CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉

မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်၊ မေဒါဝီလမ်းရှိ မြတ်မောင် စိန်ရွှေရတနာဆိုင်သို့ ဓားပြတိုက်ခဲ့သူများကို ဇွန်လ ၁၈ ရက်နေ့မှာပဲ ဖမ်းဆီးရမိခဲ့သည်ဟု နစက-က သတင်း ထုတ်ပြန်သွားသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဒါဝီလမ်းရှိ မြတ်မောင် စိန်ရွှေရတနာဆိုင်ကို အမျိုးသား ၃ ဦးမှ ပစ္စတို ၂ လက်ဖြင့် ဝင်ရောက်လာပြီး ရွှေထည်ပစ္စည်းမျိုးစုံ (ကာလတန်ဖိုး ငွေကျပ် သိန်း ၁၆,၆၀၀ ခန့်)တို့အား ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့သည်။

ထို့နောက် ဇွန်လ ၁၈ ရက် ညပိုင်းတွင် ဓားပြတိုက် လုယက်မှုတွင် ပါဝင်သည့် ကိုကိုအောင်နှင့် ပပလှိုင် ဆိုသူတို့ ၂ ဦးအား ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရား အနောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ အကယ်ဒမီ ဟိုတယ်၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးခံရသည့် ကိုကိုအောင်၏ ထွက်ဆိုချက်အရ ကောင်းထက်စံ(ခ)တရုတ်ကြီး၊ ကျော်ဇင်လတ်၊ ကောင်းမြတ် (ခ) Blank၊ ဖြိုးကိုကို၊ ကျော်ဇင်ဝေတို့အား M4A1 သေနတ် ၂ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည် အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9 MM Luger ကျည် ၂၁၀ တောင့် အပါအဝင် ရွှေထည်ပစ္စည်း များနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု နစက၏ ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။

အလားတူ ဓားပြတိုက်ခံရာတွင် ပါဝင်သည့် စောဂျိုးဇက်(ခ)ချိုတိုးနှင့် ထွန်းထွန်းနိုင်တို့အား မအူပင်မြို့နယ်၊ ခနောင်အုပ်စု၊ ကျွဲလန်းကျေးရွာ၌ M-16 ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြတ်မောင်ရွှေဆိုင်အား ဓားပြတိုက်ရာတွင် ပါဝင်ကြသည့် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦးအား M-4A1 သေနတ် ၂ လက်၊ M-16 ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9MM Luger ကျည် ၂၁၀ တောင့် အပါအဝင် ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။