CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၈
မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)၏ အာဖဂန်နစ္စတန်သို့ ကိုယ်ပိုင်ဖြန့်ကျက်မှုသည် အာဖဂန်စစ်ပွဲ စတင်စဉ်ကတည်းက အရှုံးနှင့် ရင်ဆိုင်ရပြီးဖြစ်ကြောင်း ဆိုဗီယက်သမ္မတဟောင်း မီခေးလ်ဂေါ်ဘာချော့က ဩဂုတ် ၁၇ ရက်တွင် ပြောကြောင်း ရိုက်တာ သတင်းတစ်ပုဒ်၌ တွေ့ရသည်။
အသက် ၉၀ အရွယ်ရှိပြီဖြစ်သည့် မီခေးလ်ဂေါ်ဘာချော့သည် ၁၉၈၉ ခုနှစ်က မော်စကို၏ ဆယ်စုနှစ်ကြာ မအောင်မြင်သော စစ်ဆင်ရေးအပြီး အာဖဂန်နစ္စတန်နိုင်ငံပိုင်နက်အတွင်းမှ ဆိုဗီယက်တပ်များ ဆုတ်ခွာမှုကို ကြီးကြပ်ခဲ့သည့် ကမ္ဘာ့ ခေါင်းဆောင် တစ်ဦးဖြစ်ကာ (အစိတ်စိတ် အမွှာမွှာပြိုကွဲခဲ့သော) ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးသမ္မတလည်း ဖြစ်သည်။
ထိုစဉ်က အာဖဂန်မြေပေါ်တွင် ဆိုဗီယက်တပ်များ ရှိနေခြင်းအပေါ် ဆိုဗီယက်ပြည်ထောင်စု ကိုယ်ပိုင်ဖြစ်တည်မှု ဆည်းဆာချိန် ရောက်လာချိန်ဝယ် အဖိုးတန် အရင်းအမြစ်များ ချွေတာမိခဲ့သည့် နိုင်ငံရေး အမှားတစ်ခုဟု မှတ်ယူကြောင်း မျက်မှောက် ကာလ၌ ဂေါ်ဘာချော့က ထုတ်ဖော်ပြောခြင်းဖြစ်သည်။
ပုံ- ဆိုဗီယက်သမ္မတဟောင်း ဂေါ်ဘာချော့ဗ်နဲ့ အမေရိကန်သမ္မတဟောင်း ရေဂင်တို့ကိုတွေ့ရစဉ်(ရိုက်တာ)
ဆိုဗီယက်ကျောထောက် နောက်ခံပေးထားသည့် အာဖဂန်နစ္စတန်ရှိ အာဏာပိုင်များသည် မော်စကိုမှ စေလွှတ်ထားသော တပ်များ ဆုတ်ခွာပြီး နောက်ထပ် ၃ နှစ်အထိ ရှင်သန်အုပ်ချုပ်နိုင်ခဲ့သေးသည်။ သို့သော် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီက ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် အာဖဂန်အာဏာပိုင်များကို အကူအညီဖြတ်တောက်ရန် မော်စကို၏ ဆုံးဖြတ်ချက်မှာ ပြန် လည် ပြုပြင်မရတော့ပေ။
ရုရှားနိုင်ငံမှ RIA သတင်းဌာနကို ကိုးကားလျက် ရိုက်တာက ဆက်လက်ရေးသားရာတွင် မျက်မှောက်ကာလ၌ နေတိုးနှင့် အမေရိကန်တို့သည်လည်း အာဖဂန်အရေးကိစ္စအတွက် အောင်မြင်ရန် နောက်ထပ် အခွင့်အလမ်း မရှိတော့သလို ၎င်းတို့၏ ကဘူးလ်စည်းရုံးရေးမှာ ဆိုးဆိုးရွားရွား လွဲမှားခဲ့ပြီဖြစ်ကြောင်း ဂေါ်ဘာချော့က ဝေဖန်လိုက်သည်။
“သူတို့ (နေတိုးနှင့်အမေရိကန်) ရှုံးနိမ့်တာကို စောစောစီးစီး ဝန်ခံသင့်တာဗျ။ အရေးကြီးတာက အခုဖြစ်ပျက်ခဲ့တဲ့ သင်ခန်းစာ ထဲက ဆွဲထုတ်ပြီး အလားတူအမှားမျိုး ထပ်မဖြစ်ဖို့ သေချာအောင် လုပ်ဖို့ပါပဲ” ဟု ဂေါ်ဘာချော့က RIA သတင်းဌာနသို့ ပြော သည်။
ပုံ- ဆိုဗီယက်သမ္မတဟောင်း ဂေါ်ဘာချော့ဗ်နဲ့ ရုရှားသမ္မတ ပူတင်တို့ကိုတွေ့ရစဉ်(ရိုက်တာ)
“ဒါဟာ (အမေရိကန်စည်းရုံးရေး)ရဲ့ ပထမအဆင့်မှာ ရုရှားက ထောက်ခံခဲ့ဖူးပေမယ့် အစကတည်းက မအောင်မြင်တဲ့ လုပ်ငန်း တစ်ခုပါ” ဟု ဂေါ်ဘာချော့က ဆက်ပြောသည်။
အမေရိကန်ဦးဆောင်သော အနောက်အုပ်စုသည် အခြားစီမံကိန်း အများအပြားတွင်လည်း ၎င်းတို့၏ ခြိမ်းခြောက်မှုကို ချဲ့ကား ပြောဆိုလေ့ရှိသော်လည်း ပထဝီဝင်နိုင်ငံရေး အတွေးအခေါ် သတ်မှတ်ချက်များ ညံ့ဖျင်းကြောင်း၊ လူမျိုးစုများစွာဖြင့် ဖွဲ့စည်း ထားသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ဒီမိုကရေစီဆန်အောင် လက်တွေ့မကျသည့် ကြိုးစားမှုတွေ ထပ်တလဲလဲ တိုးပေးခဲ့မိ ကြောင်း ဂေါ်ဘာချော့က မျက်မှောက်ကာလ အာဖဂန်အရေးကို သုံးသပ်ပြခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ဩဂုတ် ၁၅ ရက်က အမေရိကန်တို့အစီအစဉ်ဖြင့် အုပ်ချုပ်နေသော သမ္မတဟောင်း ဂါနီ ထွက်ပြေး သွားခဲ့ရပြီး တစ်နိုင်ငံလုံးကို တာလီဘန်စစ်သွေးကြွများက အောင်မြင်စွာ သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။
Source: Reuters
#ဂေါ်ဘာချော့ဗ် #အာဖဂန် #တာလီဘန် #Taliban #NATO #Soviet #ဆိုဗီယက် #မော်စကို #Gorbachev #Moscow #Afghanistan #political #mistake #နိုင်ငံရေးအမှား #CNImyanmar #cninews #ChannelNewsIndependent