CNI News

၂၀၂၂ ခုနှစ်၊ မတ် ၄

လာမည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကို ဝင်ရောက်ယှဉ်ပြိုင်စေချင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

ပြည်သူလူထု၏ ကိုယ်စားလှယ် အစစ်အမှန်ကို ရွေးကောက်ပွဲနည်းအရ တင်မြောက်နိုင်မှသာလျှင် အနာဂတ် မြန်မာ့နိုင်ငံ ရေးအား ဖန်တီးနိုင်မည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

ဦးထွန်းအောင်ကျော်က “ဒီကာလဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်တရာ အရေးကြီးတဲ့ နိုင်ငံ ရေးလမ်းကြောင်း တစ်ခုပေါ်မှာ ရောက်ရှိနေတယ်၊ အဲဒါကြောင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကလည်း ရွေးကောက် ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းအားဖြင့် ပြည်သူလူထုရဲ့ ကိုယ်စားလှယ် အစစ်အမှန်တွေကို ဥပဒေနဲ့အညီ ရွေးကောက်ပွဲ ကျင်းပပေး ခြင်းအားဖြင့်လည်း ဒါပြည်သူလူထုရဲ့ ကိုယ်စားလှယ် အစစ်အမှန်တွေကို ရွေးကောက် တင်မြောက်နိုင်တယ်၊ အဲဒီလို ကိုယ်စားလှယ် အစစ်အမှန်တွေနဲ့ မှန်ကန်တဲ့‌ ရွေးကောက်ပွဲနည်းအရ တင်မြောက်ထားတဲ့ လူတွေနဲ့သာလျှင် မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးကို ဖန်တီးနိုင်မယ်လို့ ကျနော်တို့ ယူဆတယ်၊ အဲဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းပြည် မှာရှိတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ကိုလည်း ဖြစ်တဲ့နည်းနဲ့ အသင့်တော်ဆုံး နည်းလမ်းတွေနဲ့ ကျနော်တို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် တာဝန်ရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဆောင် ရွက် ပေးသင့်တယ်လို့ တိုက်တွန်းလိုပါတယ် ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

နစက‌မှ ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပါတီငွေစာရင်း စစ်ဆေးခြင်းကို လက်မခံသည့် NLD နှင့် SNLD တို့ကို အရေးယူသွားမည်ဖြစ်ကြောင်း၊ လာမည့် ၂ ပတ်အတွင်း ပါတီစာရင်းများကို အစစ်ဆေးခံရန် ဖေဖော်ဝါရီ ၂၃ ရက်က သတိပေးစာ ပေးပို့ထားကြောင်း သိရသည်။

UEC က “ စစ်ဆေးခံရန် ပျက်ကွက်ခဲ့သော ယင်းပါတီ (၂) ပါတီ၏ စာရင်းများကို နိုင်ငံရေး မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (က)နှင့်အညီ သတ်မှတ်ကာလ (၉-၃-၂၀၂၂) ရက် မတိုင်မီ လာရောက် စစ်ဆေးခံရန်နှင့် ညွှန်းကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (ဂ)၊ (ဃ)၊ (င) တို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံ အကြောင်းကြားသည်”ဟု ပြောသည်။

ယခု အခြေအနေကို UEC နှင့် ညှိနှိုင်းဆောင်ရွက်သင့်သည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဦးအေးသာအောင်နဲ့တခြားသော ခေါင်းဆောင်များကိုတွေ့ရစဉ်

“ UEC လုပ်ထုံးလုပ်နည်း သူ့ဥပဒေကလည်း ဖော်ပြထားပြီး ဖြစ်တယ်လို့တော့ ကျနော်တို့မြင်ပါတယ်၊ ဥပမာ သူရေးထားတဲ့ အတိုင်းပဲ၊ ဒါဆိုင်ငံ့တာတို့ တဆင့်ချင်းတော့ အရေးယူ ဆောင်ရွက်လာမလားဆိုတဲ့ ကိစ္စတွေ၊ နောက်တစ်ခုက ဆိုင်းငံ့ပြီးရင် ဖျက်သိမ်းဆိုတဲ့ အဆင့်ကို UEC ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဘယ်လိုများ ဆက်သွားကြမလဲပေါ့ဗျာ၊ အဲဟာလေးတော့ မြင်မိပါ တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တရားမျှတမှု၊ လွတ်လပ်မှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလားဆိုတော့ ရွေး ကောက်ပွဲဟာ ဝင်မယ်ဆိုလို့ရှိရင် ဒါ UEC နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဒီစစ်ဆေးမှု အပိုင်းမှာလည်း UEC နဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ မြင်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲကိုလည်း လက်မခံဘူး၊ UEC ကိုလည်း လက်မခံဘူး ဆိုရင်‌တော့ ဒါရွေးကောက်ပွဲ မဝင်ဘူးဆိုတဲ့ အဓိပ္ပာယ်ကိုတော့ မြင်တာပေါ့ဗျာ”ဟု ပြောသည်။

NLD ပါတီသည် လူထုထောက်ခံမှု အများဆုံးရရှိထားသည့် ပါတီဖြစ်သလို SNLD သည်လည်း လူထုထောက်ခံမှု၊ သမိုင်းနှင့် ချီကာ ထင်ရှားသည့် နိုင်ငံရေးပါတီဖြစ်ကြောင်း၊ ထိုပါတီများ ရွေးကောက်ပွဲတွင် မပါဝင်နိုင်ပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိရေးတွင် သံသယဖြစ်စရာရှိကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

၎င်းက“ကျနော်တို့ကတော့ အားလုံးကို ပါဝင်စေချင်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ ကလည်း ပြည်သူလူထုရဲ့ ထောက်ခံမှု အများဆုံးရရှိထားတဲ့ ပါတီတစ်ရပ် ဖြစ်တယ်၊ နောက်ပြီးတော့ နိုင်ငံရေးနည်း အရ ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တယ်ဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်ဘူး။ အဲဒီလိုပဲ ရှမ်းပြည်နယ်မှာ SNLD ပါတီ ဆိုတာကလည်း သမိုင်းနဲ့ချီပြီးတော့ အလွန်တရာ ထင်ရှားတဲ့ နိုင်ငံရေးပါတီ တစ်ရပ်ဖြစ်တယ်၊ ပြည်သူလူထု ထောက်ခံ မှု အများဆုံး ရရှိထားတဲ့ ပါတီတစ်ရပ် ဖြစ်တယ်ဆိုတာလည်း မငြင်းနိုင်ဘူး။ အဲဒါကြောင့် ဒီလိုထင်ရှားတဲ့ ပါတီကြီးတွေရဲ့ ရွေးကောက်ပွဲမှာ ပါဝင်မှုဆိုတာ မပါဝင်နိုင်ခဲ့ဘူးဆိုရင် မြန်မာနိုင်ငံတစ်ခုလုံးရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ဖော်ဆောင်တဲ့အခါမှာ နိုင်ငံရေး အင်အားစုတွေ အင်အားလျော့သွားခြင်းအားဖြင့် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်မယ်၊ မရောက်ဘူးဆိုတာကတော့ သံသယ ဖြစ်လာစရာအကြောင်းတွေ ရှိပါတယ်ခင်ဗျ”ဟု ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဂ)တွင် ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့် ပါတီကို UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ သုံးနှစ်အထိ ယာယီရပ်ဆိုင်းနိုင်ကြောင်း ဖော်ပြထားသည်။