CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၈
တိုက်ခိုက်မှုတစ်ခုကြောင့် ထိုင်ဝမ်သည် အာဖဂန်နစ္စတန်ကဲ့သို့ ပြိုလဲသွားမည်မဟုတ်ကြောင်း ထိုင်ဝမ်ဝန်ကြီးချုပ် စုတောင်ချမ်းက ဩဂုတ် ၁၇ ရက်တွင် ပြောကြားလိုက်ခြင်းဖြင့် အင်အားကြီးအိမ်နီးချင်းဖြစ်သူ တရုတ်ကို မိမိ ကျွန်းသိမ်းယူရေးအတွေးဖြင့် မလှည့်စားအောင် သွယ်ဝိုက်ပြီး သတိပေးလိုက်သည်။
ထိုင်ဝမ်ကျွန်းကို မိမိ၏ပိုင်နက်အဖြစ် ဒီမိုကရေစီနည်းလမ်းတကျအုပ်ချုပ်နေသည်ဟုဆိုသော တရုတ်သည် တိုင်ပေအပေါ် စစ်ရေးနှင့်သံတမန်ဖိအားများ တိုးမြှင့်နေပြီး တရုတ်အချုပ်အခြာအာဏာကို လက်ခံလာအောင် လုပ်ဆောင်နေခြင်းကြောင့် ဝါရှင်တန်နှင့်အခြားအနောက်အုပ်စုမြို့တော်များအတွက် စိုးရိမ်စရာဖြစ်စေကြောင်း Channel News Asia က ရေးသားဖော်ပြသည်။
အမေရိကန်တပ်များ ဆုတ်ခွာပြီးနောက် အာဖဂန်အစိုးရပြုတ်ကျခဲ့သည့်ဂယက်သည် ထိုင်ဝမ်ကျွန်းသို့ ရိုက်ခတ် လာခဲ့ပြီး အကယ်၍ တရုတ်ကျူးကျော်မှု ရှိလာလျှင် ဘာတွေဆက်ဖြစ်မလဲ၊ အမေရိကန်က ထိုင်ဝမ်ကို ကာကွယ်ဖို့ ကူညီမှာလား စသည့်ဖြင့် မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။
အကယ်၍ အာဖဂန်နစ္စတန်ကဲ့သို့ ရန်သူများ တံခါးဝရောက်လာချိန်တွင် သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ် ထွက်ပြေးမှာလားဆိုသည့်မေးခွန်းကို ဝန်ကြီးချုပ်စုက “ထိုင်ဝမ်သည် စစ်အုပ်ချုပ်ရေးဖြင့် အာဏာရှင် အောက်နေခဲ့ရစဉ်ကလည်း မိမိတို့ပြည်သူများ အဖမ်းခံရခြင်းကိုရော သေခြင်းကိုပါ မကြောက်ရွံ့ခဲ့ကြောင်း” တုံ့ပြန်ဖြေကြားခဲ့သည်။
“ဒီနေ့အချိန်အခါမှာ ထိုင်ဝမ်ကို အင်အားသုံး ဝါးမျိုချင်တဲ့နိုင်ငံတွေရှိသလို ကျနော်တို့လည်း အသတ်ခံရမှာ၊ ထောင်ချခံရမှာ မကြောက်ပါဘူး။ ကျနော်တို့ ဒီနိုင်ငံနဲ့ ဒီမြေကို ကာကွယ်ရမယ်။ ရန်သူရဲ့ဂုဏ်သိက္ခာကို ရှေ့တန်းတင်ပြီး ကျနော်တို့ဆုံးဖြတ်ချက်ကို နှိမ်နှိမ်ချချပြောတတ်တဲ့လူတချို့လို မဖြစ်စေရပါဘူး” ဟု ဝန်ကြီးချုပ် စုတောင်ချမ်းက ပြောကြားသည်။
“နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးမငြိမ်သက်မှုကို ပြင်ပမှ အကူအညီမယူဘဲ အပြောင်းအလဲလုပ်နိုင်ခဲ့သည်ကို အာဖဂန်အဖြစ်အပျက်က ပြသနေကြောင်း၊ ထိုင်ဝမ်သားများအနေဖြင့် မိမိတို့မြေအပေါ် စိတ်ချယုံကြည်စွာဖြင့် ခုခံကာကွယ်နိုင်ကြောင်း” ဝန်ကြီးချုပ် စုတောင်ချမ်းက ထပ်လောင်းပြောကြားခဲ့သည်။
မကြာသေးမီက COVID-19 ပြည်တွင်းကူးစက်မှုနှုန်းကျဆင်းလာအောင် အားလုံးအတူတကွ လုပ်ဆောင်ခဲ့ကြခြင်း သည် ထိုင်ဝမ်အနေဖြင့် စည်းလုံးညီညွတ်မှုရှိသည့်အခါ အောင်မြင်မှုရခဲ့ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ထိုင်ဝမ်ကို ကျူးကျော်ချင်တဲ့ နိုင်ငံခြားတပ်တွေကိုလည်း ထိုင်ဝမ်ကို သိပ်စိတ်ကူးယဉ်မနေပါနဲ့လို့လည်း ကျနော်တို့ပြောပါတယ်” ဟု ဝန်ကြီးချုပ်စုတောင်ချမ်းက တရုတ်ကို ရည်ညွှန်းပြီး ဆိုသည်။
အခြားနိုင်ငံများနည်းတူ အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးမရှိသော်လည်း ထိုင်ဝမ်အတွက် အရေးပါဆုံး နိုင်ငံတကာထောက်ပံ့သူနှင့်လက်နက်ရောင်းချပေးသူဖြစ်သည်။ သို့ရာတွင် ထိုင်ဝမ်ကို တရုတ်ဝင်တိုက်ပါက အမေရိကန် ဝင်မကူနိုင်မည်ကို စိုးရိမ်မှုများ တိုးလာနေသည်။
ထိုင်ဝမ်သမ္မတ ဆိုင်ယင်ဝမ်သည် ပြည်တွင်းလက်နက်ထုတ်လုပ်ရေးအားဖြည့်နေပြီး ထိုင်ဝမ်ကို ကျူးကျော်ခဲ့ပါက အတတ်နိုင်ဆုံး အဆင့်မြင့်မိုဘိုင်းလက်နက်များတပ်ဆင်ထားသော ခေတ်မီစစ်တပ်တစ်ခုဖြစ်စေရန် ကြီးကြပ်လုပ်ဆောင်နေသည်။
Source: Channel News Asia, Reuters
#ထိုင်ဝမ်
#အမေရိကန်
#အာဖဂန်နစ္စတန်
#သံတမန်
#တရုတ်
#cninews
#CNIMyanmar
#ChannelNewsIndependent