CNI International News

ပြုံယမ်း၊ ဧပြီ ၂၆

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ဧပြီ ၂၅ ရက် ညပိုင်း ကျင်းပသည့် စစ်ရေးပြအခမ်းအနားတွင် အရေးကြီးသောမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာတွင် ၎င်းနိုင်ငံ၏ နျူကလီးယားလက်နက်စွမ်းရည် မြှင့်တင်သွား မည်ဟု ထည့်သွင်းပြောကြားသွားခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတကာက တားမြစ်ထားသော တိုက်ချင်းပစ်ဒုံးကျည် (ICBMs) ကိုလည်း မြောက်ကိုးရီးယားလက်နက်ကိုင်တပ်ဖွဲ့များ တည်ထောင်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထုတ်ဖော်ပြသ ခဲ့သည်။

မတ်လတွင် မြောက်ကိုရီးယားသည် ၎င်း၏အကြီးဆုံး ICBM ကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စမ်းသပ်ခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် နိုင်ငံတကာအသိုင်းအဝန်းက ၎င်းကို ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြသည်။

စမ်းသပ်မှုအပြီးတွင် အမေရိကန်သည် ၎င်းနိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့သည်။

နျူကလီးယားလက်နက်များ ထည့်သွင်းပစ်လွှတ်ရန်အတွက် ဒီဇိုင်းထုတ်ထားသည့် အဆိုပါ ICBM များသည် မြောက်ကိုရီးယား၏တိုက်ခိုက်နိုင်မှု အကွာအဝေးအနေဖြင့် အမေရိကန်နိုင်ငံ၏ အလယ်ပိုင်းအထိ ထိမှန်နိုင်သည်။

“ကျနော်တို့ဟာ နိုင်ငံရဲ့နျူကလီးယား စွမ်းရည်ကို အမြန်ဆုံး အရှိန်အဟုန်နဲ့ အားကောင်းခိုင်မာစေရန် ဆက်လုပ် သွားမယ်” ဟု ကင်မ်က ပြောကြားခဲ့ပြီး ၎င်းတို့၏နျူကလီးယားတပ်ဖွဲ့များသည် အချိန်မရွေးအသင့် ရှိရမည်ဟု မှာကြားခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) သတင်းအရ သိရသည်။

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များသည် အခြေခံအားဖြင့် စစ်ပွဲ ဟန့်တားရေးကိရိယာ တစ်ခု ဖြစ်သော်လည်း အခြားနည်းလမ်းများအတွက်လည်း အသုံးပြုနိုင်ကြောင်း၊ ထိပါးလာပါက ပြန်လည်တိုက်ခိုက် မည်ဟု ယခင်ပြောခဲ့ဖူးသောအချက်များကို ယခု ထပ်လောင်းပြောကြားလိုကြောင်း ကင်မ်ဂျုံအန်းက သတိပေးခဲ့သည်။

ချီတက်ပွဲအတွင်း ပြသထားသည့် လက်နက်များထဲတွင် Hwasong-17 ပါဝင်ကြောင်း မြောက်ကိုရီးယားမီဒီယာမှ ထုတ်ပြန်သည့် ချီတက်ပွဲသတင်းဓာတ်ပုံများအရ သိရသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် မတ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အထူးကြီးမားသော ICBM ကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း အခိုင်အမာ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယင်းသို့ မြောက်ကိုရီးယား၏ စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့ခြင်းအပေါ် တောင်ကိုရီးယားကျွမ်းကျင်သူများက မေးခွန်းထုတ်ခဲ့ကြသည်။

Source: BBC