CNI International News

နယူးယောက်၊ ဧပြီ ၂၆

ကုလသမဂ္ဂ (UN) အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် အကျပ်အတည်းကို စီမံခန့်ခွဲရာ၌ UN အခန်းကဏ္ဍ အကန့်အသတ် ရှိနေခြင်းအပေါ် အပြစ်တင် ဝေဖန်ခံနေရသော်လည်း ရုရှားနှင့်ယူကရိန်းနိုင်ငံများသို့ ၃ ရက်ကြာ ခရီး စဉ်ကို ယနေ့(ဧပြီ ၂၆ ရက်) စတင်ပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ရုရှား၏ ကျူးကျော်စစ် စတင်ပြီး ၃ လအကြာတွင် UN အေဂျင်စီများသည် ယူကရိန်းအရှေ့ပိုင်းရှိ ဝိုင်းရံပိတ်ဆို့ ခံထားရသော အရပ်သားများထံ လူသားချင်း စာနာမှု အကူအညီများပေးနိုင်ဖို့ မနည်းရုန်းကန် နေခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသည့် UN လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ ဦးတွင် ရုရှား ပါဝင်နေခြင်း ကြောင့် ယခုစစ်ပွဲအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ မအောင်မြင်ခဲ့ပေ။

ဂူတာရက်စ်သည် လူသားချင်း စာနာမှုနယ်ပယ်တွင် UN ၏ အစပျိုးမှုကို ပြန်လည် အသက်ဝင်လာစေဖို့ ယခုခရီးစဉ်ကို အသုံး ချလိုကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြသည်။

“အထူးသဖြင့် မာရီယူပေါလ်မြို့မှ အရပ်သားများကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးရာတွင် လူသားချင်းစာနာမှုကဏ္ဍမှ UN ပါဝင်နိုင်ရေးအတွက် ဂူတာရက်စ် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ UN နှင့် တခြား လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများကို ပဋိပက္ခဇုန်များသို့ ပိုမိုအဆင်ပြေ ချောမွေ့စွာ ဝင်ရောက်နိုင်စေရန် ဦးတည်ထားကြောင်း” ဂျနီဗာမြို့အခြေစိုက် လုံခြုံရေး မူဝါဒ စင်တာမှ ကမ္ဘာလုံးဆိုင်ရာနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးအကြီးအကဲ ဂျင်မက်ခ်ရစ်ကယ်လီ (Jean-Marc Rickli) က ပြော ကြားခဲ့ သည်။

ရုရှားထိုးစစ်ခံထားရသည့် ယူကရိန်း(GETTY IMAGES)

၎င်း၏ ခရီးစဉ်အတွင်း ဂူတာရက်စ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့တို့ကို မော်စကိုမြို့တွင် တွေ့ဆုံမည်ဖြစ်သည်။ သို့သော် ကရင်မလင်နန်းတော်သို့ ဦးစွာသွားရောက်ရန် UN အတွင်းရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သည် ယူကရိန်းနိုင်ငံအတွက်တော့ စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။

“အစကတည်းက ဒီခရီးစဉ်ဟာ ခြေလှမ်းမမှားဘဲ စတင်မှာဖြစ်ပါတယ်။ လူမှုကွန်ရက် မီဒီယာတွေရဲ့ မမှန်သတင်းတွေနဲ့ အသွင်မတူတဲ့ ပတ်ဝန်းကျင်နှစ်ခုကြားထဲမှာ ဂူတာရက်စ်က ဘာမဆိုလုပ်မှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ပဋိပက္ခရဲ့ အစွန်းတစ်ဖက်ဆီမှာ လက်နက်တွေ ကိုင်ထားနေတုန်းမှာ ဝင်ပြောရမယ့်ကိစ္စပါ” ဟု ဂျင်မက်ခ်ရစ်ကယ်လီက ရှင်းပြခဲ့သည်။

ပြီးခဲ့သည့်လ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းကို ဖြေရှင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက စွပ်စွဲပြောကြားခဲ့ သည်။

အလားတူ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC)သည် ၎င်းလုပ်ဆောင်ချက်များ ပျက်ကွက်ခြင်းနှင့် ရုရှားနိုင်ငံသို့ သွား ရောက်ခြင်းတို့ကြောင့် အပြစ်တင် ဝေဖန်ခံရသည်။

ICRC ၏ ဥက္ကဋ္ဌဖြစ်သူ မီတာမော်ရာ (Peter Maurer) သည် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ ဝင်ရောက်ညှိနှိုင်းရန်အတွက် မော်စကိုမြို့၌ ရှိနေခဲ့သည်။

Source: Aljazeera