CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၇
အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်တပ်များနှင့်သံတမန်များ ကသောင်းကနင်းဖြစ်ခဲ့မှုနှင့် တာလီဘန်တို့ကို ခုခံရန် ပျက်ကွက်ခဲ့သော ဂါနီအစိုးရအား အနောက်အုပ်စု ကျောထောက်နောက်ခံပေးမှုတို့အပေါ် ဝေဖန်ထိုးနှက်ချက်များ အရှိန် တက်လာချိန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ဆုံးဖြတ်ချက်ကို နှစ်ဆတိုးလိုက်ကြောင်း အိမ်ဖြူတော်မှ ပြောကြားလိုက်သည်။
“ကျနော့် ဆုံးဖြတ်ချက်နောက်မှ ကျနော် အခိုင်အမာရပ်တည်နေပါတယ်။ အနှစ် ၂၀ ကြာပြီးတဲ့အချိန်မှာ အမေရိကန်တပ်တွေ ဆုတ်ခွာဖို့ အချိန်ကောင်း မရခဲ့တာကို သင်ခန်းစာ ရခဲ့ပါတယ်” ဟု အိမ်ဖြူတော်မိန့်ခွန်းတွင် ဘိုင်ဒန်က ထည့်သွင်း ပြောကြား သွားခဲ့သည်။
တာလီဘန်စစ်သွေးကြွများ ကဘူးလ်မြို့ကို ဝင်ရောက်စီးနင်းနေစဉ် အမေရိကန်စစ်သားများက လေဆိပ်မှ ဘေးလွတ်ရာ ရွှေ့ ရန် ကသောင်းကနင်း ပြေးလွှားနေကြသည့် စိတ်ပျက်အားလျော့စရာ ပုံရိပ်များနှင့်ပတ်သက်၍ “ကျနော့်တာဝန်ကို မလွှဲရှောင် ပါဘူး” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
ဘေးလွတ်ရာသို့ ရွှေ့ခဲ့ရပြီး ဒုက္ခများခဲ့ပုံ ဝေဖန်ထိုးနှက်မှုများကို တုံ့ပြန်သောအားဖြင့် ဘိုင်ဒန်က “ ၉/၁၁ နောက်ပိုင်း အယ်လ်ကိုင်ဒါး အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေသည့် တာလီဘန်များကို ကနဦး အပြစ်ပေးရာမှ ဆွဲဆန့်လိုက်မိသော စစ်ပွဲတစ်ပွဲကို ရပ်တန့်နိုင်ရေး ဦးစားပေးလိုက်ခြင်းဖြစ်ကြောင်း” ဟု ပြောသည်။
“အာဖဂန်ကို စေလွှတ်တဲ့တာဝန်ဟာ ဘယ်တော့မှ တိုင်းပြည်တည်ဆောက်ရေးအတွက် မဟုတ်ဘူး” ဟု ဘိုင်ဒန်က ပြော လိုက်ပြီး အမေရိကန်တပ်များ အာဖဂန်မှ ပြန်ထွက်သွားသော်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများကိုမူ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
အမေရိကန်တပ်ဖွဲ့ဝင်များ၊ အာဖဂန်တွင် အလုပ်လုပ်ခဲ့သော အမေရိကန်နိုင်ငံသားများနှင့် အာဖဂန်လူမျိုးများကို လာမည့် ရက်ပိုင်းအတွင်း ဘေးလွတ်ရာ ပို့ဆောင်ပေးမှာဖြစ်ကြောင်း၊ ထိုကာလအတွင်း တာလီဘန်များ လာတိုက်လျှင် စစ်ရေးအရ တုံ့ပြန်ရန် အသင့်ရှိကြောင်း ဘိုင်ဒန်က ဆိုသည်။
၎င်းရပ်တည်ချက်က မှန်ကန်သည့် လမ်းကြောင်းပေါ်မှာ ရှိနေကြောင်း အခိုင်အမာ ပြောကြားလိုက်သည့် ဘိုင်ဒန်သည် အာဖဂန်အရေး ဝေဖန်ထိုးနှက်သံ ကျယ်လောင်လာသည့်အတွက် ယခု အိမ်ဖြူတော် မိန့်ခွန်းပြောရန် ဒေးဗစ်စခန်းမှာ အပန်းဖြေရာကနေ နာရီပိုင်းအတွင်း အိမ်ဖြူတော်သို့ ပြန်လာခဲ့ရသည်။
အာဖဂန်နစ္စတန်အရေးကိစ္စအတွက် အမေရိကန်က စေလွှတ် တာဝန်ပေးထားသူများ၏ ကံကြမ္မာကို ၎င်းတာဝန်ယူကြောင်း ဘိုင်ဒန် ပြောကြားခဲ့သော်လည်း ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ဝါရှင်တန်၏ အစီအစဉ်ဖြင့် အုပ်ချုပ်ခဲ့သော အာဖဂန်အစိုးရ ဟောင်းနှင့် စစ်ခေါင်းဆောင်ဟောင်းများကိုမူ ၎င်းက အပြစ်တင်ဝေဖန်ခဲ့သည်။
Source: Channel News Asia
#ဘိုင်ဒန် #ဘိုင်ဒင် #ဂျိုးဘိုင်ဒန် #Biden #Taliban #တာလီဘန် #US #Washington #ဝါရှင်တန် #ကဘူးလ် #ကာဘူးလ် #Kabu #CNImyanmar #cninews #ChannelNewsIndependent