ဒါ NUG ရဲ့ ဝန်ကြီးပဲ၊ ဒါ NUG က ခန့်တဲ့ ဝန်ကြီးလေ၊ သက်ရောက်မှု ရှိတာပေါ့၊ NUG က ခန့်တဲ့ သံအမတ်ကြီးပဲ၊ သက်ရောက်မှု ရှိတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်မိုးထွန်းကို ကုလကိုယ်စားလှယ်အဖြစ် လက်ခံပေးရန်တောင်းဆိုနေကြစဉ် (Kyaw Soe Latt)
ဦးကျော်မိုးထွန်းအား ဒီဇင်ဘာ ၁၇ ရက်နေ့ (၇၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလမှာ သံအမတ်အဖြစ် အတည်ပြုလိုက်ခြင်းဖြစ်ပြီး လာမည့် ၂၀၂၃ နှစ် ကုလသမဂ္ဂ အထွေထွညီလာခံ ကျင်းပမည့် စက်တင်ဘာလအထိ ဆက်လက် တာဝန်ယူရမှာ ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း ၂၉ အရ လက်ရှိ ရှိနေသည့်သူကို ဆက်လက် ထားရှိသည့်သဘော သက်ရောက်ကြောင်း သို့သော်လည်း ဘယ်အဖွဲ့ကိုမှ အသိအမှတ်ပြုသည့် သဘောမဟုတ်ဟု သိရကြောင်း နစက ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA သတင်းဌာနသို့ ပြောကြားထားသည်။
ဦးကျော်မိုးထွန်း အနေဖြင့် မြန်မာနိုင်ငံကို ကိုယ်စား ပြု/မပြုဆိုသည်မှာ အမျိုးမျိုး ဖြစ်နေကြောင်း၊ မည်ကဲ့သို့ အပြောင်းအလဲ ဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရုံသာရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ် (GETTY IMAGES)
၎င်းက “ဦးကျော်မိုးထွန်းကလည်း လွန်ခဲ့တဲ့ နှစ်ကလည်း အဲဒီလို တာဝန်ယူထားခဲ့တာတော့ ကျနော်တို့ တွေ့ တယ်၊ အဲဒါက နိုင်ငံကို ကိုယ်စားပြုသလား၊ မပြုသလားတော့ အမျိုးမျိုးပဲ၊ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဒီအတိုင်း ဆက်ထားမယ်လို့ ပြောတယ်၊ နိုင်ငံကို ကိုယ်စားပြုပြီး သူက မိန့်ခွန်း ပြောခွင့်ရတဲ့ပုဂ္ဂိုလ် မဟုတ်ဘူး။ အဲဒါကြောင့် အပြောင်းအလဲ ဘယ်လောက် ဖြစ်လာမလဲဆိုရင် လွန်ခဲ့တဲ့ တစ်နှစ် မှာလည်း ကျနော်တို့ ကြည့်တယ်၊ ကုလသမဂ္ဂကလည်း ဘာမှ မြန်မာနိုင်ငံကိစ္စမှာ အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းပုံစံမျိုး မဟုတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်၊ အဲဒါကြောင့် အခုချိန်မှာ ဘယ်လောက် အပြောင်းအလဲ ဖြစ်လာမလဲဆိုတော့က စောင့်ကြည့်ရုံပဲရှိတယ်၊ ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ ကျနော်တို့လည်း အဲဒီလို သုံးသပ်ဖို့ အခက်အခဲရှိတယ်” ဟု ပြောသည်။
နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနှင့် ပြည်တွင်း သံတမန် အသိုင်းအဝိုင်းကြားမှာတော့ နစက နှင့် NUG တို့သည် ၎င်းတို့က တင်သွင်းသည့် ကုလအမြဲတမ်း ကိုယ်စားလှယ်ကို ခန့်အပ်ပေးရေး အပြိုင်ကြိုးပမ်း လျက်ရှိနေသည်။
လက်ရှိ ကုလက ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းက NUG ၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းမဟုတ်ဘဲ ယခင် အစိုးရများလက်ထက်မှ ကိုယ်စားလှယ် အနေဖြင့်သာ လက်ခံခြင်း ဖြစ်ကြောင်း သိရသည်။
