CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၇

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ပါတီတည်ထောင်ခြင်း နှစ်(၅၀)ပြည့် အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်တွင် အာဏာရှင်စနစ်အလုံးစုံပပျောက်ရေးကို ရှေ့ဆက်လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက်များမှာ ထည့်သွင်းဖော်ပြခဲ့သည်။

ဩဂုတ်လ (၁၆) ရက်တွင် ကျရောက်သည့် SSPP ပါတီ တည်ထောင်ခြင်း နှစ်(၅၀) အထိမ်းအမှတ်ကို ၎င်းတို့၏ ဌာနချုပ်တည်ရှိရာ ဝမ်းဟိုင်းတွင် ကျင်းပခဲ့သည်။

“ရှေ့ဆက်လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက်များမှာ အာဏာရှင်စနစ် အလုံးစုံပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွန်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ရှိသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးတို့ဖြစ်ပါတယ်” ဟု SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ရှမ်းတိုင်းရင်းသားအချင်းချင်းနှင့် ရှမ်းပြည်ရှိ တိုင်းရင်းသားလူမျိုးများ၊ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများအချင်းချင်း ညီညွတ်ရေးအတွက် SSPP မှ အားသွန်ခွန်စိုက် ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က SSPP အနေနှင့် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်လာသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် သူတို့ကြိုးပမ်းတာဟာ သဘာဝကျသည်ဟု ဆိုသည်။

“သူတို့က တစ်လျှောက်လုံး ဖက်ဒရယ်အရေး၊ အခွင့်အရေးအတွက် တိုက်ပွဲဝင်လာခဲ့တဲ့ အဖွဲ့အစည်းဖြစ်တာကိုး။ သူတို့အနေနဲ့ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် တောင်းဆိုတာ၊ ကြိုးပမ်းတာဟာ သဘာဝကျတဲ့ ကိစ္စတွေပါ။ သူ့သမိုင်းမှာတော့ အကွေ့အကောက်တွေ ရှိတာပေါ့။ ကာလတစ်ခုမှာ ရှမ်းသမ္မတနိုင်ငံထူထောင်ရေးတို့ ကာလတစ်ခုတော့ ရှိခဲ့တာပေါ့။

သို့သော်ငြားလည်း သူ့ရဲ့ အခြေခံဦးတည်ချက်ကတော့ ဖက်ဒရယ်နိုင်ငံထူထောင်ရေးအတွက် လုံးပန်းတိုက်ခိုက်ခဲ့တာပါ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

SSPP အနေနှင့် ခေတ်မီတိုးတက်သည့် သဘောတရားအယူအဆနှင့် တော်လှန်ရေးအာဇာနည်စိတ်ဓါတ်ကို အရင်းတည်ပြီး လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို အခြေခံသည့် ပါတီမဟုတ်ဘဲ မူဝါဒရေးရာကို အခြေခံသည့် ပါတီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သဘောတရားနှင့် လက်တွေ့ပေါင်းစပ်ခြင်း၊ လူထုလမ်းစဉ်ကို လေးစားလိုက်နာခြင်း၊ မိမိကိုယ်ကို ဆန်းစစ်ဝေဖန်ခြင်းနှင့် အခြားသူများကို ဝေဖန်ဆန်းစစ်ခြင်း၊ ဗဟိုချုပ်ကိုမှုရှိသော ပါတီဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် SSPP ပါတီသည် ဒီမိုကရေစီနှင့် လွတ်လပ်၍ စည်းစနစ်ရှိခြင်း၊ လူတစ်မျိုးတည်းအခြေခံသည့် ပါတီမဟုတ်ဘဲ ပြည်နယ်ကို အခြေခံသော ပါတီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံရေးရည်မှန်းချက်ရောက်ရှိရန် ကြိုးစားဆောင်ရွက်နေစဉ်အတွင်း ပြည်သူများကို ကျေးဇူးဆပ်သည့် အနေဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများဖြစ်သော ပညာရေး၊ သာသနာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးတို့အပြင် မူးယစ်ဆေးဝါးပပျောက်ရေးတို့ကိုလည်း လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၉၇၁ ခုနှစ် ဩဂုတ် ၁၆ ရက်နေ့တွင် SSPP ကို တည်ထောင်ခဲ့ပြီး ပထမဆုံး ညီလာခံကို ကျင်းပခဲ့ကာ လက်ရှိတွင် ဒုတိယဗိုလ်ချုပ်ကြီး စဝ်ပန်ဖ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်စဝ်ခွန်ဆိုင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

SSPP သည် ရှမ်းပြည်မြောက်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်ထားရှိကာ သီပေါ၊ ကျောက်မဲ၊ မိုင်းရှုး၊ နမ့်ခမ်း၊ ခိုလမ်၊ ကျေးသီး၊ တန့်ယန်း၊ လားရှိုးနှင့် မုန်းယိုင်မြို့နယ်များမှာ လှုပ်ရှားလျက်ရှိသည်ဟု သိရသည်။

SSPP သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်မရေးထိုးသေးပဲ ထိုးနိုင်ရန် ဆွေးနွေးနေဆဲ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

#အာဏာရှင်စနစ်

#ရှမ်းပြည်မြောက်ပိုင်း

#ကျေးသီးမြို့နယ်

#SSPP

# ဦးသန်းစိုးနိုင်

# ရှမ်းပြည်တပ်မတော် (SSPP/SSA)

#CNINews

#CNIMyanmar

#ChannelNewsIndependent