- By CNI News
- Category: နိုင်ငံရေး
- Hits: 1267
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ဒုဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကနှင့်တွေ့ဆုံ ဆွေးနွေးရန် ယနေ့ (သြဂုတ် ၃ ရက်) နေပြည်တော်သို့ ရောက်ရှိလာခဲ့ သည်။
SSPP ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်ပြီး ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင် စိုင်းနော်လိတ်၊ စိုင်းဖုန်းဟန်တို့ ပါဝင်ကြသည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် SSPP ကိုယ်စားလှယ် အဖွဲ့တို့ သြဂုတ် ၄ ရက်နေ့မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်သည်။
နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးပြီးပါက ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့ ပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ် သည်။
SSPP ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က တွေ့ဆုံ ဆွေးနွေးစဉ်
လက်ရှိတွင် တပ်မတော်နှင့် SSPP ကြား ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း သုံးခုကို တပ်မတော်က နောက်ဆုတ်ခိုင်းခြင်းကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုများဖြင့် ရင်ဆိုင်နေကြရသည်။
ထိုသို့ စစ်ရေးတင်းမာမှုများကြားမှာပဲ ယခုတွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်က တွေ့ဆုံစဉ်
SSPP အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သော အချိန်က တွေ့ဆုံ ဆွေးနွေးမည်ဟု အကြောင်းပြန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်သည်။
တခြားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်မှ ဇူလိုင် ၇ ရက်နေ့အတွင်း နစကဥက္ကဋ္ဌ နှင့် တွေ့ဆုံ ဆွေးနွေးထားခဲ့ကြပြီး ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1816
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ (သြဂုတ် ၃ ရက်) တွေ့ဆုံ၍ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့သည် မြန်မာနိုင်ငံသို့ သြဂုတ် ၃ ရက်နေ့က ရောက်ရှိလာခဲ့ပြီးနောက် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာကတော့ နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ် များကို အလေးပေး ဆွေးနွေးကြဖို့ ရှိကြောင်း သြဂုတ် ၂ ရက်က ပြောကြားထားသည်။
လာဗရော့နှင့် ဦးဝဏ္ဏမောင်လွင် တွေ့ဆုံစဉ်
နစကနှင့်နီးစပ်သူများကတော့ ရုရှား-မြန်မာ နှစ်နိုင်ငံခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုတယ်နှင့် ခရီးသွား လုပ် ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာရေး၊ ပြည်တွင်း နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသွားရန် ရှိကြောင်း ပြောသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် နစက ခေါင်းဆောင်တို့ တွေ့ဆုံ ဆွေးနွေးကြသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး နစက ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
လာဗရော့သည် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သွား ရန်လည်း ရှိသည်။ ထိုအစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံသို့ လာရောက်၍ နစက ခေါင်းဆောင်များဖြင့် တွေ့ဆုံခြင်း ဖြစ် သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1461
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃
လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးမှာ အမှန်တရားအတွက် ရဲရင့်ခဲ့ကြသည့် မိမိတို့အနေဖြင့် အနိုင်ရမှာ အသေအချာ ဖြစ်ကြောင်း NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
