CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၉

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာရယူပြီးသည့်နောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ ပြည်သူတစ်ရပ်လုံးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစ်သားတည်း ရှိနေချိန်တွင် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ရန် အကောင်းဆုံး အခွင့်အလမ်းဟု ယူဆကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက ဆိုသည်။

လက်ရှိအခြေအနေသည် တစ်တိုင်းပြည်လုံး အဆိုးဆုံးကို ရင်ဆိုင်နေရပြီး တော်လှန်ရေးအဖွဲ့အစည်းများသာမက ပြည်သူတစ်ရပ်လုံးလည်း အလူးအလဲခံစားနေရသည်ဟု ၎င်းက ဆိုသည်။

“ဒီ စစ်အာဏာသိမ်းတဲ့ နောက်ဆက်တွဲအနေနဲ့ ရောဂါဘယဘေးတွေ၊ စီးပွားရေးကျပ်တည်းမှုတွေရော စစ်ရေးတွေရော အကုန်လုံးကြုံဆုံနေရတယ်ဆိုတော့ ဒါတွေက ဘာဘဲပြောပြော အဆိုးထဲက အကောင်းလို့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူတစ်ရပ်လုံးနဲ့ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးက ဒီအချိန်မှာက တစ်သားတည်းကျပြီးတော့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကောင်းတဲ့အခွင့်အရေးလို့ဘဲ ကျနော်တို့ မြင်ပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ယခုအချိန်တွင် ငြိမ်းချမ်းရေးကို ဆွေးနွေး၍ မရကြောင်း အကြမ်းဖက်သည့်နည်းဖြင့် ပြဿနာကို ဖြေရှင်းနေသည့် အဖွဲ့အစည်းများနှင့် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးသွားမှာ မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူများနှင့် ပူးပေါင်းသွားပြီး အာဏာရှင်စနစ် ဖြုတ်ချနိုင်ရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ၂၀၁၁ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ (၁၀) နှစ် အတွင်းမှာ ကြီးကြီးမားမား ပြောင်းလဲမှုများ တွေ့ရှိရပြီး ဦးသိန်းစိန်အစိုးရက စလိုက်သည့် ပြောင်းလဲမှုဖြစ်ပြီး NLD လက်ထက်မှာတော့ ငြိမ်းချမ်းရေး ထင်သလောက် မလုပ်ဆောင်နိုင်ခဲ့ကြောင်း ဆိုသည်။

“NLD လက်ထက်မှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ထင်သလောက်မပေါက်ဘူး။ ဘာကြောင့်လဲဆိုတော့ ဦးသိန်းစိန်အစိုးရတုန်းက အစိုးရ၊ ပါတီနဲ့ တပ်နဲ့က တစ်သားတည်းဖြစ်နေတော့ နည်းနည်းလေး ဘာလုပ်လုပ် တက်ညီလက်ညီ ရှိတာပေါ့ဗျာ။ NLD အစိုးရလက်ထက်ရောက်တော့ တက်ညီလက်ညီမရှိဘူး။ NLD က တစ်ခုခုလုပ်ချင်တယ်ဆိုရင် တပ်က ကပ်ပျက်ရပ်ပျက်ပြောရမလား။ မဖြစ်ဘူးပေါ့ဗျာ။” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထင်သလောက် မပေါက်ခြင်းမှာလည်း တပ်မတော်၊ အစိုးရနှင့် မိမိတို့ EAO များ ညှိနှိုင်းသဘောတူမှုအပိုင်းတွင် အခက်အခဲများ ဖြစ်နေခြင်းကြောင်းဟု ၎င်းကဆိုသည်။

၂၀၁၁ ခုနှစ် ဩဂုတ် (၁၈) ရက်တွင် ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို ကမ်းလှမ်းခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၈ တွင် (၁၀) နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

၎င်း ကမ်းလှမ်းချက်နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၁၀)ဖွဲ့မှ အပစ်အခတ်ရပ်စဲရေး Bilateral မှ တဆင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

သို့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲရလဒ်မှာ တိုးတက်မှု နှေးကွေးနေခဲ့ပြီး တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ခေါင်းပြူမထွက်ဘဲ ဆွေးနွေးမှုများ အဆင်မပြေခဲ့ဟု ပဒိုစောတောနီးက ဆိုသည်။

“တွေ့ဆုံဆွေးနွေးမှု အဓိအားဖြင့် NLD ဗဟိုအုပ်ချုပ်တဲ့ ၄၊ ၅ နှစ်အတွင်းမှာတော့ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတော့ ၃၊ ၄ ကြိမ်ပေါ့နော်။ ၂၁ ရာစု ပင်လုံခေါ်တယ်။ အဲတာပေါ့နော်။ အဲလိုအနေအထားမှာ အခက်အခဲတွေ အများကြီးတွေ့ရပါတယ်။ နိုင်ငံရေးစိတ်ဆန္ဒမရှိတာကို သွားတွေ့ရတယ်။ အထူးအဖြင့် စစ်တပ်ပိုင်းကပေါ့။ စစ်တပ်ပိုင်းကရယ် အထူးသဖြင့် ဒါက သိသိသာသာကြီးပါ။ ဘာပဲဆွေးနွေး ဆွေးနွေး ဘာသွားတွေ့ရလဲဆိုတော့ အဖြေတစ်ခုကို ရဖို့ထက် ၂၀၀၈ အခြေခံဥပဒေကနေပြီးတော့ ခေါင်းမပြူထွက်ဘဲနဲ့ အဲကနေဘဲ ကုတ်ကတ်နေတော့ လာသမျှ ဆွေးနွေးမှုကို ပယ်ချတဲ့ဟာကိုလည်း ကျနော်တို့ ကြုံခဲ့ရပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်များအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို ရပ်ဆိုင်းထားကြောင်း အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ကြေညာထားသည်။

 

#NCA 

#နိုင်ငံရေးဆွေးနွေးပွဲ

#ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ

#ကရင်အမျိုးသားအစည်းအရုံး (KNU)

#cninews

#CNIMyanmar

#ChannelNewsIndependent

#စစ်အာဏာရှင်စနစ်