CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တစ်ခုအဖြစ် ပါဝင်ရန် ကရင်နီတော်လှန်ရေး အင်အားစုများ စုပေါင်းကာ ကရင်နီအစိုးရကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီးနောက် အုပ်ချုပ်မှုကို စတင်ကြောင်း ဇွန်လ ၁၂ ရက် နေ့မှာ ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်၏ အုပ်ချုပ်ရေးကို ပြည်နယ်ကြားကာလ အစီအမံနှင့်အညီ လက်တွေ့ အကောင်အထည်ဖော်ရန်၊ ပြည်နယ် အတိုင်ပင်ခံကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ အစီအမံများကို စနစ်တကျ ချမှတ် ဖော်ဆောင်နိုင်ရန်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တစ်ခုအဖြစ် ပါဝင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တစ်ခု၏ ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်အညီ အုပ်ချုပ်ရေးစနစ် ကို အစပျိုး၍ လက်တွေ့ အကောင်အထည်ဖော်ရန် စသဖြင့် ပါရှိသည်။

ကယား(ကရင်နီ) ဒေသတစ်ခုလုံးကို လွှမ်းမိုးကာ အုပ်ချုပ်‌ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို အကောင် အထည် ဖော်လာနိုင်သည့် အခြေအနေကို ‌ရောက်ရှိလာခဲ့ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနကို ပြောသည်။

CRPH နဲ့ NUG က ခေါင်းဆောင်များကိုတွေ့ရစဉ်

၎င်းက “အဲဒါကတော့ အခုအခြေအနေမှာ ကျနော်တို့ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ကရင်နီပြည်နယ်က ဒေသ တစ်ခုလုံးရဲ့ ပြည်သူ့အုပ်ချုပ်ရေးကို လွှမ်းမိုးပြီးတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့ ကိစ္စတွေ ပေါ့ဗျာ၊ အဲဒါတွေကို အကောင်အထည် ဖော်လာနိုင်တဲ့ အခြေအနေကို ရောက်ရှိလာပြီလို့ ကျနော်တို့ ယူဆပါ တယ်။ အဲဒီလို အခြေအနေနဲ့ ကိုက်ညီစွာ ကျနော်တို့ ပြည်နယ်အစိုးရ တစ်ရပ်ဖွဲ့ဖို့ သူတို့အနေနဲ့ စီစဉ်တာ ဖြစ်ပါ တယ်။ အဲဒါကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် NUG က ချမှတ်ထားတာနဲ့ ကိုက်ညီတဲ့ အနေအထားတစ်ခု အဲဒါကြောင့် ဒါဟာ ကရင်နီပြည်နယ်ရဲ့ ထူးခြား အောင်မြင်တဲ့ တိုးတက်မှု တစ်ရပ်အဖြစ် ကျနော်တို့က ကြိုဆိုရ မှာ ဖြစ်ပါတယ် ခင်ဗျ” ဟု ပြောသည်။

လက်ရှိ ကရင်နီပြည်အစိုးရအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ ခူးဦးရယ်၊ ဒုဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) မှ ခွန်းဘီးထူး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ခူပလူးရယ်၊ အတွင်းရေးမှူး (၁) အဖြစ် ဇူးပဒုမ္မာ၊ အတွင်းရေးမှူး (၂) အဖြစ် ဗညားခွန်အောင် နှင့် ဘဏ္ဍရေးမှူး အဖြစ် မော်ဖိုးမြာတို့  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်က စတင် တာဝန်ယူခဲ့ကြကြောင်း သိရသည်။

ကယားပြည်နယ်အ၀င်ကိုတွေ့ရစဉ်  

ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ရည်ရွယ်ချက်များမှာ စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်ရန်၊ ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရန်၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီသည် ပြည်နယ်အတွင်းနှင့် ပြည်ထောင်စုအတွင်း နိုင်ငံရေးစနစ်သို့ အသွင် ကူးပြောင်းသွားနိုင်ရန် ပြည်ထောင်စု တစ်ဝှမ်းရှိ အင်အားစုအားလုံးနှင့်အတူ လက်တွဲကြိုးစား ကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများကြောင့် ကယား (ကရင်နီ) ပြည်နယ်တွင် မြန်မာ့တပ်မတော် နှင့် KNPP၊ KNDF မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။