ပြည်သူများ အနေဖြင့် ရဲရင့်ကြရုံမကဘဲ တော်လှန်ရေး ၁၇ လ ကာလရောက်သည်အထိ ဇွဲမလျှော့ခဲ့ကြကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ၆၂ ကြိမ်မြောက် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တရားတဲ့သူသာ နိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ အမှန်တရားအတွက် ရဲရင့်ခဲ့ကြတဲ့ ကျနော်တို့တွေ အနိုင်ရမှာ အသေအချာပဲ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေအားလုံးဟာ ရဲရင့်ခဲ့ကြရုံတင် မကဘဲ (၁၇) လ ကာလရောက်သည်အထိ ဇွဲလည်း မလျှော့ခဲ့ကြပါဘူး။ မြန်မာပြည်သူ ပြည်သားတွေရဲ့ ခိုင်မာတဲ့ ဇွဲသတ္တိနဲ့ စိတ်ဓာတ်တွေကတော့ မှတ်ကျောက်တင်ရမယ့် ဇွဲသတ္တိ စိတ်ဓာတ်မျိုးပဲ ဖြစ်ပါတယ်။ တော်လှန်ရေး စတင်ချိန်က စစ်ကျွန် ဘဝ ဘယ်တော့မှ ပြန်မသွားတော့ဘူးဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေက လွဲလို့ ဘာမှမရှိဘဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျနော်တို့ဟာ အခုဆိုရင် ဘယ်နိုင်ငံရဲ့ အထောက်အပံ့မှ မရရှိဘဲ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့ စိတ်နဲ့ ရုန်းကန်လာခဲ့ကြတာ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက သွေးပျက်နေတဲ့ အခု အခြေအနေတွေကို ကြည့်ရင် ကျနော်တို့ တော်လှန်ရေး ဘယ်အနေအထား ရောက်နေ ပြီလဲဆိုတာ ခန့်မှန်းနိုင်ကြလိမ့်မယ် ထင်ပါတယ်” ဟု ပြောသည်။
NUG သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြ မှုနှင့်အတူ လက်နက်ကိုင် တော်လှန်းရေးကို ဆင်နွှဲခဲ့ကြသည်။
လက်ရှိတွင် တိုင်ပြည်၏ ၄၈ ရာခိုင်နှုန်းကို နွေဦးတော်လှန်ရေး အင်အားစုများက စိုးမိုးထားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်။

အုပ်ချုပ်ခွင့်မရှိစေရဟု ဆိုင်းဘုတ်ကိုင် ဆန္ဒပြသူများကိုတွေ့ရစဉ် (ISP-fb)
ဦးသန်းစိုးနိုင်က “ဒါက တရားတဲ့ဘက်နဲ့ မတရားတဲ့ဘက်မှာ ရေရှည်မှာတော့ တရားတဲ့ဘက်က အောင်မြင်မယ်ဆိုတာ ယေဘုယျ မူတရားပါ။ ဒီနေ့ ဖြစ်နေတဲ့ တိုက်ပွဲကလည်း အခု စကစ ကနေပြီးတော့ အာဏာသိမ်းလိုက်ပြီးတဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ရက်ရက်စက်စက် ဖြိုခွဲတယ်၊ လက်နက်မဲ့ ပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်တဲ့အတွက် အကြမ်းဖက် လှုပ်ရှားမှုတွေ ပေါ်လာတယ်။ အဲဒီတော့ ပေါ်လာတဲ့ အခါကြတော့ အဲဒီလှုပ်ရှားမှုတွေဟာ သူ့အရှိန်အဟုန် မြင့်တက် သွားတာကတော့ အခုကတော့ တစ်ပြည်လုံး အနှံ့အပြားမှာ စကစ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ NUG၊ PDF၊ EAO တွေရဲ့ တိုက်ပွဲတွေက အနှံ့အပြား အပြင်းအထန် ဖြစ်နေတယ်။ ဒါက တကယ့် လက်တွေ့ အခြေအနေပါ။ တကယ့်လက်တွေ့ အခြေအနေမှာတော့ ဒေသစိုးမိုးမှုအရ ပြောရလို့ရှိရင် နွေဦးတော်လှန်ရေး အင်အားစုတွေက တိုင်းပြည်ရဲ့ ၄၈ ရာခိုင်နှုန်းနဲ့ စစ်ကောင်စီကို ၅၁ ရာခိုင်နှုန်း လွှမ်းမိုးထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့ကြားလည်းကောင်း၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်၊ PDF ပူးပေါင်းတပ်တို့အကြား လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့အတူ လူဦးရေ ၁ ဒသမ ၂ သန်းကျော်မှာ မြန်မာနိုင်ငံတဝန်းက တိုက်ပွဲရှောင်စခန်းနှင့် ယာယီရွှေ့ပြောင်း အခြေချ စခန်း များမှာ ပြည်တွင်း နေရပ်စွန့်ခွာ နေကြရကြောင်း UNOCHA Myanmar ၏ ဇူလိုင် ၃၁ ထုတ်ပြန်ချက်အရ သိရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1116
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃
ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့သည် ယနေ့ (သြဂုတ် ၃ ရက်) နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နိုင်ငံခြားရေးဝန်ကြီး လာဗရော့သည် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံမည် ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို အလေးပေး ညှိနှိုင်းကြမည်ဖြစ်ကြောင်း သြဂုတ် ၂ ရက်က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောကြားထားသည်။
