CNI News

၂၀၂၁ခုနှစ်၊ သြဂုတ် ၁၇

ယနေ့ (သြဂုတ် ၁၇) နံနက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ နယ်၊ ပန်ကွမ်ရွာဟောင်းမှာ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)- ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP) ပူးပေါင်းတပ်ဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ပန်ကွမ်ရွာဟောင်းမှ ဒေသခံအချို့၏ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ဒေသခံ အချို့ ဒဏ်ရာများ ရရှိကြောင်း၊ တိုက်ပွဲပိုမို ပြင်းထန်လာနိုင်သည့်အတွက် တခြားသော ကျေးရွာများသို့ တိမ်းရှောင်နိုင်ရေးလုပ်နေ သည့်တိုင် ရွာအတွင်း ပိတ်မိနေကြကြောင်း သိရသည်။

ထိုတိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များမှ တာ၀န်ရှိသူများထံ CNI သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် သျှမ်းပြည်တပ်မတော် RCSS နှင့် TNLA -SSPP တို့အကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ် ကြောင်း သိရသည်။

ထို့နောက် ကျောက်မဲမြို့နယ်၊ ဟူးဆွန်အုပ်စု၊ ပန်စန်ကျေးရွာဘက်မှာလည်း တိုက်ပွဲများ ဖြစ်ပွားနိုင်ခြေရှိနေပြီး စစ်ရေး တင်းမာလာနေခြင်းကြောင့် ရွာမှ လူဦးရေ ၁၀၀ ကျော်သည် သြဂုတ် ၁၅ ရက်နေ့က ကြူရှော (မြောက်ရွာ)သို့ ထွက်ပြေး လာခဲ့ကြကြောင်း သိရသည်။

ဟူးဆွန်အုပ်စု၊ ပန်စန်ကျေးရွာသည် RCSS စခန်းနှင့် နီးသည့်အတွက် ဒေသခံများက တိုက်ပွဲဖြစ်သည့်အခါတွင် ထွက်ပြေးရ ခက်မည်ကို စိုးရိမ်သောကြောင့် တိုက်ပွဲ မဖြစ်သေးခင် ယခုကဲ့သို့ ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း ကြူရှော (မြောက်ရွာ) တွင် နေထိုင်သူ ကိုတင်(အမည်လွှဲ) က CNI သတင်းဌာနသို့ ပြောသည်။

ကြူရှော (မြောက်ရွာ)တွင် နေထိုင်သူ ကိုတင်(အမည်လွှဲ) က “ရွာလုံးကျွတ်က ဒီမှာ စစ်ရှောင်နေပြီး လာနေနေတယ်။ သူတို့ က တိုက်ပွဲမဖြစ်သေးဘူး။ ဒါပေမယ့် အခြေအနေတွေက ကြည့်လိုက်ရင် တိုက်ပွဲဧရိယာက ပိုကျယ်လာနိုင်တယ်။ အခု လက်နက်ကြီးသံကတော့ ကျနော်တို့ ရွာကနေ တနေကုန်ကြားရတယ် တဝုန်းဝုန်းနဲ့” ဟု ဆိုသည်။

ထိုထွက်ပြေး တိမ်းရှောင်လာသည့် ဒေသခံ ရွာသားများအား ကြူရှော (မြောက်ရွာ)က ဘုန်းကြီးကျောင်းရှိ ဇရပ်များတွင် နေထိုင်နိုင်ရေး လုပ်ပေးထားကြောင်း၊ လက်ရှိတွင် စားဝတ်နေရေး အဆင်ပြေသော်လည်း ရက်ရှည်မည်ဆိုပါက အခက်အခဲ များ ရှိလာနိုင်ကြောင်း ကြူရှော (မြောက်ရွာ)၌ နေထိုင်သူ ကိုတင်(အမည်လွှဲ)က ပြောသည်။

သြဂုတ် ၁၆ ရက်နေ့က ကြက်ခြေနီအသင်းမှ ၎င်းတို့အား အိမ်ထောင်စု တစ်စုလျှင် စောင် ၁ ထည်၊ ဖျာ ၁ ချပ်စီ ပေးထား ကြောင်း သိရသည်။

RCSS သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်ဖြစ်ပြီး TNLA နှင့် SSPP တို့ကမူ NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သည်။သို့သော် TNLA-SSPP သည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့၀င်များဖြစ်ကြသည်။

RCSS နှင့် TNLA- SSPP ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများသည် ၂၀၁၅ ခုနှစ်၊ နို၀င်ဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက် ပိုင်း၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ သိန်းနီ စသည့် မြို့နယ်များအတွင်း နယ်မြေ အငြင်းပွား ကာ တိုက်ပွဲများ ယနေ့ထိတိုင် မကြာခဏ ဖြစ်ပွားလျက်ရှိနေကြသည်။

#RCSS

#SSPP

#TNLA

#တိုက်ပွဲ

#နယ်မြေအငြင်းပွား

#ရှမ်းပြည်နယ်မြောက်ပိုင်း

#ပြည်သူ

#ထိခိုက်

#နေရပ်စွန့်ခွာ

#NCA

#FPNCC

#CNImyanmar

#cninews

#ChannelNewsIndependent