CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဟဲဖက်ကျေးရွာအုပ်စု၊ ကွေ့ပေကျေးရွာ နှင့် ပုံစံခမ် ကျေးရွာ အကြားတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် မြန်မာ့တပ်မတော်တို့ ဩဂုတ် ၅ ရက် နေ့လည် ၂ နာရီကျော်အချိန်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့သည်ဟု သိရသည်။
၎င်းဖြစ်ပွားခဲ့သည့် နေရာမှာ SNA ၏ တပ်မဟာ ၉၇၂ နယ်မြေဖြစ်ပြီး ကိုဗစ် -၁၉ တားဆီးရေးများ လုပ်ဆောင် နေစဉ် ထိတ်တိုက်တွေ့ ၍ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း SNA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက CNI သတင်းဌာနကို ပြောသည်။
ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက “ ဟုတ်တယ် မနေ့က နေ့လည်ပိုင်းလောက်က။ ထိခိုက်ကျဆုံးမှုက သူတို့ (တပ်မတော်) ဘက်က နှစ်ယောက် တော့ ထိသွားတယ်။ ဒါဏ်ရာရသွားတာပေါ့လေ။ အဓိကတော့ ဒီဘက်မှာ ကျနော်တို့ တပ်မဟာ ၉၇၂ နယ်မြေ လေ။ ကျနော်တို့ နယ်မြေမှာ ကိုဗစ် - ၁၉ တားဆီးရေးတွေ ကင်းလှည့်ရင်းနဲ့ တချို့ကလည်း အဝင်အထွက်တွေ အဓိကကတော့ အဝင်တွေ လက်မခံတာပေါ့။ အဲတာတွေ စစ်ဆေးနေတဲ့ အချိန်မှာ သူတို့တပ်က ရွှေမျောတွေမှာ ပိုက်ဆံလိုက်တောင်းတဲ့ အဖွဲ့တွေ ထင်ပါတယ်။ နမ့်တောနားမှာ စခန်း ယူထားတဲ့ အဖွဲ့တွေပါ။ ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်နဲ့ ရွှေမျောတွေမှာ ပိုက်ဆံလိုက်တောင်းရင်းနဲ့ ကျနော်တို့အဖွဲ့ နဲ့ အဲမှာထိတွေ့မှု ဖြစ်တာပေါ့ “ ဟု ပြောသည်။
သေနတ်သံများကြားရပြီး စစ်သားတစ်ဦး ဂွေ့ပေရွာအတွင်းသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာကာ ဒဏ်ရာများဖြင့် လဲကျသွားစဉ် ဝိုင်းဝန်း၍ ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း ဂွေ့ပေရွာသားတစ်ဦးက CNI သတင်းဌာနကို ပြောသည်။
“ဖြစ်သွားတဲ့ အနေအထားကတော့ စစ်သားဘက်က အများကြီးလာတဲ့ သဘောတော့ မမြင်ဘူး။ ခြောက်ယောက် လား မသိဘူး၊ လာခဲ့တာပေါ့။ ဟိုဘက်ကလည်း သူတို့ လာနေတဲ့ အချိန်နဲ့ သွားကြုံလို့လားမသိဘူး။ ပုံစံခမ်ကြား နဲ့ ကျနော်တို့ ဂွေ့ပေကြားပေါ့လေ။ ဒီနားတွေ ဖြစ်ကြတာပေါ့။ ဖြစ်ပြီး ဆယ်ချက်ကျော်ကျော်လောက်တော့ ကြား ရတယ်။ ကျနော်တို့ ရွာ အနေအထားအရ။ ကျဆုံးတယ်၊ မဆုံးဘူးဆိုတာတော့ မသိဘူးဗျ” ဟု ဂွေ့ပေရွာခံ တစ်ဦး က ပြောသည်။
တပ်မတော်နှင့် SNA ကြား ပစ်ခတ်မှုတွင် တပ်မတော်ဘက်မှ တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ တစ်ဦးကို နမ့်တောသို့ ပို့ဆောင်နေစဉ် ထပ်မံ သေဆုံးသွားကြောင်း ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။ ဗိုလ်မှူးကြီး ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက “အခုချိန်ကာလတော့ ကျနော်တို့ SNA နယ်မြေထဲမှာ စစ်ရေးအရ လှုပ်ရှားမှုတွေ၊ နောက်ပြီးတော့ ရွှေမျောတွေမှာ ပိုက်ဆံလိုက်တောင်းတဲ့ ကိစ္စတွေ မဖြစ်လာဖို့ အရေးကြီးတယ်။ အဲလိုဖြစ်လာ ပြီဆိုရင် ကျနော်တို့ဘက်ကလည်း ပြန်လည်တုံပြန်မှုတော့ လုပ်ရလိမ့်မယ်” ဟု ပြောသည်။
ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ၁၉၈၉ ခုနှစ်က ဖွဲ့စည်းထူထောင်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်လှုပ်ရှားလျက်ရှိရာကနေ တဖြည်းဖြည်း အင်အားကြီးထွားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။
SNA သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခန္တီး၊ ဟုမ္မလင်း၊ တမူးနှင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်လှုပ်ရှား လျက်ရှိသလို ကချင်ပြည်နယ်အတွင်းက မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ ဟောင်ပါး၊ ဖားကန့် စသည့် ဒေသများတွင်လည်း လှုပ်ရှားနေကြောင်း သိရသည်။
# ဗိုလ်မှူးကြီးဆေစိုင်းထွန်း #SNA #တပ်မတော် #ပစ်ခတ်မှုဖြစ် #ဟုမ္မလင်းမြို့နယ် #ကျန်းမာရေး #စစ်ရေး #CNImyanmar #cninews