ယနေ့ လာရောက်သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့သည် နစက တာဝန်ယူထားစဉ် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိပြီးရင် ဒုတိယ နစက၏ မဟာမိတ် နိုင်ငံမှ အဆင့်မြင့်သံတမန် လာရောက်ခြင်း ဖြစ်သည်။
#ရုရှား #လာဗရော့ #နစက #CNImyanmar #cninews
- By CNI
- Category: နိုင်ငံရေး
- Hits: 2266
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂
လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရုံဖြင့် မဖြေရှင်းနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်။
နစက အနေဖြင့် အာဆီယံ အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရေး လိုက်လျောမှုများ ရှိနေကြောင်း၊ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီ လိုလားသူများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း ထားကြောင်း ၎င်းက ပြောသည်။
ဦးသန်းစိုးနိုင်က “အာဆီယံကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တောင်းဆိုတာကို စစ်ကောင်စီ ဘက်ကလည်း လိုက်လျောမှုပြုမယ့် အရိပ်နိမိတ်တချို့၊ စကားတချို့ သူတို့ဖက်က ပြောခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ မြန်မာနိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ဆိုတဲ့ ပြဿနာက ဒေါ်အောင်ဆန်းစုကြည်နဲ့တင် မပြီးတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူ့ရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ဆိုင်ရာ သဘောထားတွေနဲ့ ရှေ့ဆက်လို့ရမလား။ နောက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံကို အခု NUG နဲ့ ဒီမိုကရေစီ လိုလားတဲ့သူတွေက ဖျက်သိမ်းပြီးပါပြီ။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပေါ် မှာ ကျနော်တို့ ပြဿနာတွေကို ပြန်လည် ဆွေးနွေးလို့ ရမလားဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြန်စဉ်းစားရမယ့် သုံးသပ်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်” ဟု CNI သို့ ပြောသည်။
နစက အနေဖြင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ပြစ်ဒဏ် ပေးလိုက်မှုကြောင့် ပြည်တွင်း/ပြည်ပ အဖွဲ့ အစည်းများ၏ ကန့်ကွတ် ရှုတ်ချမှုကို ခံခဲ့ရကြောင်း၊ ထို့အတွက်ကြောင့် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသူများမှ ဆွေးနွေးပွဲ တံခါးများကို ပိတ်သိမ်းလိုက်ကြောင်း ၎င်းက ပြောသည်။

ဒီမိုကရေစီတောင်းဆိုသူများ ဒုတိယစည်းမကျော်ရန် သတိပေးထားခြင်း (AFP)
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ပြစ်ဒဏ်စီရင်လိုက်သည့် ကိစ္စကြောင့် အာဆီယံ အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရေးမူသည် ပြောင်းလဲမည်ဟု မထင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သို့ ပြောသည်။
ဦးရဲထွန်းက “ပြောင်းလဲသွားမလား၊ မပြောင်းလဲသွားမလားဆိုတာ သူက မလာတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ တော့ဘူးဆိုရင် အဲဒါ ပြောင်းလဲသွားပြီပေါ့။ သူက သူ့အစီအစဉ်အတိုင်း လာမှာဆိုရင် သူတွေ့မှာပေါ့။ အဲဒီတော့ ကျနော် ခန့်မှန်းချက်ကတော့ ဒီကိစ္စကြောင့်တော့ နဂိုမူလ ရည်ရွယ်ချက်၊ ရည်မှန်းချက်အတိုင်း သူလုပ်မယ့်ကိစ္စ အပြောင်းအလဲ ဖြစ် မယ်လို့ မထင်ဘူး” ဟု ပြောသည်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ပြည်တွင်းမှာ အကြမ်းဖက်မှုများ ပိုမိုများပြားလာမှာကို စိုးရိမ်မှုများရှိနေသည်။
အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ သူမ၏ ဩဇာကို အသုံးပြုကာ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုများကို အဆုံးသတ်လိုကြောင်း Channel News Asia နှင့် အင်တာဗျူးမှာ ပြော ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1695
