CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၄

မြန်မာနိုင်ငံရေး အကျပ်အတည်းနှင့်ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆိုခွန်း(Prak Sokhonn)ကို ဆက်သွယ်ထားကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်း CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်သည် မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ လာရောက်၍ နစကနှင့်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည့်အတွက် အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး အပစ်ရပ်(၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် PPST ကလည်း ကြိုးပမ်းနေခြင်းဖြစ်သည်။

ရဲဘော်မျိုးဝင်း “အာဆီယံ အထူးကိုယ်စားလှယ်ခရီးစဉ်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တွေ့ဖို့ရှိ လား မရှိလားဆိုတာတော့ ကျနော်တို့လည်း အတိအကျ မသိရသေးဘူး၊ ဒါပေမယ့် ကျနော်တို့ EAOs တွေ ဘက်ကလည်း အာဆီယံ အထူးကိုယ်စားလှယ်ရုံးကို ဆက်သွယ်ပြီးတော့မှ အခြေအနေတွေ သိရှိနိုင်ဖို့ ကျနော်တို့ ကြိုးပမ်းနေတာရှိတာပေါ့ နော်”ဟု ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဉ်တွင် နိုင်ငံရေးအရ သက်ဆိုင်သူအားလုံးကို တွေ့ဆုံဆွေးနွေးရန် လိုအပ်ပြီး မြန်မာ့ နိုင်ငံရေး အခြေအနေအရ လက်တွေ့ကျကျ အဖြေရှာရန်လိုအပ်မည်ဟု ၎င်းက ပြောသည်။

ရဲဘော်မျိုးဝင်း “အခုအခြေအနေမှာတော့ အာဆီယံရဲ့ အထူးကိုယ်စားလှယ် ခရီးစဉ်ဖြစ်လာတယ်ဆိုတဲ့ အနေအထားကတော့ သတင်းတွေကတော့ ကြားပြီးပြီပေါ့၊ အဲလိုကြားသိရပြီးခါမှာ အာဆီယံရဲ့ မူ(၅)ချက်ထဲမှာ ပထမအဆင့်ကတော့ သက်ဆိုင်ရာ အင်အားစုအားလုံးနဲ့ တွေ့ရမယ်ဆိုတဲ့ သဘောထားရှိကိုး၊ အဲဒီအတွက် သက်ဆိုင်ရာ အင်အားစုအားလုံးနဲ့ တွေ့ဖို့အတွက် ကျနော်တို့ PPST ကလည်း တစ်လျှောက်လုံး တိုက်တွန်းခဲ့တာပေါ့နော်။ ဆိုလိုတာက ဗမာပြည် နိုင်ငံရေးပြဿနာကို ဖြေရှင်း တဲ့ နေရာမှာတော့ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်ဆိုတာကလည်း ကျနော်တို့ PPST ရဲ့ မူဖြစ်တာကိုး အာဆီယံအနေနဲ့ ဗမာ ပြည်အရေးနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်နေမယ်ဆိုရင်တော့ Stakeholder အားလုံးရဲ့အသံကို နားထောင်ဖို့ လိုတာပေါ့၊ အမြင် နားထောင်ဖို့ လိုတာပေါ့။ အဲဒါမှ ဗမာပြည်နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့နိုင်ငံရေး လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အဖြေရှာမှု ဖြစ်ရမှာပေါ့”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဝန်ကြီးချုပ်ဟွန်ဆန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

အာဆီယံ အထူးကိုယ်စားလှယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် တွေ့ဆုံလိုကြောင်း နစကထံ တောင်းဆိုထား ကြောင်း သိရသည်။
NUG နှင့် အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံလိုမှု နစကဘက်မှ လိုက်လျောဖွယ်မရှိနိုင်ကြောင်း၊ အထူကိုယ်စားလှယ်၏ ခရီးစဉ်သည် နိုင်ငံရေးအရ သက်ရောက်မှု အားနည်းနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)က ပြော သည်။

ဦးရဲထွန်း “NUG နဲ့တွေ့ဖို့ ခွင့်တောင်းထားတာကတော့ မရလောက်ဘူး၊ NUG ကတော့ အမှန်ကတော့ တိုင်းပြည် ပြင်ပမှာပေါ့ ဗျာ၊ တိုင်းပြည် ပြင်ပမှာဆိုတော့ အဲဒါကို တွေ့တယ်ဆိုရင် သူတစ်ပါး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုး ဖြစ်မယ်၊ အာဆီယံ Charter မှာပါတာက အာဆီယံအသင်းဝင် နိုင်ငံတစ်နိုင်ငံကို အသင်းဝင်မဟုတ်တဲ့ အခြားနိုင်ငံကဖြစ်ဖြစ် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်ဖြစ် အဲဒီလို ထိခိုက်ပျက်စီးအောင် လုပ်တဲ့အဖွဲ့အစည်းနဲ့ မဆက်ဆံရဘူးဆိုတဲ့ ကန့်သတ်ချက်ပေါ့နော် အဲဒါမျိုးရှိတယ်၊ ရှိတော့ NUG နဲ့တွေ့မယ်ဆိုရင် ဘာပဲဖြစ်ဖြစ်တော့ နစကရဲ့ ခွင့်ပြုချက်လိုမှာပေါ့၊ ခွင့်ပြုတဲ့ သဘောတူညီချက်လိုမှာပေါ့ဗျာ၊ အခုအတိုင်းကတော့ NUG နဲ့လည်း တွေ့ခွင့်ပေးမယ်မထင်ပါဘူး” ဟု ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်ပြီး နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

အဆိုပါ ခရီးစဉ်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။