CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၉

အာဖဂန်နစ္စတန်မှ နေတိုးတပ်ဖွဲ့များ ထွက်ခွာသွားပြီးနောက် တူရကီက ကဘူးလ်လေဆိပ်စီမံကိန်းလုပ်ငန်းများ ရပ်နားလိုက်သော်လည်း တာလီဘန်များ တောင်းဆိုလာလျှင် ဆက်လက်ကူညီပေးဖို့ အသင့်ရှိနေကြောင်း တူရကီ သတင်းရင်းမြစ်နှစ်ခုထံမှ သိရှိခဲ့ရသည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံထဲတွင် ၎င်းတပ်ဖွဲ့ဝင်အင်အား ၆၀၀ ခန့်ရှိနေသော တူရကီသည် အခြားနေတိုးအဖွဲ့ဝင် နိုင်ငံများ ပြန်ရုတ်သိမ်းပြီးနောက် ကဘူးလ်လေဆိပ်ကို စောင့်ရှောက်ရန်နှင့်ကွပ်ကဲရန် ကမ်းလှမ်းခဲ့ပြီး ယခင် အာဖဂန်သမ္မတဟောင်း ဂါနီအစိုးရနှင့်ဝါရှင်တန်တို့ကို တူရကီအနေဖြင့် အသေးစိတ်ဆွေးနွေးနေဆဲ၌ တာလီဘန် များက ကဘူးလ်ကို ဝင်ရောက်စီးနင်းခဲ့သည်။

ဩဂုတ် ၁၅ ရက်က သမ္မတဂါနီ ထွက်ပြေးသွားပြီး နောက်နှစ်ရက်အကြာတွင် တူရကီ၏လေဆိပ်စီမံကိန်းလုပ်ငန်း များ ကမောက်ကမဖြစ်သွားခဲ့ရပြီး ကဘူးလ်လေဆိပ်တွင် လူစုလူဝေးဖြင့် ရှုပ်ယှက်နေခဲ့ကာ တာလီဘန်များက လေဆိပ်ကိစ္စဖြင့် တူရကီတပ်ဖွဲ့များကို အာဖဂန်တွင် ဆက်မထားရန် သတိပေးခဲ့သည်။

“တာလီဘန်တွေက အကူအညီတောင်းရင် တူရကီက လေဆိပ်လုံခြုံရေးနဲ့နည်းပညာပံ့ပိုးမှု ပေးနိုင်ပါတယ်” ဟု တူရကီအစိုးရဘက်မှ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

တူရကီပြည်တွင်းအတိုက်အခံပါတီများက လက်ရှိအစိုးရ၏အစီအစဉ်များကို ပြစ်တင်ဝေဖန်ခဲ့ပြီး လေဆိပ် စီမံကိန်းကဲ့သို့ မစ်ရှင်မျိုးသည် တူရကီစစ်သားများကို အန္တရာယ်ဖြစ်စေပြီး အကြမ်းဖက်မှုအရှိန်မြင့်နေချိန် တူရကီတပ်များ အာဖဂန်မှ အဆောတလျင်ဆုတ်ခွာရန် တိုက်တွန်းခဲ့သည်။ သို့သော် တူရကီသမ္မတ အာဒိုဂန်က အာဖဂန်တိုက်ပွဲများ အဆုံးသတ်စေရေး ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် တာလီဘန်များကို မိမိတွေ့ဆုံနိုင်ကြောင်း ယခင်သီတင်းပတ်ကတည်းက ပြောကြားထားပြီးဖြစ်သည်။

Source: Reuters

#တာလီဘန်

#ကဘူးလ်

#တူရကီ

#ဂါနီအစိုးရ

#လေဆိပ်စီမံကိန်း

#လေဆိပ်လုံခြုံရေး

#cninews

#CNIMyanmar

#ChannelNewsIndependent