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁
ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ကျန်ရှိနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် မကြာခင် တွေ့ဆုံ ဆွေးနွေး သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဩဂုတ် ၁ ရက်နေ့ နံနက်ပိုင်းက နစက တာဝန်ယူထားသည့် ၁ နှစ်နှင့် ၆ လ (၁၈ လ)ပြည့် ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကနှင့် တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့ တွေ့ဆုံဆွေးနွေးထားပြီး ဖြစ်ကြောင်း၊ ဒုတိယအကျော့ တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
၎င်းက “NCA လက်မှတ် ရေးထိုးထားပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲကမှ ၇ ဖွဲ့၊ လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲက ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့က တွေ့ဆုံဆွေးနွေးနိုင်ဖို့ အကြောင်းပြန်ကြားခဲ့ပါတယ်။ ကျနော်အခု အဖွဲ့ ၉ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ကျန်တစ်ဖွဲ့လည်း မကြာခင် တွေ့ဆုံသွားမှာဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးပြီး အဖွဲ့တွေနဲ့လည်း ဒုတိယအကျော့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးရာမှာ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီ ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ဒေသနဲ့ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။

တပ်မတော်၏ NSPNC နဲ့ SSPP ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်က တွေ့ဆုံစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်မှ SSPP ၏ တပ်စခန်း ၃ ခုကို တပ်မတော်မှ ပြောင်းရွှေ့ခိုင်းသည့် ကိစ္စနှင့် ပတ်သက် ၍ စစ်ရေးတင်းမာနေသည့်အတွက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိပေ။
ယခုလ ဩဂုတ် ပထမအပတ်တွင် နစကနှင့် SSPP တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမည်ဟု သံတမန်အသိုင်းဝိုင်းမှ ကြားသိရ သည်။
သို့သော် ဩဂုတ်လထဲ နစကနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ့ဆုံ ဆွေးနွေးရန် ရှိ/မရှိ SSPP ဘက်သို့ ဆက်သွယ် မေးမြန်း သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးသည့်အတွက် သီးခြား အတည်မပြုနိုင်သေးပေ။
နစက ဥက္ကဋ္ဌက ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးနှစ် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောက်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်က ဆုတ်ခိုင်းနေသည့် SSPP တပ်စခန်း သုံးခု တည်နေရာပြ မြေပုံ
ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)တို့သည် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးထားသည်။
အလားတူ NCA မရေးထိုးရသေးသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့) တို့လည်း နစကနှင့် တွေ့ဆုံဆွေးနွေးထားကြသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1318
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁
နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁ ရက်မှ စ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်က ကျင်းပ၍ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို NLD အစိုးရက မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
