CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၃

လက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် မဖြေရှင်းနိုင်ကြောင်း၊ အားလုံးပါ ၀င် ဆွေးနွေးဖြေရှင်းမှသာ ပြေလည်နိုင်မည်ဟု တိုင်းရင်းသားလက်နက်ကိုင်များက ပြောသည်။

လက်ရှိ ပြည်တွင်း ပဋိပက္ခများ ဖြေရှင်းနိုင်ရေးသည် ထိုပုဂ္ဂိုလ်နှစ်ဦးဖြင့် ဖြေရှင်း၍ မရကြောင်း၊ ပါဝင်ပတ်သက်သူ အားလုံး ပါဝင်မှသာ ရလဒ်ကောင်း ထွက်နိုင်မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ နိုင်ငံခြား‌ရေးတာဝန်ခံ ပဒိုစောတောနီးက ပြောသည်။

ပဒိုစောတောနီးက “စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ကျနော်တို့ ရပ်တည်ချက်နဲ့ ကျနော်တို့ ရှေ့ဆက်လုပ်သွားမယ့် လုပ်ငန်း တွေကို‌တော့ ကျနော်တို့ ရှေ့ဆက်ပြီး လုပ်သွားရမယ်လေ၊ အဲတာကြောင့်မို့ ဒီကဆွေးနွေးမယ် မဆွေးနွေးဘူးဆိုတာကတော့ တစ်ကန့်ပေါ့နော်။ ဒါပေမယ့် ပြောချင်တာကတော့ အဲမှာ ဆွေးနွေးတယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်နှစ်ဦး ဆွေးနွေးတာလောက်နဲ့ပဲ ဒီတိုင်းပြည်ရဲ့ အရေးက ဘယ်လိုမှ ပြေလည်နိုင်စရာ အကြောင်းမရှိဘူး။ အထူးသဖြင့် ဒီတိုင်းပြည်မှာရှိတဲ့ ပါဝင်ပတ်သက် သူ အားလုံးက အကုန်လုံးထိုင်လို့ ဆွေးနွေးမှပဲ ဒါက တကယ်ရလဒ်ကောင်း ထွက်လာနိုင်မယ်”ဟု ပြောသည်။

နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ရေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်း ဖြေရှင်း ၍ မရကြောင်း၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေးပါတီများ ပါဝင်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် ၁၀+၁၀ ထိပ်သီးအစည်းအဝေးမှာ ဗိုလ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့ကိုတွေ့ရစဉ်

၎င်းက “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေ၊ နိုင်ငံရေးအခင်းအကျင်း တိုင်းပြည်ရဲ့ အခြေအနေ နောက်ပြီးတော့ တိုင်းပြည်မှာ ပေါ်ပေါက်လာတဲ့ အင်အားစု အသစ်တွေ ရှိပါတယ်။ ဒီနိုင်ငံရေးပြဿနာ၊ တိုင်းပြည်ရဲ့ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းဖို့က စစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တင် မပြီးပါဘူး။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ ရှိပါတယ်၊ တိုင်းရင်းသား အင်အား စုတွေ ရှိပါတယ်၊ နိုင်ငံရေးပါတီတွေ ရှိပါတယ်၊ ဒီနေ့ နိုင်ငံမှာ တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ ဒီနေ့ နိုင်ငံရေးအင်အားစု အသစ်တွေ ရှိပါတယ်။ ဆိုတော့ အဲဒါကြောင့် ကျနော်တို့က ပြောနေတာ အင်းအားစုအားလုံး ပါဝင်ပြီးတော့ ဒီနေ့ရှိနေတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဘယ်လို ကျော်လွှားသွားမလဲ၊ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားရုံတင် မကပဲနဲ့ တည် ငြိမ်တဲ့ နောက်ပြီးတော့ အားလုံးတန်းတူညီတူရှိတဲ့၊ အပြန်အလှန် လေးစားမှုရှိတဲ့ ပြည်ထောင်စုတစ်ရပ်ကို ဘယ်လို တည် ဆောက်ရမလဲဆိုတာကိုတော့ အဓိက အင်အားစု ၃ ရပ်အနေနဲ့ ကျနော်တို့ မြင်ပါတယ်”ဟု ပြောသည်။

အဆိုပါ အင်အားစု (၃)ရပ်မှာ နစက၊ ဒီမိုကရက်တစ် အင်အားစုများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ပါဝင်ရမည်ဟု ရဲဘော်ဆန်နီက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စေ့စပ်ညှိနှိုင်းခဲ့ပါက အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ရောက်ရှိနေသည့် အနေအထားတွင် တန့်သွားလိမ့်မည်ဟု တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အကယ်၍ စစ်ကောင်စီနဲ့ ညှိလိုက်ရင်တော့ ကျနော်ကြည့်တာတော့ NUG တို့၊ PDF တို့ကတော့ ခဏတော့ သူ့ရောက်ရာအရပ်မှာ တန့်သွားမှာပေါ့ဗျာ။ ဘာမှတော့ ပြန်ပြီးတော့ ဖျက်စီးတာတို့၊ ဖျက်သိမ်းတာတို့ လုပ်ဖို့ တော့ မလိုသေးဘူး။ ဒါပေမယ့် ရှိတဲ့အရပ်မှာ ရောက်နေတဲ့နေရာ လုပ်နေတဲ့အလုပ်မှာ ခဏတော့ တန့်သွားမှာပေါ့။ ခဏတော့ လက်ရှိအနေအထားမှာပဲ ခဏထိန်းထားပေါ့ဗျာ၊ အရှေ့လည်းမတိုးနဲ့ အနောက်လည်းမဆုတ်နဲ့ အဲဒီလို ဖြစ်သွားနိုင်တာပေါ့။ ဟိုဘက်က ညှိမယ်ဆိုရင်တော့ ဒီပေါ်ပေါက်လာတဲ့ နောက်ထပ် Stakeholder တွေကိုလည်း နေရာမပေးတာ တောင်မှပစ် ပယ်လို့ မရဘူးဆိုတော့ နည်းနည်းတော့ ရှေ့တိုးပြီးတော့ ဘာမှ မလုပ်နဲ့အုံး လက်ရှိအနေအထားမှာပဲ ခဏထိန်းထားဆိုတဲ့ ဟာမျိုးတော့ သူတို့ ဖြစ်နိုင်တာပေါ့”ဟု ပြောသည်။

ထို့နောက် နိုင်ငံရေး အခင်းအကျင်းအရ ပေါ်ပေါက်လာသည့် အစုအဖွဲ့များကို နေရာမပေးသော်လည်း ပစ်ပယ်ထား၍ မရကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရန် အာဆီယံနှင့် နိုင်ငံတကာက တိုက်တွန်းလျက်ရှိသည်။