CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၇

တာလီဘန်တို့၏လုပ်ရပ်ကို အာဖဂန်နစ္စတန်ဆိုင်ရာ ရုရှားသံအမတ်က ဩဂုတ် ၁၆ ရက်တွင် ချီးကျူးလိုက်ပြီး မိမိတို့ရုရှားနိုင်ငံတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရဆဲအဖွဲ့က ကဘူးလ်မြို့ကို ယခင် သမ္မတဟောင်းဂါနီထက် အာဏာရပြီး ပထမဆုံး ၂၄ နာရီအတွင်း ပိုမိုစိတ်ချလုံခြုံစေခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

“အခြေအနေကတော့ အေးအေးချမ်းချမ်းပါပဲ။ ကဘူးလ်မြို့ထဲမှာ တော်တော်လေး ငြိမ်သွားပြီ။ အခု တာလီဘန်တွေလက်အောက်က ကဘူးလ်အခြေအနေက သမ္မတဟောင်း ဂါနီလက်ထက်ကထက် ပိုကောင်းနေတယ်ဗျ” ဟု မော်စကို၏ အက်ဟိုမိုစကီရေဒီယိုအသံလွှင့်ဌာနနှင့် စကားပြောစဉ် ရုရှားသံအမတ် ဒီမီထရီဇာနော့ဗ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားသည် အာဖဂန်နစ္စတန်နိုင်ငံရေးမတည်ငြိမ်မှုများကို အာရှအလယ်ပိုင်းသို့ မပျံ့နှံ့စေရန် ထိန်းကွပ် နေဆဲဖြစ်သည်။ ယခင် ဆိုဗီယက်အုပ်စုဝင်နိုင်ငံများ၏အစိတ်အပိုင်းအသီးသီးကို ရုရှားက ၎င်း၏ နောက်ဖေးပေါက်အဖြစ် သတ်မှတ်ထားသည်။ သို့သော် ရုရှားကို အခြားအစွန်းရောက်စစ်သွေးကြွများက ပစ်မှတ်ထားခြင်း လတ်တလော မတွေ့ရသေးပေ။

အာဖဂန်နယ်မြေထဲမှာ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသားများကို အမေရိကန်တပ်ဖွဲ့ဝင်များက ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေဆဲမှာပင် တာလီဘန်များက ပြည်တွင်းရေးကို စီးစီးပိုင်ပိုင် ထိန်းချုပ်နိုင်ခဲ့သည့် အတွက် တခြားနိုင်ငံများနည်းတူ ရုရှားက အံ့အားသင့်ခဲ့ရသည်။

အာဖဂန်ဆိုင်ရာ ရုရှားသံအမတ် ဒီမီထရီဇာနော့ဗ်၏ သဘောထားမှတ်ချက်သည် တာလီဘန်များကို တရားဝင် အုပ်ချုပ်သူများအဖြစ် လက်ခံကြောင်းနှင့် တာလီဘန်-ရုရှားဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိနေကြောင်း ထင်ဟပ်ပြသနေသည်။ ၁၉၈၉ ခုနှစ်ကတော့ သဘောထားတင်းမာသည့်အစွန်းရောက်အုပ်စုကို မော်စကိုက တရားဝင်အုပ်ချုပ်သူများအဖြစ် အသိအမှတ်ပြုရန် ယခင်ဆိုဗီယက်တပ်များ အာဖဂန်မြေပေါ်မှ မရုပ်သိမ်းမီအထိ ကြိုးပမ်းခဲ့သော်လည်း အရာမထင်ခဲ့ပေ။

ရုရှားသံအမတ် ဒီမီထရီဇာနော့ဗ်က “တာလီဘန်တို့၏အပြုအမူကို ယခုအချိန်အထိ စွဲမှတ်ထားကြောင်းနှင့် ၎င်းတို့ချဉ်းကပ်ပုံများကို ကောင်းမွန်ခြင်း၊ အပြုသဘောဆောင်ခြင်း၊ စီးပွားရေးဆန်ခြင်းဟု နားလည်မိကြောင်း” သဘောထားမှတ်ချက်ပေးခဲ့သည်။

တိုင်းပြည်သွေးမြေကျမှုမှ ကာကွယ်လိုကြောင်းဟု ဆိုခဲ့သည့် ဂါနီသည် ဩဂုတ် ၁၅ ရက်က အာဖဂန်မှ ထွက်ပြေးသွားခဲ့ပြီး ယခု မည်သည့်နေရာ ရောက်ရှိနေမှန်း မသိရသေးပေ။

လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော တာလီဘန်အဖွဲ့သားများက ကဘူးလ်မြို့တော်အတွင်း ဝင်ရောက်လှည့်လည်ခဲ့ပြီး ယခင်အစိုးရနှင့်အမေရိကန်တပ်ဖွဲ့များ လက်နက်ချရန် လိုက်လံတောင်းဆိုခဲ့သည်။

ဂါနီထွက်ပြေးသွားပြီး နာရီပိုင်းအတွင်းမှာပင် တာလီဘန်တပ်ဖွဲ့ဝင်များက ကဘူးလ်မြို့တော်ကို စီးနိုင်ခဲ့ကာ ညဘက်လမ်းမထွက်ရ (ကာဖြူး) အမိန့်ထုတ်ခဲ့သည်။

Source: Channel News Asia

#တာလီဘန်

#ကဘူးလ်

#လက်နက်ကိုင်

#အမေရိကန်

#ရုရှား

#အာဖဂန်နစ္စတန်

#မော်စကို

#cninews

#CNIMyanmar

#ChannelNewsIndependent