အဆိုပါ အရေးပေါ် အခြေအနေ ကြေညာထားမှုသည် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့တွင် ၁ နှစ်နှင့် ၆ လ (၁၈ လ) ပြည့် မြောက်မည် ဖြစ်ပြီး ကာ/လုံက နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်ကြောင်း အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1031
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁
လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ RCSS အနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းကို အဓိက စွဲကိုင်ထားပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နည်းလမ်းရှာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)က ယနေ့ (ဇူလိုင် ၃၁ ရက်) ထုတ်ပြန်ခဲ့သည်။
RCSS သည် (၆)လပတ် အစည်းအဝေးကို ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် အထက်ပါ အတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ဌာန အသီးသီးက တင်ပြသည့် ၆ လတာ လုပ်ငန်းအစီရင်ခံစာများအပေါ် သုံးသပ် ဆွေးနွေး ခြင်း၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့အစည်းပြင်ပ အခြေအနေများကို ကျယ်ကျယ် ပြန့်ပြန့် သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါသည်ဟု ဖော်ပြထားသည်။
RCSS “ လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ RCSS အနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းကို အဓိက စွဲကိုင်ထားပြီး ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နည်းလမ်းရှာ ကြိုးပမ်း ဆောင်ရွက် သွားမည်”ဟု ပြောသည်။
RCSS ၏ ၆ လပတ် အစည်းအဝေး ကျင်းပနေစဉ်
ထို့နောက် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ တရားဥပဒေစိုးမိုးရေး အားနည်းခြင်းတို့ကြောင့် ကျေးလက်ဒေသနှင့် မြို့ရွာများတွင် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်မှုများ များပြားလာခြင်းအား မိမိတို့ တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့က စုပေါင်း တာဝန် ယူ၍ မိမိတို့ ရပ်ရွာနှင့် မြို့များအား ကာကွယ်စောင့်ရှောက်သွားကြပါရန် တိုက်တွန်းသည်ဟု RCSS က ထုတ်ပြန်ခဲ့သည်။
အလားတူ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် RCSS သည် အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဟု RCSS ၏ ယနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင် ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မေလ ၂၀ ရက် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
တခြား တစ်ဖက်မှာလည်း နွေဦးတော်လှန်ရေး အင်အားစုများနှင့် လက်တွဲမှု တချို့ရှိပြီး စစ်အာဏာရှင် တော်လှန်ရေး ကြိုး ပမ်းလျက်ရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2398
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်စခန်း ၃ ခုကို ပြောင်းရွှေ့ခိုင်းသည်မှာ တပ်မတော်၏လုံခြုံရေး စိုးရိမ်ရ၍ ပြောင်းရွှေ့ခိုင်းခြင်းဟု နားလည်ထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေ အတွင်း ရေးမှူး စိုင်းလိတ်က CNI သို့ ပြောသည်။
SSPP နှင့် ‘ဝ’ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) တို့၏ ဆက်ဆံရေးကို တပ်မတော်မှ မလိုလားကြောင်း၊ ထို့အတူ မိုင်းရှူးမှ တပ်စခန်းများကို မရွှေ့ဘဲ ဆနင်းတောင်ကျောမှ တပ်စခန်းများအား ရွှေ့ဆိုင်းပါက အဆင်ပြေသွားနိုင် ကြောင်း ၎င်းက ပြောသည်။
