CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူးလေးဒေသတွင် တပ်မတော်၊ BGF ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေကြောင်း သိရသည်။

မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက တပ်မတော်နှင့် (BGF) ပူးပေါင်းတပ်များသည် ဖလူးလေးဒေသသို့ ဝင်ရောက်ခဲ့ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

ပဒိုစောတောနီးက “ကျနော်တို့လည်း အဲဒီလိုပဲ ကြားရတာပဲလေ၊ မနေ့က တိုက်ပွဲနည်းနည်း ပြန်ဖြစ်တယ်၊ စစ်ကောင်စီတပ် နဲ့ BGF တွေ ပူးပေါင်းပြီးတော့ အဲဒီနေရာထဲဝင်လာတယ် အဲဒီမှာတိုက်ပွဲဖြစ်တာပဲ၊ ပြန်ဆုတ်သွားတာတော့မရှိဘူး။ တိုက်ပွဲ ကတော့ အချိန်မရွေး ဖြစ်နိုင်တာပေါ့၊ တပ်က အရှေ့တန်းမှာ ရုတ်မှမရုတ်ဘဲဆိုတော့ ဟိုသွားဒီသွားဆိုရင်တော့ တိုက်ပွဲဖြစ် မှာပဲလေ၊ သူ့စခန်းထဲမှာ ငြိမ်နေရင်တော့ မပြောတတ်ဘူးလေ၊ ဘာလို့လဲဆိုတော့ သူတို့နေရာတွေက ဝေးတာမှ မဟုတ်ဘဲ” ဟု ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့ကို တွေ့ရစဉ်

လက်ရှိတွင် ဖလူးလေးဒေသတွင် လူဦးရေ ၈၀၀ ခန့်ရှိသည့် တိုက်ပွဲရှောင်စခန်းရှိကြောင်း၊ ထိုင်းနိုင်ငံ သောင်ရင်းမြစ် တစ်ဖက်ကမ်းတွင် ခိုလှုံနေသည့် တိုက်ပွဲရှောင်များလည်း ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ဖားအံမြို့နယ်၊ ဝါးဘိုးတော-ကမမောင်း လမ်းပေါ်တွင် တပ်မတော်နှင့် KNU အကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

ကရင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရက် ၂၀ အတွင်း တပ်မတော်တပ်ဖွဲ့ဝင်များ၊ ကရင်နယ်ခြား စောင့်တပ်(BGF)များနှင့် KNU ၏ လက်အောက်ခံ KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့အကြား ထိတွေ့ တိုက်ခိုက်မှုပေါင်း ၆၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ၏ ထုတ်ပြန်ထားသည်။

KNU နှင့် တပ်မတော်တို့အကြား မြဝတီ၊ သထုံ၊ ဘားအံ၊ ဖာပွန် စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေ ကြောင်း သိရသည်။
KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။