SNLD မှ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က “မိုင်းရှူး၊ တန့်ယန်းမှာ ဖြစ်နေတဲ့ ကိစ္စက အခုမှ ဖြစ်လာတဲ့ ကိစ္စတော့ မဟုတ်ဘူးပေါ့နော်။ ဇွန်လလောက် ကတည်းက စဖြစ်လာတဲ့ ကိစ္စ၊ အဓိကကတော့ ကျနော်ထင်တာ မမှားဘူးဆိုရင်ပေါ့နော်။ ဗမာစစ်တပ်အနေနဲ့ SSPP နဲ့ ‘ဝ’ရဲ့ ဆက်ဆံရေးအခြေအနေကို မရှုစိမ့်နိုင်တာပေါ့ဗျာ။ အဓိကအားဖြင့်တော့ UWSA နဲ့ SSPP တပ်တွေ ပေါင်းပြီးတော့မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ နောက် ပင်လုံတကြောပေါ့နော်။ ပင်လုံ ဆနင်းတောင်ရဲ့ ဒီ အနောက်ဘက် ဆိုလို့ရှိရင်လည်း ဖာလိုင်းတို့၊ နောက် မိုင်းပြင်းတို့ရှိတယ်။ အဲဒီနယ်ကနေ ဆက်စပ်ပြီး သွားမယ်ဆိုလို့ရှိရင် ကျောက်ဂူ၊ အင်တောတို့ ရောက်မယ်၊ အဲဒီကျောက်ဂူ၊ အင်တောဆိုတာက ရပ်စောက် နယ်ထဲရောက်သွားပြီဗျ။ အဲဒီတော့ သူတို့ရဲ့ လုံခြုံရေးနဲ့ လုံခြုံရေးစည်းနဲ့ တအား ကပ်လာတဲ့ အခါကြတော့ အဲဒါတွေ စိုးရိမ်ပြီးတော့ မိုင်းရှူးက တပ်စခန်း ၃ ခုကို ရွှေ့ခိုင်းတာလို့ပဲ နားလည်တယ်။ နောက်ဆုံးကြရင်တော့ ဟိုဖက်က တပ်စခန်း ၃ ခု မရွှေ့လည်းဘဲ ပင်လုံအနောက်ခြမ်းပေါ့ နော်၊ ဆနင်းတောင်ကြော တစ်ဝိုက်မှာရှိတဲ့ တပ်စခန်းတွေ ရုပ်သိမ်းသွားမယ်ဆိုရင်တော့လည်း ဗမာစစ်တပ်ဘက်က ပြီးပြေ (ပြေလည်)သွားနိုင်လောက်တယ်လို့ တွက်ပါတယ်ခင်ဗျ” ဟု CNI သို့ ပြောသည်။

တပ်မတော်က ဆုတ်ခိုင်းသည့် တပ်စခန်း သုံးခုမြေပုံ
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်မှ SSPP တပ်စခန်း ၃ ခုကို တပ်မတော်မှ ပြောင်းရွှေ့ခိုင်းသော်လည်း SSPP မှ မပြောင်းရွှေ့နိုင်ကြောင်း ဇူလိုင် ၂၂ ရက်က အကြောင်းပြန်ထားသည်။
မြန်မာပြည်၏ အသင့်တော်ဆုံးသော နိုင်ငံရေးဖြေရင်းချက်မှာ စစ်တပ်အနေဖြင့် နိုင်ငံရေးကနေ အပြီးနုတ်ထွက်ကြောင်း တရားဝင်ကြေညာပြီး တစ်တိုင်းပြည်လုံးအနှံ့ အပစ်အခတ်ရပ်စဲရန် လိုအပ်ကြောင်း၊ ကျန်သည့် ကိစ္စရပ်များကို ဆက်ဆွေးနွေး ၍ရကြောင်း စိုင်းလိတ်က ပြောသည်။
တပ်မတော်အနေဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပထမဆုံး လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နယ်မြေဒေသ တည်ငြိမ်မှုကို ခြိမ်းခြောက်လာပါက အရေးယူသည့် အပိုင်းများ ဖြစ်လာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သို့ ပြောသည်။

တပ်မတော်နဲ့ SSPP ကိုယ်စားလှယ်များ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက် တွေ့ဆုံစဉ်
ဦးသိန်းထွန်းဦးက “ကျနော်ပြောတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်ပိုင်းကတော့ တပ်က အရင်ဆုံး Focus အရင်လုပ်ပြီးတော့ ကြည့် မယ့် အပိုင်းပေါ့လေ။ ‘ဝ’နဲ့ ပူးပေါင်းတယ်၊ မပူးပေါင်းတယ်ဆိုတာထက် အဓိက သူတို့ တည်ရှိနေတဲ့ တပ်စခန်းတွေက နယ်မြေ ဒေသနဲ့ ခြိမ်းခြောက်မှုနဲ့ နယ်မြေဒေသရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတယ် ဆိုရင်တော့ အရေးယူတာ မျိုး ပိုဖြစ်ပါလိမ့်မယ်။ နောက်ကွယ်က သူတို့ ပေါင်းသင်း ဆက်ဆံရေးက ဒါတော့ EAO အဖွဲ့ချင်းကြားထဲက ဆက်စပ်မှုနဲ့ နိုင်ငံ ရေးပိုင်းဆိုင်ရာ ဆက်နွယ်မှုဆိုတော့ သူတို့ ကြားထဲမှာ ဘယ်လို ဆက်ဆံရေး ရှိတယ်ဆိုတာ ကျနော်တို့ အသေးစိတ်မသိတဲ့ အတွက်ကြောင့် ဒါတော့ နည်းနည်းလေး မှတ်ချက်ပေးဖို့ ခက်တယ်။ ဒါပေမဲ့ အဓိကကတော့ စစ်ရေးအရ ခြိမ်းခြောက်မှုရှိ တယ်၊ နယ်မြေဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လာနိုင်တဲ့ အပိုင်းမျိုးဆိုရင်တော့ အရေးယူတာမျိုးက အဲဒီ အကြောင်းအချက်က ပိုပြီးတော့ အရေးပါပါလိမ့်မယ်” ဟု ပြောသည်။
တပ်မတော်က မိုင်းရှူးမြို့နယ်ရှိ လွိုင်နိုင်း - မန်ဝိန်းအတွင်း လှုပ်ရှားနေသည့် SSPP တပ်စခန်း ၃ ခုကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာရန် ဇွန်လ ၄ ရက်တွင် တပ်မတော်က စာပို့ခဲ့သည်။ ထို့နောက် SSPP က မဆုတ်ခွာနိုင်ကြောင်း ရပ်တည်လာခြင်းကြောင့် ဇွန်လ ၃၀ ရက်နောက်ဆုံးထား ဆုတ်ခွာရန် ဒုတိယအကြိမ် အကြောင်းကြားသော်လည်း ဆုတ်ခွာ ခြင်း မရှိပေ။
အဆိုပါ အခြေအနေများကြောင့် နှစ်ဖက် စစ်ရေးတင်းမာလာကာ ဇူလိုင် ၁၄ ရက်တွင် နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံ၍ ၇ ရက်အတွင်း ဆုတ်ခွာရန် ထပ်မံပြီး တပ်မတော်ဘက်က အဆိုပြုခဲ့သော်လည်း SSPP မှ မဆုတ်ခွာနိုင်ဟု စာပို့ အကြောင်း ပြန်ထားကြောင်း သိရသည်။
